Latest News

Friday, July 27, 2018

ဂိုးသမားကောင်း တစ်ယောက်က အသင်း တစ်သင်းအတွက် အရမ်းအရေးပါသူ ဖြစ်နေရမယ် (ပီအက်စ်ဂျီ အသင်း ဂိုးသမားသစ် ဘူဖွန်နှင့်အင်တာဗျူး)

ဂိုးသမားကောင်း တစ်ယောက်က အသင်း တစ်သင်းအတွက် အရမ်းအရေးပါသူ ဖြစ်နေရမယ် (ပီအက်စ်ဂျီ အသင်း ဂိုးသမားသစ် ဘူဖွန်နှင့်အင်တာဗျူး)

-ခင်ဗျားက ဘောလုံးသမားဘဝအစမှာ ကွင်းလယ်ကစားသမားအဖြစ် စတင်ခဲ့တယ်ဆိုတာ အမှန်ပဲလား။ ဘယ်လို ဖြစ်ပြီး ဂိုးတိုင်နှစ်ဖက်ကြားကလူဖြစ်သွားရတာလဲ။

ဟုတ်ပါတယ်။ အမှန်ပါပဲ။ ကလေးတိုင်းက ဘောလုံးကစားရင် ဂိုးသွင်းချင်ကြတာပဲ။ ဂိုးမပေးရအောင် ဂိုးဖမ်းချင် တယ် ဆိုတာထက် ဂိုးသွင်းချင်ကြတာပဲလေ။  ကျွန်တော်လည်း ပထမတော့ ဂိုးသမားမလုပ်ချင်ပါဘူး။ အဖေက လည်း   ရှေ့တန်းကစားသမားပဲ ဖြစ်စေချင်ခဲ့တယ်။ ဒါပေမဲ့ ၁၉၉ဝ ကမ္ဘာ့ဖလားပွဲကို ကြည့်ပြီး ကင်မရွန်း ဂိုးသမားကြီး သောမတ်စ်အန်ကိုနို ဂိုးဖမ်းတာတွေ့ပြီးသူ့လိုဖြစ်ချင်ခဲ့ရာကနေ ဂိုးသမားဖြစ်လာတာပဲ။ အန်ကိုနို က ကင်မရွန်း အသင်းရဲ့ အရေးကြီးတဲ့ ကစားသမား ဖြစ်ခဲ့တာကို ကျွန်တော် သဘောပေါက်ခဲ့တယ်။

-ခင်ဗျားရဲ့အဖေက ဥရောပပြေးခုန်ပစ် ဂျူနီယာချန်ပီယံ ရှစ်ပြိုင်ပွဲမှာ ဒုတိယဆုရခဲ့တဲ့ အားကစားသမားဖြစ်ပြီး အမေက သံလုံးပစ်ချန်ပီယံဖြစ်ခဲ့တယ်။ ဘောလုံးတစ်လုံးကို ဘယ်လိုပစ်ရသလဲ ဆိုတာကို အမေက သင်ပေး ခဲ့ဖူးလား။

အဖေရော၊ အမေရော၊ ညီမတွေရောက သံလုံးပစ် ကြသူတွေချည်းပဲ။ သင်ပေးတယ် ဆိုတာထက် ဆွေးနွေး တိုင်ပင်ကြတယ်လို့ ပြောရမယ်။ အမေက အခုထိ သံ လုံးပစ်မှာ အီတလီနိုင်ငံ စံချိန်တင်ထားနိုင်သူအဖြစ်ရှိ ဆဲပဲ။ အမေကလည်း အားကစားသမားဖြစ်လို့ မိသားစုလိုက် အားကစားစိတ်ဓာတ်တွေ မွေးဖွားရှင်သန်နိုင်ခဲ့ တယ်။ ဒါတွေက ကျွန်တော့်ဘဝကို အထောက်အကူ များစွာဖြစ်စေခဲ့တယ်။

-ကလေးဘဝက ဘယ်သူက ခင်ဗျားရဲ့ သူရဲကောင်းဖြစ် ခဲ့သလဲ။ ဂိုးသမားတွေထဲမှာ ထာဝရအကောင်းဆုံး ဂိုး သမားက ဘယ်သူလို့ ခံယူထားလဲ။

