Latest News

Monday, July 30, 2018

ဘိလပ်ပြည်သား မြန်မာ့သူရဲကောင်း

ဘိလပ်ပြည်သား မြန်မာ့သူရဲကောင်း


ME (ယူကေ)

ယမန်နေ့မှအဆက်

တိုက်ပွဲအပြီး အထက်အရာရှိကြီးများ၏ အစီရင်
ခံစာများတွင် ရန်သူနှင့် ယှဉ်ပြိုင်တိုက်စစ် ဆင်နွှဲရာ၌
ဗိုလ်ကြီး Vertannes ၏ တိုက်ပွဲအတွင်း လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝမှု၊ စွမ်းရည်သတ္တိ ထွန်းတောက်မှုတို့
အပေါ် ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် မှတ်တမ်းတင် ဖော်ပြခြင်း ခံခဲ့ရသည်။ ထို့နောက် ဒုတိယ ဗိုလ်မှူးကြီး နော်တောင် လက်ထက်တွင် ဒုတပ်မမှူးအဖြစ် ရာထူး
တိုးမြှင့်ခြင်း ခံခဲ့ရသည်။

မြောက်ပိုင်းတိုင်း   စစ်ဌာနချုပ်၏  အရန်တပ်ရင်း
အဖြစ်  နယ်မြေရှင်းလင်းရေးများ   ခြောက်လကြာ
ဆောင်ရွက်ခဲ့ပြီးနောက် မြန်မာပြည်မြောက်ပိုင်းအတွက်
ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ရေနံဆီ အထောက်အပံ့များ
ရယူရန် ၁၉၄၉ ခုနှစ်  ဇူလိုင်လတွင် ချောက်မြို့ရှိ မြန်မာ့
ရေနံကုမ္ပဏီ ဌာနချုပ်သို့ ကချင်သေနတ်ကိုင်တပ်ရင်း (၃)မှ တပ်ခွဲ တစ်ခွဲနှင့်အတူ သွားရောက်ခဲ့သည်။

ချောက်မြို့မှအပြန်

လောင်စာဆီများ သယ်ဆောင်လာရသော ဗိုလ်မှူး
Vertannes ၏ တပ်ဖွဲ့မှာ   ချောက်မြို့မှ  အပြန်တွင်
ဗမာပြည်ကွန်မြူနစ်ပါတီအဖွဲ့နှင့်    ထိပ်တိုက်ရင်ဆိုင်
တွေ့ကြရသည်။ ဗိုလ်မှူး၏ တပ်ဖွဲ့မှာ  တိုက်ပွဲတွင် အနိုင်ရရှိကာ မြင်းခြံမြို့အား ရန်သူ့လက်မှ  ပြန်လည် သိမ်းယူနိုင်ခဲ့သည်။

ထိုစဉ် ဗမာ့သေနတ်ကိုင်တပ်ရင်း(၁) မှာ ရှမ်းပြည်
တောင်ပိုင်းရှိ တောင်ကြီးမြို့ကို  ပြန်လည်သိမ်းပိုက်ရန် စစ်ဆင်ရေးများ ဆင်နွှဲနေချိန်ဖြစ်သည်။ များမကြာမီ
ကချင်သေနတ်ကိုင်တပ်ရင်း (၃) မှ ဗမာ့သေနတ်ကိုင်
တပ်ရင်း(၁) အား စစ်ကူရန် အမိန့် ကျရောက်လာခဲ့
သည်။ ထိုအချိန်တွင် ဗိုလ်မှူး Vertannes မှာ တပ်မမှူး
အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ
အစောပိုင်းတွင် စစ်ဆင်ရေးမှာလည်း ပြီးဆုံးခဲ့သည်။

