Latest News

Sunday, July 29, 2018

လူချင်းခင်မင် သတိယှဉ်

လူချင်းခင်မင် သတိယှဉ်

လူမှုပတ်ဝန်းကျင်တွင်   အပေါင်းအသင်းမိတ်ဆွေများ၊  ငယ်သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များစွာနှင့် အလုပ် သဘောအရသော်လည်းကောင်း၊ ခင်မင်မှုများအရသော် လည်းကောင်း စကားလက်ခံပြောဆိုနေကြရသည်။

ထိုသို့ပြောဆိုကြရာတွင် ပျော်ရွှင်စေလိုသောဆန္ဒအရ စခြင်း၊ နောက်ခြင်းများသည် ဒွန်တွဲပါနေတတ်သည်။ နှစ်လိုဖွယ်ကောင်းသော  စနောက်ခြင်းများရှိသကဲ့သို့ ခင်မင်မှုကို  အခွင့်ကောင်းယူကာ လိုအပ်သည်ထက်ပို၍ အောင့်သက်သက်နိုင်လှသော စနောက်ခြင်းများလည်း တွေ့ကြုံရတတ်သည်။  ဘဝအမောတွေကြား စခြင်း၊ နောက်ခြင်းသည် ဟာသသဘောဖြစ်၍ ရယ်မောစရာ ဖြစ်ကာ စိတ်ပျော်ရွှင်ကြရ၏။ လွတ်လပ်ပေါ့ပါးကြသည်။ သို့သော် ''စ''သည်ဆိုကတည်းက တစ်စုံတစ်ယောက်ကို ပစ်မှတ်ထားပြီး ဟာသလုပ်ရသည်ဖြစ်ရာ အတိုင်းအတာ တစ်ခု ထားသင့်ပေသည်။

အသက်ကြီးရင့်လာသောအခါ သူငယ်ချင်းအချင်းချင်း ရင်းနှီးမှုသဘောဖြင့်   ပြန်လည်စနောက်သည့်အခါ ရယ်စရာဟာသအနေဖြင့် ရှိနေနိုင်သေးသည်။  ဆယ်ကျော် သက်အရွယ်တွင်   စိတ်ကစားမိခဲ့ဖူးသော ငယ်ချစ်ဦးနှင့် အကြောင်းမဆုံစည်းနိုင်သူများကိုလည်း အပျော်သဘော ဖြင့် စနောက်နေတတ်ကြပြန်သည်။

ထိုအကြောင်းသည် ရင်းနှီးမှုသရုပ်ကို ဖော်ပြလိုသော် လည်း စနောက်ဖန်များလာလျှင် ကာယကံရှင်အပါအဝင် သူနှင့်ပတ်သက်ဆက်နွှယ်သူများအတွက် ကောင်းမွန်သော အလားအလာမရှိနိုင်ပေ။ အခင်အမင်များ ပျက်ယွင်းသွား နိုင်ပြီး မလိုလားအပ်သော ဆိုးကျိုးများပင် ဖြစ်ပေါ်လာ စေနိုင်ပါသည်။

အဓိကမှာ နှုတ်စည်းစောင့်ထိန်းရန်ပင် ဖြစ်သည်။ စည်းဆိုသည်မှာ မလုပ်သင့်၊ မလုပ်အပ်သည်ကို တားမြစ် ထားသောအရာသာဖြစ်၏။  စည်းမစောင့်ခြင်းကြောင့် အခင်မင်ပျက်ခြင်း၊ ကိုယ်ကျင့်သိက္ခာများ ထိခိုက်ခြင်းနှင့် ရန်ငြိုးပွားခြင်းအထိ ဖြစ်ပေါ်စေနိုင်သည်။

