ကယ်ထုတ်နိုင်ပြီ
ချင်းရိုင် ဇူလိုင် ၁ဝ
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ရှိ ထမ့်လွမ်လိုဏ်ဂူထဲတွင် ပိတ်မိနေခဲ့သည့် ကျောင်းသားလူငယ်ဘောလုံးသမား ၁၂ဦးနှင့် ၄င်းတို့၏ အသက် ၂၅ နှစ်ရှိ လက်ထောက်ဘောလုံးနည်းပြဖြစ်သူတို့အပါအဝင် စုစုပေါင်း ၁၃ဦးလုံးကို ဂူအပြင်ဘက်သို့ အောင်မြင်စွာ ကယ်ထုတ်လာနိုင်ခဲ့ပြီဖြစ်ကြောင်း ထိုင်းရေတပ်က သတင်း ထုတ်ပြန်သည်။
ထပ်မံကယ်ထုတ်နိုင်
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ရှုပ်ထွေးလှသည့် ဂူအတွင်းကယ်ဆယ်မှုများကို ထိုင်းရေတပ်က ဦးဆောင်ပြီး ပထမနေ့အဖြစ် ဇူလိုင် ၈ ရက်တွင် လေးဦး၊ ဒုတိယမြောက်နေ့အဖြစ် ဇူလိုင် ၉ ရက်တွင် နောက်ထပ် လေးဦးနှင့် တတိယနေ့အဖြစ် ဇူလိုင် ၁ဝ ရက်တွင် ငါးဦးကို ထပ်မံကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းများအရ သိရသည်။
ယမန်နေ့များက ကယ်ထုတ်ခဲ့သော ကလေးရှစ်ဦးအနက် နှစ်ဦးတွင် အဆုတ်တွင်း ပိုးဝင်နေကြောင်း ထိုင်းကျန်းမာရေးဌာန အတွင်းဝန် Jedsada Chokdumrongsuk က ယနေ့နံနက်ပိုင်းတွင် သတင်းထောက်များကို ပြောသည်။
''တောဝက်အသင်းမှ ကျောင်းသားလူငယ် ဘောလုံးသမား ၁၂ ဦးနှင့် နည်းပြတို့ကို ဂူအပြင်ဘက်သို့ ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ၄င်းတို့အားလုံး အန္တရာယ်ကင်းကြောင်း'' ထိုင်းရေတပ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ထိုင်း နိုင်ငံမှ ၄ဝ ဦးနှင့် အခြားနိုင်ငံများမှ ၅ဝ ဦးအပါအဝင် စုစုပေါင်း ရေငုပ်ကျွမ်းကျင်သူ ၉ဝ ဦးတို့သည် ထမ့်လွမ် လိုဏ်ဂူထဲတွင် ပိတ်မိနေသော ကျောင်းသားလူငယ်ဘောလုံးသမားလေးများနှင့် ၄င်းတို့၏ နည်းပြတို့ကို ဂူအပြင်ဘက်သို့ အောင်မြင်စွာ ကယ်ထုတ်နိုင်ရေး အခြားသော ကယ်ဆယ်ရေးသမားများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် Narongsak Osottanakorn က ပြောသည်။
ဆေးရုံတွင် ခုနစ်ရက်ကြာ နေထိုင်ရဦးမည်
ဂူအပြင်ရောက်ရှိနေသော ကျောင်းသားလူငယ် ဘောလုံးသမားများကို ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်းနှင့် ကျန်းမာ ရေးဆိုင်ရာ ကုသမှုများပြုလုပ်ရဦးမည့်အပြင် ကယ်ထုတ်လာသော ကလေးငယ်များ ရောဂါပိုးကူးစက်မခံရရေး မိသားစုနှင့် သီးသန့်ခွဲထားမည်ဖြစ်ကြောင်း သိရပြီး ၄င်းတို့သည် ဆေးရုံတွင် အနည်းဆုံး ခုနစ်ရက်ကြာ နေထိုင်ရဦးမည်ဖြစ် သည်။
MMAL
No comments:
Post a Comment