မေမြို့သို့မဟုတ် ပြင်ဦးလွင် ပြည်တော်ဝင်

ဗိုလ်မှူး Vertannes  နှင့် တပ်ဖွဲ့မှာ ဒီဇင်ဘာလ၏ အေးခဲ
သည့် ဆောင်းဥတုတွင် ပြင်ဦးလွင်မြို့သို့ ပြန်လည် ရောက်
ရှိခဲ့သည်။ ချမ်းစိမ့်လှသည့် အအေးဒဏ်ကြား နွေးထွေး
ပျူငှာသည့် မိန်းမပျိုလေးAudrey Veronica ကို နှစ်သစ်
ကူးသည့်နေ့တွင် ရုက္ခဗေဒဥယျာဉ်သို့ ပျော်ပွဲစားထွက်ရာ
မှ မှတ်မှတ် ထင်ထင်ပင် တွေ့ရှိခဲ့ပြီး ဗိုလ်မှူး  Vertannes 
၏ ချစ်လမ်းခရီးမှာ အစပျိုးခဲ့ပါသည်။ ထိုမှသည် နောင်
ခြောက်လအကြာ စေ့စပ်ကြောင်းလမ်းမှုပြုခဲ့သည်။ ကျိုင်းတုံမြို့၌ တာဝန်ထမ်းဆောင်စဉ် အိန္ဒိယနိုင်ငံတွင် အဆင့်မြင့်အရာရှိသင်တန်း တက်ရောက်ရန် ဖြစ်လာ
သည်။ အိန္ဒိယတွင် ဗိုလ်မှူး Vertannes ၏ ညီအစ်ကို နှစ်ဦးနှင့် ညီမတစ်ဦးတို့ နေထိုင်လျက်ရှိကြသည်။  သို့ဖြစ်
၍ ကော်လ်ကတ္တားသို့ ဆွေပြမျိုးပြ ခေါ်ယူနိုင်ရန် အလို့
ငှာ ၁၉၅ဝ ပြည့်နှစ် စက်တင်ဘာလ ၆ ရက်နေ့တွင်
ချစ်သူဖြစ်သူအား မဆိုင်းမတွပင် ထိမ်းမြားလက်ထပ် လိုက်သည်။

 အချစ်တစ်ပွဲ စစ်ပွဲရယ်တစ်ရာ

၁၉၅၁ ခုနှစ်တွင် ကျိုင်းတုံရှိ တပ်စခန်းအား ကူမင်တန်
တပ်များ ဝင်ရောက်တိုက်ခိုက်မည်ဖြစ်ကြောင်း ခြိမ်း
ခြောက်စာများ လက်ခံရရှိခဲ့သည်။ စာလက်ခံရရှိပြီး ချင်းပင် တပ်ဖွဲ့များအား ကျိုင်းတုံမြို့၌ ဖြန့်ကြက်၍ အခြေ
အနေ တည်ငြိမ်မှုရှိစေရန် ဆောင်ရွက်ခဲ့ရသည်။ မုံရွာ
မြို့နှင့် ချင်းတွင်းမြစ်၏ အနောက်ဘက် ကမ်းများ၌ လည်း တိုက်ပွဲများ ပုံမှန်ဆိုသလိုဖြစ်နေခဲ့သည်။

၁၉၅၂ ခုနှစ်တွင် အမိန့်အရ ကချင်သေနတ်ကိုင်
တပ်ရင်းမှာ မြစ်ကြီးနားမြို့ရှိ မိခင်တပ်ရင်းသို့ ပြန်လာရန်
ဖြစ်သည်။ သို့သော် လမ်းခုလတ်၌ ပင်လည်ဘူးမြို့အား ရန်သူ့လက်မှ  ပြန်လည်သိမ်းပိုက်ရန်  အမိန့်ဝင်လာ
သည်။ ဗိုလ်မှူး Vertannes မှာ တပ်ဖွဲ့နှင့်အတူ ပင်လည်ဘူး
မြို့သို့ ချီတက်ခဲ့သည်။ တိုက်ပွဲမှာ အထိအခိုက်များသည်။
အရာရှိ တစ်ဦးနှင့် စစ်သည် ငါးဦးတို့ ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။ သို့သော် နောက်ဆုံးတွင် ဗမာ့သေနတ်ကိုင် တပ်ရင်း (၁) နှင့်အတူ ပင်လည်ဘူးတိုက်ပွဲအား အောင်
မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။

ဇေယျကျော်ထင်ဘွဲ့

ဗိုလ်မှူး Vertannes သည် ၁၉၅၂ ခုနှစ်တွင် မြန်မာ
နိုင်ငံ၏ ပထမဆုံး သမ္မတကြီးဖြစ်သည့် စဝ်ရွှေသိုက်က
ပေးအပ်သည့် ဇေယျကျော်ထင်ဘွဲ့ကို ချီးမြှင့်ခြင်းခံခဲ့ရ သည်။ ၁၉၅၃ ခုနှစ်တွင် ကလော စစ်ဦးစီးတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ထို့နောက် ဒုတိယဗိုလ်မှူးကြီး ရာထူးသို့ တိုးမြှင့်ရရှိခဲ့သည်။