ဤနေရာတွင် အဖြစ်အပျက်တစ်ခုကို သတိရမိသည်။ စာရေးသူသည် သူငယ်ချင်းတစ်ဦးနှင့်အတူ ငယ်သူငယ် ချင်းတစ်ဦး၏  မိခင်ဆုံးပါးသွားသဖြင့် နာရေးသတင်း သွားမေးခဲ့သည်။ ထိုသူငယ်ချင်းသည် အမေသေဆုံး၍ စိတ်ထိခိုက်သည်ထင်၏။ အရက်များစွာ သောက်ထား သူဖြစ်သည်။ စာရေးသူတို့နှင့်စကားပြောဆိုနေရင်း သူ၏ ငယ်သူငယ်ချင်းများဖြစ်ကြောင်း၊ မည်မျှခင်မင်ရကြောင်း သူ့မိန်းမအပါအဝင် အိမ်သူအိမ်သားများရှေ့တွင် အမွှမ်း တင်ပြောဆိုခဲ့သည်။  မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ ဖုန်းနံပါတ်တွေပေးရင်း  အဆက်အသွယ် ပြန်ရသည်ကိုပင် အလွန်ဝမ်းသာလှကြောင်း ပြောပြန်၏။

ထိုသို့ပြောနေရင်းမှပင် အားမရနိုင်ဘဲ စာရေးသူ၏သူငယ်ချင်းမှာ သူ၏ငယ်ချစ်ဦးဖြစ်ကြောင်း လွန်ကဲစွာ စတင်ပြောဆိုလာခဲ့သည်။

ယခုအချိန်အထိ အပျိုကြီးဖြစ်နေရခြင်းသည် သူ့ကို စောင့်နေသယောင် ထင်ယောင်ထင်မှားဖြစ်စေရန် မထိ ခလုတ် ထိခလုတ်၊ မခံချိမခံသာ ပြောဆိုနေ၏။

ငယ်စဉ်ကတည်းက  အူမချေးခါးအထိ အတွင်းသိ အဆင်းသိများ ဖြစ်၍ မဟုတ်မှန်းသိထား၍သာ သိက္ခာ မကျသော်လည်း အသုဘအိမ်ကဲ့သို့ လူစည်ကားသော နေရာတွင် ပြောသင့်သောစကား မဟုတ်ပေ။ သူကပြော လိုက်၊ သူငယ်ချင်းကငြင်းလိုက်၊ လူတွေကရယ်လိုက်ဖြင့် ပွဲကျနေသော်လည်း စာရေးသူမှာ ရယ်စရာဟုမမြင်နိုင်ဘဲ မနှစ်မြို့စရာအဖြစ်သာ ထင်မှတ်နေမိလေ၏။ မဟုတ်တာ မပြောနှင့်ဟု ပြောလေ အသံပိုကျယ်လာပြီး ပို၍ဆိုးလာ လေဖြစ်ကာ အရှက်မကွဲခင် အိမ်ကိုရောက်အောင် ပြန်ပြေး ခဲ့ရသည့်အဖြစ်မျိုး ကြုံတွေ့ခဲ့ရဖူးသည်။

ထိုနေရာတွင် သူသည်မည်သည့် ရည်ရွယ်ချက်ဖြင့် ပြောသည်ကို မသိနိုင်ပေ။ အမုန်းရန်ငြိုးမရှိပါဘဲ စနောက် ခြင်းသည် လူသူ ပရိသတ်အလယ်တွင် ခင်မင်လွန်းသည်ဟု ပြသလိုသည်လား။ ''ပြောမနာ ဆိုမနာ'' ဆိုပြီး ပြောလိုခြင်း ပေလား။ ဝေခွဲမရနိုင်ခဲ့ပေ။ အရက်မူးနေ၍ ပြောသည်ဟု မှတ်ယူခွင့်လွှတ်ခဲ့ကြသော်လည်း စောင့်ထိန်းအပ်သော စည်းကျိုးပေါက်ကာ မိတ်ဆွေကောင်းများ ဆုံးရှုံးခဲ့ရသည် မှာ အမှန်ပင်ဖြစ်၏။ ခင်လို့စလိုက်တာကို သူတို့ကစိတ်ဆိုး သွားကြတယ်ဆိုသော စကားတစ်ခွန်းနှင့် သူ့ဘက်က သင်ပုန်းချေခဲ့သော်လည်း ခင်မင်မှုဆိုသည်မှာ ထိုသို့ပြသမှ သိနိုင်သည်မဟုတ်။ ရင်းနှီးခင်မင်ကြောင်းကို အခြားနည်း လမ်းများဖြင့် ဖော်ပြလည်း ရနိုင်ပေ၏။