သူရဲကောင်းတွေ အများကြီး ရှိခဲ့တာပေါ့။ တစ်စုံ တစ်ယောက်တည်းကို ရွေးထုတ်ဖို့ခက်ပါတယ်။ အန်ကိုနို ကို ကြိုက်သလို သူ့အသင်းဖော် ရော်ဂျာမီလာကိုလည်း  သူရဲကောင်းလို့ ထင်ခဲ့တာပဲ။ကျွန်တော်က ကင်မရွန်း အသင်းကို ကြိုက်တယ်။ အီတလီအသင်းပြီးရင် ကျွန်တော် ဒုတိယအားပေးတဲ့အသင်းက ကင်မရွန်းပဲ။ တင်းနစ် ကစား ခြင်းကိုလည်း အရမ်းကြိုက်လို့ အီဗန်လန်းဒ်၊ အက်ဒ်ဘာ့ဂ် နဲ့ ရက်ဖ်တာတို့အားလုံးကလည်း ကျွန်တော့်အတွက် သူရဲကောင်းတွေပဲလေ။

-ခင်ဗျား ပါးမားနဲ့ ပရော်ဖက်ရှင်နယ်ဂိုးသမားအဖြစ် ပွဲဦးထွက်မှာ ဂျော့ခ်ျဝီယာ၊ ဘက်ဂီယို၊ ဆာဗီဆီဗစ်ခ်ျတို့ ပါဝင်တဲ့ အေစီမီလန်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဟုတ်ပါသလား။ ဘယ်လိုယုံကြည်မှုတည်ဆောက်ပြီး ကစားခဲ့ရလဲ။

လှပတဲ့ နေ့တစ်နေ့၊ အတွေ့အကြုံကောင်းရခဲ့တဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။  ဒီပွဲက ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး ဒီလိုကမ္ဘာကျော် ဘောလုံးသမားကြီးတွေကို တစ်ဂိုးမှမပေးရအောင်  ကစားနိုင်ခဲ့တယ်။ ချာတိတ် အရွယ်နဲ့    ပွဲဦးထွက်တယ်ဆိုပေမယ့်   ဂိုးသမား တစ်ယောက်ရဲ့   အလုပ်ဖြစ်လို့  ခံစစ်မှူးတွေကို အော်ဟစ်ပြောဆိုမှု တွေ လည်း ရှိခဲ့တယ်။ 

-၂ဝဝ၁ ခုနှစ်မှာ ခင်ဗျားက ပါးမားကနေ ဂျူဗင်တပ်စ်ကို  ဂိုးသမားတွေအနက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၂ ဒသမ ၆ သန်းနဲ့ပြောင်းခဲ့တယ်။ အဲဒီအချိန် က ဂိုးသမားတစ်ယောက်အတွက် ဒီလောက်မတန်ဘူး လို့ဆိုကြ လိမ့်မယ်။ ခင်ဗျားကိုယ်တိုင်လည်း ဒီလောက် များတဲ့ ငွေပမာဏနဲ့ အသင်းပြောင်းခဲ့ရတော့ ဘယ်လိုခံစား ချက်ရှိလဲ။

အရမ်းကျေနပ်စရာ ကောင်းခဲ့တာပေါ့။ ဘာပြဿနာ မှ မရှိပါဘူး။ ဘူဖွန်ဆိုတဲ့ဂိုးသမားတစ်ယောက်ကို ဒီဈေး မျိုးမဟုတ်ဘဲ ပေါင် ၅ သန်းနဲ့ခေါ်တယ်ဆိုလည်း တချို့ က များတယ်လို့ပြောကြမှာပါ။ ဒါပေမဲ့ ဈေးကွက်အခြေ အနေကိုက ဒီလိုဖြစ်တည်လာတာပါ။ ဂိုးသမားကောင်း တစ်ယောက်က အသင်းတစ်သင်းအတွက် အရမ်းအရေး ပါတဲ့သူဆိုတာသိကြမှာပါ။

