Latest News

Sunday, July 29, 2018

နန်းမြို့တွင်းမှ လေ့လာစရာ ရတနာပုံခေတ် မြန်မာ့စက်မှုခေတ်ပြောင်းသင်္ကေတ ဒင်္ဂါးသွန်းစက်ရုံ

နန်းမြို့တွင်းမှ လေ့လာစရာ ရတနာပုံခေတ် မြန်မာ့စက်မှုခေတ်ပြောင်းသင်္ကေတ ဒင်္ဂါးသွန်းစက်ရုံ

မြန်မာနိုင်ငံတွင်   အတိတ်ကာလမှသမိုင်းကြောင်း ယဉ်ကျေးမှု များစွာဂုဏ်ယူဖွယ်တည်ရှိပြီး လေ့လာစရာ များစွာရှိသည်။ လက်ရှိခေတ်တိုးတက်မှုများသည်လည်း  စိတ်ဝင်စားစရာကောင်းသလိုပင်   ရှေးခေတ်မှလူနေမှု ပုံသဏ္ဌာန်ယဉ်ကျေးမှုမှအစ အသုံးအဆောင်၊ အဆောက် အအုံများသည် စိတ်ဝင်စားဖွယ်ကောင်းလှသည်။ သမိုင်း ဝင်ပစ္စည်းတစ်ခုသည် ထိုနိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော အဖိုးတန်ရတနာဟုပင် ညွှန်းဆိုနိုင်သည်။ နိုင်ငံသားတိုင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာ မိမိတိုင်းပြည်၏ ဂုဏ်ကိုမြှင့်တင်သင့်လှသည်။

မန္တလေးမြို့သည်  မြန်မာမင်းများ၏  နောက်ဆုံး      မင်းနေပြည်ဖြစ်ခဲ့သလို လေ့လာမကုန်နိုင်သော သမိုင်းဝင် ပစ္စည်းများ ရှေးဟောင်းအဆောက်အအုံများစွာ၊ ဘုရား   စေတီများစွာကို ယနေ့တိုင်ဖူးမြင်နိုင်သည်။မန္တလေးမြို့ တွင်ရှိသော  ယဉ်ကျေးမှုဆိုင်ရာ   အမွေအနှစ်များတွင် နိုင်ငံတကာမှ  ခရီးသွားဧည့်သည်များ  အထူးအံ့သြစွာ လေ့လာသောအရာမှာ  ကျုံးမြို့ရိုးနှင့်   မြနန်းစံကျော် ရွှေနန်းတော်ပင်ဖြစ်သည်။ မြနန်းစံကျော်ရွှေနန်းတော်ဘေး ရွှေမြို့တော်အတွင်းတွင် လေ့လာစရာ များစွာရှိသည်။ စွယ်တော်စင်၊ ပဟိုရ်စင်၊ မင်းတုန်းမင်း အုတ်ဂူပြာသာဒ်၊ ကျောက်စာရုံနှင့်တကွ အခြားလေ့လာစရာ များစွာရှိသည်။ ထိုလေ့လာစရာများစွာထဲတွင် ရတနာပုံ ခေတ်မြန်မာ့စက်မှု ခေတ်ပြောင်းလဲမှု သင်္ကေတတစ်ခုအဖြစ် ကျန်ရှိနေသော စက်ရုံတစ်ရုံရှိသည်။  ထိုစက်ရုံမှာ  ပဉ္စမသင်္ဂါယနာတင်  မင်းတုန်းမင်းနှင့်  အိမ်ရှေ့စံ  ကနောင်မင်းသားကြီးတို့တည်ခဲ့ သော ဒင်္ဂါးသွန်းစက်ရုံပင်ဖြစ်သည်။

ရတနာပုံခေတ် စက်မှုနည်းပညာတိုးတက်မှု  ကနောင် မင်းသားကြီး၏ အားထုတ်ကြိုးပမ်းမှု နိုင်ငံခြားပညာတော် သင်စေလွှတ်မှုနှင့် ရေမြှုပ်ဗုံး စမ်းသပ်အောင်မြင်ခဲ့မှုများနှင့် စက်ရုံများစွာ တည်ထောင်ခဲ့မှုသင်္ကေတများမှာ ယနေ့တိုင် တည်ရှိနေသည်။ လက်ရှိကာလ  မန္တလေးနန်းမြို့အတွင်း လေ့လာနိုင်သော သမိုင်းဝင်ဒင်္ဂါးသွန်းစက်ရုံကို သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် အိမ်ရှေ့စံ ကနောင်မင်းသားကြီးကိုယ်တိုင်ကြီးကြပ်ကာတည်ဆောက်ခဲ့သည်။ သက္ကရာဇ်  ၁၂၂၇ ခုနှစ်တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့တွင် ပြီးစီးခဲ့သည်။ ဒင်္ဂါးသွန်းစက်ရုံကို သက္ကရာဇ် ၁၂၂၇ ခုနှစ်တန်ဆောင်မုန်း လပြည့်ကျော် ၉ ရက်စနေနေ့ ၁၁-၁၁-၁၈၆၅ နံနက်ပိုင်း တွင် အမြောက်သုံးချက်ပစ်ဖောက်ကာ ဖွင့်လှစ်ခဲ့သည်။

ဒင်္ဂါးသွန်းစက်ရုံမှ ဒေါင်းဒင်္ဂါး၊ ဒေါင်းပိုက်ဆံ၊ မူးစေ့၊ မတ်စေ့၊ ပဲစေ့နှင့် ရွှေဒင်္ဂါးတို့ကို ထုတ်လုပ်သည်။ ရွှေဒင်္ဂါး စက်ကိုမူ အင်္ဂလိပ်ကုန်သည်ကြီး ဝီလျံဝါလစ်က ပြင်သစ်မှ မှာယူပေးခဲ့ကြောင်း  သိရသည်။  အဆောက်အအုံမှာ      အုတ်အင်္ဂတေတို့ဖြင့် တည်ဆောက်ထားသည်။ ခေါင်းတိုင် နှင့်တကွ အခန်းခုနစ်ခန်းပါကာ  ထောင့်မှန်စတုဂံပုံ အဆောက်အအုံပင်ဖြစ်သည်။ အခန်းများမှာ လုပ်ငန်းစဉ် အလိုက် ငွေအရည်ကျိုခန်း၊ သတ္တုရောစပ်ခန်း၊ ပုံနှိပ်ခန်း အဖြစ်  စနစ်တကျခွဲထားသည်။  လက်ရှိကာလတွင် ရတနာပုံခေတ်လက်ရာ ဒင်္ဂါးသွန်းစက်ရုံကိုမန္တလေးနန်းမြို့ အတွင်း ယနေ့တိုင်လေ့လာနိုင်ကြောင်း သိရသည်။

နွေနဒီ၊ မြစ်ငယ်

No comments:

Post a Comment