ငယ်သူငယ်ချင်းဟု ဆိုကြလေတိုင်း ငယ်ချစ်ဦးမဟုတ် ကြပေ။ ရိုးသားစွာ ခင်မင်နေကြသူများလည်း ရှိတတ်ကြ သည်။ ယခုအချိန်အခါတွင် စာရေးသူတို့သည် လူလတ် ပိုင်းအရွယ်သို့ချည်းနင်း ဝင်ရောက်လာကြလေပြီ။ ပညာ၊ ငွေကြေး၊ ဂုဏ်ဒြပ်များစွာလည်း အထိုက်အလျောက်ရရှိပြီး ကြသူများဖြစ်လာကြလေပြီ။ သူ့နေရာ၊ သူ့အသိုင်းအဝိုင်း အတွင်းတွင် သိက္ခာရှိစွာ ရပ်တည်ရှင်သန်နေသူများဖြစ်ကြ ၏။

အမျိုးသားများသာ ဆင်ခြင်သင့်သည် မဟုတ်ပေ။ အမျိုးသမီးများသည်လည်း စကားကို လက်လွတ်စပယ် မပြောသင့်ပေ။ တစ်ခါက သူငယ်ချင်းဖြစ်သူအမျိုးသား၏ဇနီးမှာ ကလေးမီးဖွား၍ သတင်းမေးရန်သွားကြသည်။ ငယ်ပေါင်းကြီးဖော်များပေမို့ ပွင့်လင်းစွာပြောဆိုကြ၊ ရယ်မော ကြဖြင့်  ဆေးရုံဟူ၍ပင် မေ့နေတော့သည်။ စနောက် တတ်သော သူငယ်ချင်းများလည်းပါသောကြောင့် ပိုမြိုင် ဆိုင်ကြပေသည်။ စနောက်ရင်း အနိုင်လုပြောဆိုမှုများ ကြောင့် အတိတ်ဟောင်းများ တူးဆွကြသည်။ သူ့ထက်ငါ အပြိုင် ငြင်းခုံကြသည်။ ကောင်းမွန်သောအတိတ်ထက် အထိနာသောအတိတ်ကိုသာ သာသာထိုးထိုး ပြောဆို နေကြ၏။

ထိုအချိန်တွင် သူငယ်ချင်း၏ဇနီးဖြစ်သူ မီးနေသည်ဝင် ပြောလိုက်သော  စကားတစ်ခွန်းကြောင့်  အားလုံးမှာ ရယ်ရခက်၊ငိုရခက်ဖြစ်ကုန်၏။ ''အစ်မတို့ရော ငယ်ငယ်က သူနဲ့ကင်းရှင်းကြရဲ့လား''ဟူသောစကားသည် ယခုမှ တွေ့ဖူးသော ခင်ပွန်းသည်၏သူငယ်ချင်းများကို မပြော သင့်ပေ။ ကြည့်နေရင်း သဝန်တိုလာလျှင်ပင် ထိန်းချုပ် သင့်ပေသည်။ ရန်ကုန်ကဲ့သို့နေရာတွင် တစ်နေရာမှ တစ်နေရာသွားလာရန် အချိန်ယူရသည်။ အားလုံးအလုပ် များ နားကာလူစုပြီး လက်ဆောင်ပစ္စည်းနှင့် လာသောသူ များ အားလုံးသည် ထိုစကားတစ်ခွန်းနှင့်ပင် စိတ်ပျက်ခဲ့ရ လေသည်။