မကြာမီ ကူမင်တန်တပ်များမှ ကယားသေနတ်ကိုင်
တပ်ရင်းအား  ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွား
အပြီးတွင် ဒုတိယဗိုလ်မှူးကြီး Vertannes နှင့် တပ်ဖွဲ့မှာ
ကွတ်ခိုင်သို့   စေလွှတ်ခြင်းခံရသည်။   ၁၉၅၅ ခုနှစ်
နိုဝင်ဘာလ၌ တပ်ခွဲ နှစ်ခုနှင့်အတူ 'ဝ' ဒေသသို့ ချီတက်
ခဲ့သည်။ 'ဝ' ဒေသမှာ ပင်လယ်ပြင်အမြင့်ပေ  ၅ဝဝဝ ၌
တည်ရှိရာ ရာသီဥတုမှာ အလွန်ပင်အေးလွန်းလှသည်။
ယခုခေတ်ကဲ့သို့ ရဲဘော်များအား လက်အိတ်နှင့်လည်စည်း
များ  ထုတ်ပေးထားခြင်းမရှိဟု ဆိုသည်။  သို့ဖြစ်၍
ကင်းသမားတစ်ဦးစီအား    တာဝန်ချိန် ၄  နာရီပင်
မသတ်မှတ်နိုင်။ အေးခဲလှသည့် စစ်တလင်းပြင်ဝယ်
ရဲဘော်များအတွက် တာဝန်ချိန် တစ်နာရီ (သို့မဟုတ်)
နှစ်နာရီအဖြစ် သတ်မှတ်ပေးခဲ့ရသည်။

ပြည်တော်ပြန်ခရီး

၁၉၅၆ ခုနှစ် ဧပြီလတွင်   မော်လမြိုင်မြို့ရှိ  ဗမာ့
သေနတ်ကိုင်တပ်ရင်း (၂) သို့ ပြောင်းရွှေ့ တာဝန်ထမ်း
ဆောင်ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် ပင်စင်ယူခဲ့ကာ မိသားစုနှင့်အတူ ရန်ကုန်မြို့သို့ ပြန်လည် ပြောင်းရွှေ့ခဲ့ သည်။Tourist Burma  ကုမ္ပဏီအား တည်ထောင်၍
အရှေ့တောင်အာရှ အားကစားပွဲများနှင့် တရုတ် ဘဲလေး
အဖွဲ့များအတွက် ဧည့်ခံကျွေးမွေးရေး ဝန်ဆောင်မှုပေး
ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် မိသားစုနှင့်အတူ ဗြိတိန်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ သား ငါးဦး၊ သမီး ငါးဦး၊ စုစုပေါင်း သားသမီး ၁ဝ ဦး  ထွန်းကားခဲ့ကြောင်း သိရှိ
ခဲ့ရသည်။ ယင်း ၁ဝ ဦးအနက် ခုနစ်ဦးမှာ မြန်မာပြည်
၌ပင် မွေးဖွားခဲ့ပြီး ကျန် သုံးဦးမှာ လန်ဒန်မြို့သို့ ပြန်လည်
ရောက်ရှိသော အခါမှ မွေးဖွားခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန်တွင် အသက် ၉၃ နှစ် ကျော်ရှိပြီ ဖြစ်သော
ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) Desmond George Stephen Vertannes  သည် ဗြိတိန်နိုင်ငံ အနောက်တောင်ပိုင်းရှိSomerset အရပ်တွင် နေထိုင်လျက်ရှိပါသည်။

မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဘိလပ်ပြည်သား မြန်မာ့သူရဲကောင်း ဒုတိယဗိုလ်မှူး
ကြီး (ငြိမ်း) Desmond George Stephen Vertannes
(ကြည်း ၅၁၉၄) သည်   တာဝန်ထမ်းဆောင်နေစဉ်
အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတကြီး ဖြစ်သည့်
စဝ်ရွှေသိုက်က ပေးအပ်သည့် ဇေယျကျော်ထင်ဘွဲ့ကို ချီးမြှင့်ခြင်းခံခဲ့ရသကဲ့သို့  ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ  ၂  ရက်နေ့တွင် နိုင်ငံတော်မှချီးမြှင့်သည့် စစ်မှုထမ်းကောင်း မှတ်တမ်းဝင်ဂုဏ်ပြုလွှာ၊ လွတ်မြောက်ရေးတံဆိပ်၊
နိုင်ငံတော် စစ်မှုထမ်းတံဆိပ်များအား ရရှိခဲ့ပေသည်။
ဆုတံဆိပ်များနှင့်အတူ စစ်မှုထမ်းကောင်းမှတ်တမ်းဝင် ဂုဏ်ပြုလွှာအား ဂုဏ်ယူစွာ ပွေ့ပိုက်ရင်း အပြုံးများကြား
မှ ပြောကြားခဲ့သည့် ၎င်း၏ ပီတိစကားများအား နားထဲ
၌ ကြားယောင်နေမိပါတော့သည်။

