Latest News

Sunday, July 29, 2018

သင်္ကြန်အလွန် သုံးလတာအတွင်း ပေါ်ကျွဲဆန်ဈေးနှုန်း အမြင့်ဆုံးတက်

သင်္ကြန်အလွန် သုံးလတာအတွင်း ပေါ်ကျွဲဆန်ဈေးနှုန်း အမြင့်ဆုံးတက်

ရန်ကုန်ဆန်ဈေးကွက်တွင် သင်္ကြန်အလွန်သုံးလတာအတွင်း ဆန်ကြမ်း၊ ဆန်ချော ဈေးနှုန်းများ မြင့်တက်လာရာတွင် ပေါ်ကျွဲဆန်သည်ဈေးနှုန်းမြင့်တက်မှု အများ ဆုံးဖြစ်ခဲ့သည်ဟု ဘုရင့်နောင်ပွဲရုံ အသောကလမ်းမှ ဆန်ကုန်သည် ကိုဝင်းနိုင် က ပြောသည်။

၂ဝ၁၈ ခုနှစ် သင်္ကြန်အလွန် ပေါ်ကျွဲဆန်တစ်အိတ်လျှင် ၃ဝဝဝဝ ကျပ် ဝန်းကျင်ရှိရာမှ ဇူလိုင်လကုန်ပိုင်းတွင်  ၄ဝဝဝဝ ကျပ်ဝန်းကျင်အထိ ဈေးနှုန်း  မြင့်တက်လာသည်။ ၁၉၇ဝ ပြည့်နှစ်ဝန်းကျင် နိုင်ငံတော်မှ ဆန်စပါးလုပ်ငန်းများ လုပ်ကိုင်ခဲ့ချိန် မီးဒုံး(အရပ်အခေါ်ကောက်ကြီး) အမျိုးအစားသည် အခြား ဧည့်မထ  ငကျွဲစပါးအုပ်စုဝင် စပါးအမျိုးအစားအကြား  ဈေးနှုန်းအားဖြင့် ကြားအဆင့်တွင် ရှိခဲ့သည်။

ဆန်စပါးလုပ်ငန်းများကို   ပုဂ္ဂလိကများလုပ်ကိုင်ခွင့်ရချိန်တွင်မူ  မီးဒုံး အမည်အစား ပေါ်ကျွဲဟု ပြောင်းလဲသုံးနှုန်းလာသည်။ အချို့ဆန်ရောင်းဝယ် သူများကမူ ပေါ်ဆန်းလတ်ဟု သုံးနှုန်းပြောဆိုသည်။  ဆန်စပါးဈေးကွက်တွင်    စိုက်ပျိုးထွက်ရှိမှုနည်းပြီး ဆန်ဈေးကွက်တွင် ပေါ်ဆန်းလတ်ဟုပြောဆိုရောင်းချနိုင်၍ ယခုနှစ်သင်္ကြန်အလွန် သုံးလတာအတွင်း  ဈေးနှုန်းမြင့်တက်မှုအများဆုံး ဆန်အမျိုးအစားဖြစ်လာသည်ဟု ပိတောက်လမ်း ဆန်ရောင်းဝယ်သူကိုဝင်းဇော်က ဆိုသည်။

ပြည်တွင်းဆန်ဈေးကွက်တွင်  အခြေခံလူတန်းစားများစားသုံးမှုများပြီး ပြည်ပပို့ဆန်ဖြစ်ကာ ဆန်ကြမ်းအုပ်စုများဖြစ်သော  မိုးဆန်ကြမ်းနှင့်  နွေဆန် ကြမ်းဈေးနှုန်းများသည် သင်္ကြန်အလွန်ဧပြီလကုန်ပိုင်းမှ ဇူလိုင်လကုန်ပိုင်းအတွင်း ဈေးနှုန်းအတက်၊ အကျဖြစ်နေရာ ယင်းကာလအတွင်း ဈေးနှုန်းကွာခြားခြင်းမှာ ဆန်တစ်အိတ်လျှင် ကျပ် ၁၅ဝဝ-၂ဝဝဝ အတွင်းသာရှိခဲ့သည်။ အနိမ့်ဆုံး ဈေးနှုန်းမှာ ၂၁ဝဝဝ-၂၁၅ဝဝ ကျပ်မှ ၂၃ဝဝဝ-၂၃၅ဝဝ ကျပ်အတွင်း ဈေးနှုန်း အတက်အကျရှိခဲ့သည်။

စိုက်ပျိုးမှုအများဆုံးရှိခဲ့သော မိုးဆန်ကြမ်းမှာမူတစ်အိတ်လျှင် သင်္ကြန် အလွန် ကျပ် ၂၅ဝဝဝ ဝန်းကျင်ရှိရာမှ ဇူလိုင်လကုန်ပိုင်းတွင် ကျပ် ၂၇ဝဝဝ  ဝန်းကျင်ရှိသည်ဟု သိရသည်။ ပေါ်ဆန်းမှာ ပြည်တွင်းတွင် စိုက်ဧက ၁၃ သိန်းဝန်းကျင်ရှိပြီး တစ်ပြည်လုံးတွင် စပါးစိုက်ဧကပေါင်း ၁၇၉ သိန်း ရှိသည် ဟုသိရသည်။ နွေစပါးစိုက်ပျိုးမှုသည် မိုးစပါးစိုက်ပျိုးခြင်း၏ ၂ဝ ရာခိုင်နှုန်းဝန်း ကျင်သာရှိသည်ဟု သိရသည်။

