Latest News

Sunday, July 15, 2018

အမာမြို့တွင် နှစ်ရက်အတွင်း ပင်လယ်ဒီရေလှိုင်းမြင့်တက်တိုက်စားမှုကြောင့် နေအိမ် ၂၉ လုံး ပြိုကျ

အမာမြို့တွင် နှစ်ရက်အတွင်း ပင်လယ်ဒီရေလှိုင်းမြင့်တက်တိုက်စားမှုကြောင့် နေအိမ်  ၂၉ လုံး ပြိုကျ

ဖျာပုံ   ဇူလိုင်   ၁၅

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံ မြို့နယ် အမာမြို့တွင် ဇူလိုင် ၁၄ ရက်နှင့် ၁၅  ရက်  နှစ်ရက်ဆက် ပင်လယ်ဒီရေ  အဆမတန်မြင့်တက်လာခြင်းနှင့် မိုးသည်း ထန်စွာ ရွာသွန်းခြင်းတို့ကြောင့်  ပင်လယ် ဒီရေလှိုင်းများ     တိုက်စားကာ   ကျေးရွာ များမှ လူနေအိမ်၂၉ လုံး ပြိုကျပျက်စီး ခဲ့ကြောင်း သိရသည်။

ဇူလိုင်    ၁၄   ရက်   မွန်းလွဲပိုင်းတွင် ဒေါ်ညိမ်းကျေးရွာအုပ်စု သရက်ပင်ဆိပ် ကျေးရွာမှ နေအိမ်နှစ်လုံး၊ ဘုရားလေးစု ကျေးရွာမှ     နေအိမ်နှစ်လုံး၊    ခါးပြတ် ကျေးရွာမှနေအိမ်တစ်လုံး၊ အောင်လှိုင် ကျေးရွာမှနေအိမ်ခြောက်လုံး စုစုပေါင်း နေအိမ် ၁၁ လုံး ပြိုကျပျက်စီးခဲ့ပြီး ညနေ ၃ နာရီခွဲတွင် နောက်မီးကျေးရွာအုပ်စု မင်္ဂလာသောင်တန်းကျေးရွာမှ နေအိမ် ငါးလုံး စုစုပေါင်း ၁၆ လုံး ပြိုကျပျက်စီးခဲ့ ကြောင်း   သိရသည်။   ဇူလိုင်   ၁၅   ရက် မွန်းလွဲပိုင်းက ဘုရားလေးစုကျေးရွာတွင် နေအိမ် လေးလုံး၊ အေးကုန်းကျေးရွာတွင် နေအိမ် ငါးလုံး၊ အောင်လှိုင်ကျေးရွာတွင် နေအိမ်သုံးလုံး၊       ခါးပြတ်ကျေးရွာတွင် နေအိမ်နှစ်လုံး၊ နောက်မီးကျေးရွာတွင် နေအိမ်တစ်လုံး စုစုပေါင်း ၁၃ လုံး ပြိုကျ ခဲ့ပြီး အိမ်ထောင်စု  ၁၃ စုမှ လူ ၄၄ ဦး ဘေးသင့်ခဲ့ကာ  နှစ်ရက်အတွင်း လူဦးရေ  ၁၁၄  ဦးခန့်မှာ  ဆွေမျိုးများနေအိမ်သို့  ပြောင်းရွှေ့ထားကြောင်း            အမာမြို့  အုပ်ချုပ်ရေးမှူး            ဦးရွှေစိုးဟန်ထံမှ သိရသည်။

ပင်လယ်ဒီရေ မြင့်တက်လာမှုကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့သော်လည်း လူနှင့်တိရ္ဆာန်များ ထိခိုက်ဒဏ်ရာရမှု မရှိ ကြောင်းနှင့်    အမာမြို့အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်    ကျေးရွာအုပ်ချုပ်ရေး မှူးအဖွဲ့က        အချိန်နှင့်တစ်ပြေးညီ    စောင့်ကြည့်နေကြောင်း သိရသည်။     
 
ကျော်စိုးမိုး၊ ဓာတ်ပုံ-ဝင်းမြင့်အောင်(ပြန်-ဆက်)

No comments:

Post a Comment