-လွန်ခဲ့တဲ့ ၁ဝ  နှစ်လောက်က  ခင်ဗျားစိတ်ကျ ဝေဒနာခံစားရပြီး ကွင်းထဲလမ်းလျှောက်ဝင်ဖို့တောင်  ကြောက်ရွံ့တဲ့အထိဖြစ်ခဲ့ရတယ်ဆို။ ဘာကြောင့် အနား မယူဘဲ ဆက်လက်ကစားနိုင်ခဲ့တာလဲ။

ဘယ်သူက ဒီအကြောင်းကို သိခဲ့တာလဲ။ ဒီကိစ္စ ကို ကျွန်တော့်ဘာသာလျှို့ဝှက်နေခဲ့တာပါ။ အရမ်းရင်းနှီး တဲ့သူတချို့နဲ့သာတိုင်ပင်ပြောဆိုမှုရှိခဲ့တာပါ။ အသင်းဖော် တချို့၊ သူငယ်ချင်းတချို့နဲ့သာတိုင်ပင်ပြီး ကုသဖို့ကြိုး စား ခဲ့တယ်။ အနားမယူခဲ့တာက ကျွန်တော့်အပေါ် မှီတည်နေတဲ့အသင်းနဲ့   အသင်းဖော်တွေ   ကျရှုံးတာမျိုး မမြင်ချင်လို့   အနားမယူခဲ့တာပါ။    စိတ်ရောဂါကု  ဆရာဝန်နဲ့ပြသခဲ့ရပေမယ့်  သူငယ်ချင်းတွေရဲ့ အားပေး မှုက အဓိကကျပြီး ဒီဝေဒနာပျောက်ကင်းခဲ့ရတာပါ။

-၂ဝဝ၆  ကယ်လ်စီယိုပိုလီလုပ်ပွဲအရှုပ်တော်ပုံ ကြောင့် ဂျူဗင်တပ်စ်အသင်းရခဲ့တဲ့ ချန်ပီယံဆုပြန်သိမ်းခံရ တယ်။ ဒီလိုအရှုပ်အထွေးတွေကြားက အီတလီအသင်းက  ရုန်းထွက်လွတ်မြောက်ပြီး ၂ဝဝ၆ ခုနှစ်မှာကမ္ဘာ့ဖလား ချန်ပီယံဆု ရခဲ့တယ်လို့ ဆိုကြတယ်။ ဒီအမှုအခင်းကြီးမရှိ  ခဲ့ရင်လည်း ချန်ပီယံဆုရနိုင်မယ်လို့ ခင်ဗျားထင်သလား။

ပရော်ဖက်ရှင်နယ်အဆင့် ကစားသမားတစ်ဦး အနေနဲ့  ကိုယ်ရခဲ့တဲ့အောင်မြင်မှုဆုတွေကို ပြန်သိမ်းခံ ရရင် စိတ်ပျက်ကြ ရမှာပါ။ လုပ်ပွဲအရှုပ်တော်ပုံဖြစ်ခဲ့ ပေမယ့် ၂ဝဝ၆ ခုနှစ်က ကျွန်တော်တို့ ဂျာမနီကို သွားပြိုင် ရတဲ့ ကမ္ဘာ့ ဖလားမှာ  လူတကာရဲ့မေးငေါ့စောင့်ကြည့်တာခံခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံးက ကွင်းထဲမှာ တစ်စုံတစ်ရာထူးခြား ကောင်းမွန်မှုကို ပြသနိုင် ဖို့အတွက် စိတ်ထဲက အလိုလိုဆုံးဖြတ်ထားပြီးသားလို ဖြစ်နေခဲ့ကြ တယ်။ ဗိုလ်စွဲလိမ့်မယ်လို့တော့ အိပ်မက်ခဲ့ ကြတာမဟုတ်ပါဘူး။ ဒါပေမဲ့ အီတလီအသင်း ကမ္ဘာ့ဖလား  ချန်ပီယံ ဆုကြီးရနိုင်ခဲ့တာက ကယ်လ်စီယိုပိုလီ အရှုပ်တော် ပုံကြောင့်ဆိုတာ ငြင်းလို့မရပါဘူး။