ဒီဇင်ဘာလဝန်းကျင်      ဆန်ဈေးကွက်သို့စတင်ဝင်ရောက်လာသော ပေါ်ဆန်းဆန်ကို ပေါ်ဆန်းယဉ်ဟု ခေါ်ဝေါ်သည်။ အသက်အရွယ်ကြီးသူများမှာ ပေါ်ဆန်းယဉ်စားသုံးခြင်းနည်းပြီး ပေါ်ဆန်းအဟောင်းဆန်သာ စားသုံးမှုများ သည်။ ပေါ်ဆန်းယဉ်နှင့် ပေါ်ဆန်းအဟောင်းဈေးနှုန်းတို့သည် ဒီဇင်ဘာလဆန်း  ပိုင်းတွင် တစ်အိတ်လျှင် ကျပ် ၈ဝဝဝ-၁ဝဝဝဝ ကွာခြားမှုရှိတတ်သည်။

သင်္ကြန်အလွန်ကာလ ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် ကျပ် ၅၂ဝဝဝ  -၅၃ဝဝဝ နှုန်းရှိရာမှ  ယခုဇူလိုင်လကုန်ပိုင်းတွင်  ကျပ် ၅၇ဝဝဝ-၅၈ဝဝဝ  နှုန်းရှိလာသည်။ အကြမ်းဖျင်းရွှေဘိုပေါ်ဆန်းဆန်ထက်တစ်အိတ်လျှင် ကျပ်   ၁ဝဝဝဝ  ဝန်းကျင်ဈေးနှုန်းနည်းတတ်သော ပုသိမ်မြောင်းမြပေါ်ဆန်းဆန်များ၊ ဒေးဒရဲပေါ်ဆန်းကျားပျံ(ပေါ်ဆန်းတောင်ပျံ)  ဆန်ဈေးနှုန်းတို့သည် သင်္ကြန် အလွန်တွင်  တစ်အိတ် ကျပ် ၄၂ဝဝဝ ဝန်းကျင်ရှိပြီး ဇူလိုင်လကုန်ပိုင်းတွင် ကျပ် ၄၇ဝဝဝ နှုန်းရှိသည်ဟု သိရသည်။

ဖျာပုံပေါ်ဆန်းဆန်မှာ သင်္ကြန်အလွန်တစ်အိတ် ကျပ် ၃၈ဝဝဝ ဝန်းကျင်ရှိ ရာမှ ဇူလိုင်လကုန်ပိုင်းတွင် ကျပ် ၄၄ဝဝဝ ဝန်းကျင်သို့  ဈေးတက်လာသည်။

မြစ်ဝကျွန်းပေါ် ဒေသဆန်စပါးအများအပြားထွက်ရှိရာမြို့များရှိ ဆန်စက် လုပ်ငန်းရှင်များ၊ စပါးကုန်သည်များ လက်ဝယ်လှောင် စပါးကြမ်းများရှိသေး သည်။ ဈေးနှုန်းအမြင့်ကိုစောင့်နေရာ ပြည်ပပို့ဆန်များအနက်  ပင်လယ်ရေ ကြောင်းဖြင့် တင်ပို့ခြင်းထက် မူဆယ်နယ်စပ်ပို့ဆန်ဈေးကွက်တွင် ဈေးနှုန်းပိုရ  တတ်သော်လည်း ပုံမှန်အရောင်းအဝယ်သာရှိနေသည်။ သို့ဖြစ်ရာဇူလိုင်လ ကုန်ပိုင်း ဆန်ကြမ်းဈေးအနည်းငယ်ကျပြီး ဆန်ချောဈေးအနည်းငယ်မြင့်တက် နေသည်ဟု သိရသည်။

ပေါ်ဆန်းစပါးသစ်သည်မိုးစိုက်စပါးကြမ်းထက်  နှစ်လဝန်းကျင်နောက် ကျ၍ရိတ်သိမ်းရခြင်း၊   ပေါ်ဆန်းယဉ်ဆန်သစ်ထွက်ပေါ်ချိန်  ပေါ်ဆန်းဆန် အဟောင်းစားသုံးမှုများနေသေးခြင်းတို့ကြောင့် ပေါ်ဆန်းစပါးလှောင်ထားသူ များအနေဖြင့်  စပါးကြမ်းလှောင်သူများထက် ဆန်ဈေးနှုန်းတက်ချိန်ကို နှစ်လ ဝန်းကျင်ပို၍ စောင့်ချိန်ပိုရသည်ဟု ဆန်ကုန်သည်တစ်ဦးက ဆိုသည်။

ယခုနှစ်သင်္ကြန်အလွန်မှ ယနေ့အထိ သုံးလတာကာလအတွင်းဆန်ကြမ်း ဈေးနှုန်းများသည် အတက်အကျရှိသော်လည်း ပေါ်ကျွဲပေါ်ဆန်း၊ ဆန်ဈေးနှုန်း များမှာအကျမရှိဘဲ အတက်သာရှိနေသည်ဟုသိရပြီး ပေါ်ကျွဲဆန်တစ်အိတ်လျှင် ကျပ်တစ်သောင်းဝန်းကျင်၊ ပေါ်ဆန်းဆန်တစ်အိတ်လျှင် ကျပ်ငါးထောင်ဝန်းကျင်၊ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်နှစ်ထောင်ကျပ်ဝန်းကျင်နှုန်းမြင့်တက်လာသည် ဟု သိရသည်။                                           

မောင်စေအောင်

No comments:

Post a Comment