၎င်း၏ သားသမီးများအနက် ဗြိတိန်နိုင်ငံသို့ ပြန်လည်
ရောက်ရှိမှ မွေးဖွားခဲ့သည့် အဋ္ဌမမြောက် သားဖြစ်သူ Mr Chris Vertannesသည် Elite Footballအသင်း၌
ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်
နေသူဖြစ်ပြီး ဖခင်ဖြစ်သူက  သူ၏မွေးရပ်မြေအကြောင်း ထပ်တလဲလဲ ပြောပြနေခြင်းကြောင့် ငယ်စဉ်ကတည်း
ကပင် မြန်မာနိုင်ငံနှင့် အကျွမ်းတဝင်ရှိနေခဲ့သူဖြစ်သည့်
အားလျော်စွာ မြန်မာနိုင်ငံသို့ ရောက်ရှိရန် များစွာဆန္ဒ ပြင်းပြခဲ့သူဖြစ်ပေသည်။ 

ပြင်းပြလှသည့် ဆန္ဒ၏ စေစားရာနှင့်အတူ ၂ဝ၁၈
ခုနှစ် ဇန်နဝါရီလတွင် ညီအစ်ကို၊ မောင်နှမများ၊ သား၊
သမီး၊ ဇနီးတို့နှင့်အတူ အဖေချစ်သားတစ်ဦးဖြစ်သည့် Mr .Chris Vertannesမှာ ဖခင်ဖြစ်သူ၏ မွေးရပ်မြေဖြစ်ရာ မြန်မာပြည်သို့ အလည်တစ်ခေါက် ရောက်ခဲ့ပေသည်။ ထိုခရီးစဉ်အတွင်း ဖခင်ဖြစ်သူက လွမ်းဆွတ်စွာ ပြောပြ
လေ့ရှိသည့် ပြင်ဦးလွင်မြို့လေးနှင့်အတူ ဖခင်နှင့် မိခင်
တို့ ချစ်သူဖြစ်ခဲ့ကြသည့် ရုက္ခဗေဒဥယျာဉ်အတွင်းရှိ ကန်တော်ကြီးနံဘေး၊ ဖခင်ဖြစ်သူက မိခင်ဖြစ်သူအား လက်ထပ်ခွင့်တောင်းဆိုခဲ့သည့်   ကြည်နူးဖွယ်ရာ မီးရထားလမ်းဆုံ နေရာလေး၊  ပြင်ဦးလွင်ရှိ ၎င်းတို့
နေထိုင်ခဲ့သည့်နေရာ၊ သားသမီးတို့အား မွေးဖွားရာ ပြင်ဦးလွင်ဆေးရုံ၊ ရန်ကုန်မြို့ရှိ ၎င်းတို့ မိသားစု နေထိုင်
ခဲ့သည့်နေရာတို့အား ရောက်ရှိခဲ့ကြောင်းနှင့် မြန်မာ
လူမျိုးများ၏ ဖော်ရွေမှုအကြောင်း စသည်ဖြင့် ၎င်း၏
မြန်မာပြည်ခရီးစဉ်အတွေ့အကြုံကို ဖခင်ဖြစ်သူအား
လွတ်မြောက်ရေးတံဆိပ်နှင့် နိုင်ငံတော် စစ်မှုထမ်း
တံဆိပ်နှင့် စစ်မှုထမ်းကောင်း မှတ်တမ်းဝင်ဂုဏ်ပြုလွှာ
များ မြန်မာသံရုံး၊ လန်ဒန်မြို့၌ ပေးအပ်စဉ်က တွေ့ဆုံ
ရင်းနှီးခဲ့သည့် ကျွန်တော့်ထံသို့ တကူးတက လာရောက်
၍ ဝမ်းနည်း၊ ဝမ်းသာ မျက်ရည်ဝဲလျက် ပြောပြခဲ့ပေ သည်။

(ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကျရာတာဝန်ကို စွမ်း
ရည်သတ္တိအပြည့်ဖြင့် အားကြိုးမာန်တက် ထမ်းဆောင်
ခဲ့သူ ဒုတိယဗိုလ်မှူးကြီး (ငြိမ်း)Desmond George Stephen Vertannes (ကြည်း ၅၁၉၄) အား ဤစာစုဖြင့် မှတ်တမ်းတင်   ဂုဏ်ပြုအပ်ပါသည်။   ၎င်းကိုယ်တိုင် ရေးသားပေးပို့ထားသည့်    ကိုယ်ရေးရာဇဝင်အား
ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်)

ME (ယူကေ)

No comments:

Post a Comment