-ခင်ဗျား အကောင်းဆုံးကာကွယ်နိုင်ခဲ့တဲ့ဂိုးက ဘယ်ဂိုးဖြစ်မလဲ။၂ဝဝ၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ဇီဒန်းကန်သွင်းတဲ့ ဘောလုံးကို လက်တစ်ဖက်တည်းနဲ့ ကာကွယ် သွားခဲ့တဲ့ ဂိုးဖြစ်မလား။

အကောင်းဆုံး ဟုတ်လား။ ဇီဒန်းကန်ချက်ကို ကာကွယ်နိုင်ခဲ့တာလည်း   တစ်ခုအပါ အဝင်ဖြစ်မှာပါ။ ကျွန်တော့် ကစားသမားဘဝမှာ   ဒီကာကွယ်နိုင်မှုက အရမ်းအရေးပါခဲ့တဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တယ်။ ကစား သမားဘဝ တစ်လျှောက်လုံး အတွက်ဆိုရင်တော့ ဘယ်ဂိုး လဲဆိုတာ မပြောနိုင်တော့ဘူး။

-လုပ်ပွဲအရှုပ်တော်ပုံကြောင့် ဂျူဗင်တပ်စ်အသင်းနဲ့ စီးရီးဘီကို တန်းဆင်းသွားရစဉ်မှာ ဗီအဲရာတို့၊ မိုဗစ်ခ်ျ တို့လို အသင်းက ထွက်သွားခြင်းမရှိဘဲ ဒုတိယတန်းကို ဘာလို့လိုက် ကစားခဲ့ရတာလဲ။

စီးရီးဘီမှာဆင်းကစားရဖို့ အသင်းအပေါ် ပေးဆပ်ချင်တဲ့စိတ်နဲ့ ဆုံးဖြတ်ချက်ချလိုက်တာပါ။  တခြားကစား သမား တွေက  သူတို့ ဆုံးဖြတ်ချက်နဲ့သူတို့ အသင်းက ထွက်တဲ့သူတွေထွက်ကြတယ်။ ဘဝမှာ ကိုယ့် ရွေးချယ်မှုနဲ့ ကိုယ်ရှိကြ တာပါပဲ။ စီးရီးဘီမှာကစားခဲ့ရတာ ကလည်း အတွေ့အကြုံသစ်တစ်ခုရခဲ့တာပါပဲ။ ပျော်စရာလည်း ကောင်းခဲ့ပါတယ်။

-ခင်ဗျား ဘယ်ကစားသမားနဲ့ တစ်ယောက်ချင်း ရင်ဆိုင်ပြီး ဂိုးဖမ်းချင်သလဲ။

သေချာပေါက်ပြောနိုင်တာကတော့    ဘရာဇီး တိုက်စစ်မှူး ရော်နယ်ဒိုကြီးပဲ။ သူကထူးချွန်ပြီး မယုံနိုင်လောက်တဲ့ အရည် အသွေးမျိုးရှိသူပါ။ အီတလီနိုင်ငံ သားတွေထဲကဆိုရင်တော့ ရော်ဘတ်တိုဘက်ဂီယိုပေါ့။

-ကွန်တီကို အသင်းဖော်အဖြစ်နဲ့ အသင်းနည်းပြအဖြစ်ဆို ဘာကိုပိုသဘောကျသလဲ။ ကိုယ်နဲ့အသင်းဖော် အဖြစ် နှစ်ပေါင်း များစွာ ကစားခဲ့ရတဲ့သူတစ်ယောက်က ကိုယ့်နည်းပြဖြစ်လာ တာမျိုးက တစ်မျိုးကြီးဖြစ်မနေဘူးလား။

အသင်းဖော်အနေနဲ့ဆို  ကွန်တီက  အရမ်းကို ထူးချွန်ပြီး အစွမ်းကုန်ပေးဆပ်ကစားတဲ့သူလို့မြင်တယ်။ အခုသူက နည်းပြဖြစ်လာတယ်။ နည်းပြဘဝမှာလည်း သူက ထူးချွန်တဲ့နည်းပြပါ။ သူနည်းပြဖြစ်လာလို့ သူစိမ်း ဆန်သလို မခံစားရပါဘူး။ သူက ကစားသမားဖြစ်ဖြစ်၊ နည်းပြဖြစ်ဖြစ် တစ်ခုတည်းသော စိတ်ဓာတ်ပြင်းပြမှုနဲ့ အလုပ် လုပ်တာပါ။