ထိုအကြောင်းနှင့်စပ်လျဉ်း၍ စာရေးသူငယ်စဉ်က ဖတ်ဖူးခဲ့သော စကားလေးကို သတိရမိခဲ့သည်။ နှစ်ကာလ ကြာပြီဖြစ်၍ မည်သူရေးကြောင်း မမှတ်မိသော်လည်း စာရေးသူ၏နှလုံးသား  တစ်နေရာတွင်  မှတ်သားပြီး လိုက်နာကျင့်သုံးခဲ့သည်။ အလွန်ကောင်းမွန်မှန်ကန်သော ကြောင့် မိတ်ဆွေများကိုလည်း အမြဲမျှဝေမိခဲ့သည်။

''လူတွေက တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီး လာပြီဆိုရင် စကားကို ယဉ်ယဉ်ကျေးကျေး မပြောကြတော့ ဘူး။ လေးလေးစားစား မဆက်ဆံကြတော့ဘူး။ နင့်နင့် သည်းသည်း အနိုင်ပြောကြတော့ နာနာကြည်းကြည်းတွေ ဖြစ်ကုန်ကြရော၊တကယ်ဆိုရင် လူချင်းပိုခင်လာလေ ပိုပြီး လေးလေးစားစားပြောဆိုဆက်ဆံရလေပဲ၊ ရင်းနှီးလာလေ စကားကိုပိုပြီး ဆင်ဆင်ခြင်ခြင်ပြောဆိုသင့်လေပဲ။ အဲလိုမှ မဟုတ်ရင် အရှည်တည်တံ့တဲ့  ဆက်ဆံရေးမျိုး   မဖြစ် နိုင်ဘူး။''

အမှန်ပင်ဖြစ်ပေသည်။ ထိုစကားလေးသည် လက်ရှိ လူ့ဘောင်အသိုင်းအဝိုင်းနှင့်လွန်စွာ   ကိုက်ညီနေသော စာသာဖြစ်၏။ လေးလေးစားစားပြောရမည်ဟု ဆိုထား၍ ပုဆစ်တုပ်ထိုင်ပြီး ရိုကျိုးစွာ ပြောရမည်ကို မဆိုလိုပါ။ ရာထူး၊ ဂုဏ်သိမ်ဘေးဖယ်ထားကာ ပြောသင့်ဆိုသင့်သော စကားကို စည်းဝိုင်းအတွင်း၌ ထည့်သွင်း ပြောဆိုလိုခြင်းသာ ဖြစ်၏။

မိမိနှင့်ခင်မင်နေသော သူငယ်ချင်း၊ မိတ်ဆွေအပေါင်း အသင်းများနှင့် ပြောဆိုသည့်အခါ နှုတ်စည်းကိုစောင့်ထိန်း ပြီး လေးစားခင်မင်စွာ ပြောဆိုဆက်ဆံခြင်းဖြင့် အမုန်းမပွား သော ခင်မင်မှုကိုရရှိခြင်း၊ မိမိကိုပြန်လည်လေးစားယုံကြည် ခြင်း၊ ချစ်ခင်နှစ်လိုဖွယ်ကောင်းသော လူမှုဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများစွာ ကို ရရှိနိုင်ပါလိမ့်မည်။

ထို့ကြောင့် လူချင်းခင်မင်သတိယှဉ် ဆင်ခြင်ပြောဆို ခြင်းဖြင့် ရန်ညွန့်ရန်စွယ်ကျိုးကာ မိတ်ဆွေကောင်းများ တိုးပွားလာနိုင်ကြောင်း  ထပ်လောင်းအသိပေးလိုက်ရပါ သည်။ 

ပွင့်ပန်းဝေလှိုင်

No comments:

Post a Comment