-ပီယာလိုက ပြောဖူးတယ်။ ဂျူဗင်တပ်စ်အသင်းမှာ အန္တရာယ်အများဆုံးက အဝတ်လဲခန်းတဲ့။ ကွန်တီနည်းပြ လုပ်တုန်းက ပထမပိုင်းအပြီး အသင်းကို မကျေနပ်တာ တွေ၊ မှာကြားချင်တာတွေပြောရင် အဝတ်လဲခန်းတံခါး ကို  ကန်ပြီးပြောတတ်တယ်ဆို။  ကွန်တီနဲ့ကာပယ်လို ဘယ်သူပိုကြောက်ဖို့ကောင်းလဲ။

နည်းပြတစ်ယောက် အနေနဲ့ သူ့မှာရှိတဲ့ ခွန်အားတွေကို ကစားသမားတွေဆီ ပြောင်းလဲစီးဝင်ဖို့ လုပ်ရတာပဲ။ ကွင်းထဲမှာ  သူဖြစ်စေချင်တဲ့စိတ်  ဇောနဲ့ပြောဆိုလုပ်ဆောင်တာပါ။ သူကပိုငယ်တော့ ကာပယ်လိုထက် ပိုဒေါသ ကြီး တာပေါ့။

-ယူရို ၂ဝ၁၂ ကွာတားဖိုင်နယ်မှာ အင်္ဂလန်နဲ့ ပယ်နယ်တီ အဆုံးအဖြတ်ခံယူဖို့ ရှိလာတော့ ဒိုင်က ခေါင်းပန်းလှန် နေစဉ် ခင်ဗျားက အင်္ဂလန်အသင်း ခေါင်းဆောင် ဂျာရတ်မျက်နှာနားကို လက်နဲ့ ရိုက်ဟန်ပြင်ပြီး စခဲ့တာမှတ် မိတယ်။ ပယ်နယ်တီ အဆုံးအဖြတ်ခံယူခါနီး ဒီလောက် စိတ်အေးသက်သာ ရှိနေခဲ့တာလား။

အင်္ဂလန်နဲ့မှ မဟုတ်ဘူး။ ပယ်နယ်တီအဆုံးအဖြတ် ခံယူရတဲ့ပွဲတိုင်းမှာ ဘယ်လိုလုပ် စိတ်က အေးဆေးသက် သာရှိနိုင်မလဲ။ ပယ်နယ်တီမှာ နိုင်ဖို့ ၅ဝ ရာခိုင်နှုန်းရှိသလို ရှုံးဖို့လည်း ၅ဝ ရာခိုင်နှုန်းရှိတယ်။ ဒါပေမဲ့ ကျွန်တော် ပယ်နယ်တီကန်တိုင်း တစ်ဂိုး ဒါမှမဟုတ် နှစ်ဂိုးလောက်တော့  ဖမ်းနိုင်မယ်လို့  ယုံကြည်ချက်ရှိသူပါ။ 

-အီတလီအသင်းတွေက အခုနောက်ပိုင်း ချန်ပီယံလိဂ်မှာ အောင်မြင်မှုမရတော့ဘူး။ လာလီဂါနဲ့ ပရီးမီးယား လိဂ် နောက်ကို ရောက်နေခဲ့ပြီလား။

အမှန်ပါပဲ။  စီးပွားရေးအရ  အီတလီဘောလုံး လောက  ကျဆင်းလာနေတာပါ။  ငွေကြေးပြဿနာက  ချက်ချင်း ဖြေရှင်းလို့ မရနိုင်ပေမယ့် တစ်ချိန်ချိန်မှာ ပြန်ကောင်းလာမယ်လို့ ယုံကြည်နေပါတယ်။

ဇေယျာ

No comments:

Post a Comment