Latest News

Sunday, July 29, 2018

အလှနဲ့ အချစ်

အလှနဲ့ အချစ်

ကြောင်ပိုင်ရှင်က သူ့ကြောင်လေးကိုကြည့်ရင်း မလှတော့ဘူး၊ ချစ်ဖို့ မကောင်းတော့ဘူးလို့ ချစ်စနိုးလေးပြောလိုက်တဲ့အပြောလေးကို ကြားလိုက် ရတာဟာ ကဗျာစာဆိုကြီးတစ်ဦးရဲ့ အပြောတစ်ခုကို သတိရလာမိစေပါတယ်။ အလှနဲ့ အချစ် ဆက်စပ်မှုကိုပြောခဲ့တဲ့ လက်ဘနွန်နိုင်ငံသား စာဆိုကြီးရဲ့ အပြောကို သတိရမိစေတာ ဖြစ်ပါတယ်။ စာဆိုကြီးအမည်ကတော့ ခါလီဂျီ ဘရန်းဖြစ်ပြီး သူက ''သဘာဝမှာ အလှက အဓိက။ အကြောင်းက အလှမှာ အချစ်ရှိလို့''ဆိုပြီး ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။

ပြန်စဉ်းစားကြည့်တဲ့အခါမှာလည်း မိမိတို့ရဲ့ ဘဝတွေမှာ ချစ်မိကြိုက်မိ သွားတဲ့အရာတွေတိုင်းမှာ လှလို့ဆိုတာဟာ ချစ်မိတယ်ဆိုတာရဲ့ရှေ့မှာ အရင် ရှိနေနှင့်ခဲ့သလို ရှိနေတယ်ဆိုတာကို တွေ့ရပါတယ်။ အနုပညာတစ်ရပ်ရပ်ရဲ့ လက်ရာတစ်ခုခုကိုပဲဖြစ်ဖြစ်၊ အားကစားတစ်ရပ်က အသင်းတစ်သင်းသင်းကိုပဲ ဖြစ်ဖြစ်၊ အသုံးအဆောင် အရာဝတ္ထုကိုပဲဖြစ်ဖြစ်၊ အိမ်မွေးတိရစ္ဆာန်ကိုပဲဖြစ်ဖြစ်၊ အဆောက်အအုံဒီဇိုင်းနဲ့ ရှုမျှော်ခင်းကိုပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ကိုပဲဖြစ်ဖြစ် ချစ်ကြိုက် မိသွားတဲ့ဖြစ်ရပ်မှာ စာဆိုကြီးထောက်ပြပြောဆိုခဲ့တဲ့ အလှတစ်ခုခုကို အရင် ခံစားမိတာလေးက ရှိနှင့်နေခဲ့သလို ရှိတာကိုတွေ့ရတာ ဖြစ်ပါတယ်။ လှတယ်လို့ ခံစားရတဲ့အခိုက်မှာ အချစ်ဟာ မွေးဖွားလာတော့တာပဲလို့ နားလည်ရပါ တော့တယ်။

ဒီနေရာမှာ ဆက်လက်နားလည်မိလိုက်တာကတော့ စာဆိုကြီးပြောတဲ့ အလှဆိုတာ ကြည့်သူ၊ မြင်သူ၊ ခံစားသူကိုလိုက်ပြီး အပြောင်းအလဲရှိနိုင်တယ် ဆိုတာကိုပဲ ဖြစ်ပါတယ်။ တစ်ယောက်က လှတယ်လို့မြင်တာ လက်ခံသတ်မှတ် တာဟာ  အခြားတစ်ယောက်ဆီမှာ  လှတယ်လို့ သူက  မြင်ချင်မှမြင်မယ်၊ လက်ခံသတ်မှတ်ချင်မှ သတ်မှတ်မယ်ဆိုတာကိုပါ။ အလှကို၊ လှတယ်ဆိုတာကို ကိုယ်စီ ကိုယ်ပိုင်ဖွင့်ဆိုတဲ့အနက်အဓိပ္ပာယ်နဲ့ ချစ်ကြိုက်မှုတွေ ဖြစ်လိမ့်မယ်လို့ နားလည်ရတာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ပင်ကိုဗီဇ၊ ရှင်သန်ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်အရနဲ့ မိမိတို့ တန်ဖိုးထားကိုင်စွဲတဲ့ တန်ဖိုးထားမှုတွေအလိုက် မိမိတို့ဘာသာ အလှကို ဖွင့်ဆိုသတ်မှတ်ခံစားကြလို့၊ အဆိုပါ ဖွင့်ဆိုသတ်မှတ် ချက်နဲ့ပဲ ချစ်ကြိုက်မှုတွေဖြစ်လိမ့်မယ်လို့ နားလည်ရတာ ဖြစ်ပါတယ်။ ကိုယ့် အနက်ဖွင့်ဆိုပုံနဲ့ကိုယ် လှတယ်လို့ ထင်မြင်ခံစားရတဲ့အခိုက်မှာ အဲဒါကို ချစ်တဲ့ အချစ်ဟာ မွေးဖွားလာတော့တာပဲလို့ နားလည်ရပါတော့တယ်။

ဒါပေမယ့်လည်း ''လှလို့ ချစ်တာမဟုတ်၊ ချစ်လို့ လှတာပါ''ဆိုတဲ့ အဆို တစ်ခုကလည်း စဉ်းစားစရာ ရှိနေပြန်တာ တွေ့ရပါတယ်။ တကယ်တော့ ဒီအဆိုဟာ လှတယ်လို့ ထင်မြင်ခံစားရခိုက်နဲ့ အချစ်ဖြစ်ပေါ်လာခိုက်ဟာ တချို့အဖို့  သိပ်နီးကပ်မြန်ဆန်သွားတတ်လွန်းလို့၊  အချိန်အကြားအလပ် တိုင်းထွာလိုက်လို့ မရလောက်အောင် တစ်ချိန်တည်း တစ်ပြိုင်တည်းနဲ့ တစ်ထပ် တည်းလို ဖြစ်သွားတတ်တာ ရှိလို့ဖြစ်လာတဲ့ အဆိုသာလို့ နားလည်ရပါ တော့တယ်။

အထက်က ကြောင်ပိုင်ရှင်ဟာလည်း သူ့ကြောင်လေးကို ပွေ့ပိုက်ပွတ်သပ် ပြီး သပ်ရပ်သန့်ရှင်းအောင် ပြုပေးနေတာကို တွေ့ရတာဟာ စိတ်ချမ်းသာစရာ ကောင်းလှတာကို တွေ့ရပါတယ်။ တစ်ခါမြင်တွေ့ မြတ်နိုးခဲ့ရတဲ့ အလှကလေး က သူ့ရင်ထဲစွဲနေသရွေ့ သူ့အချစ်တွေ မပျက်ပြယ်တတ်တယ် ဆိုတာမျိုးကို နားလည်မိရစေတာမျိုးမို့ ဖြစ်ပါတယ်။

''သဘာဝမှာ အလှက အဓိက၊ အကြောင်းက အလှမှာ အချစ်ရှိလို့''ဆိုပြီး ပြောခဲ့တဲ့ စာဆိုကြီး ခါလီဂျီဘရန်းဟာ သူ့အဆိုကို အဲဒီလိုသာ ရပ်ထားတာ မဟုတ်ဘဲ  နောက်တစ်ခွန်းကိုလည်း   ဆက်ပြောခဲ့သေးတာ  တွေ့ရပါတယ်။ ''အလှမှာတည်တဲ့ အချစ်ကို ရရှိလိုခြင်းဟာ ဘဝရဲ့ ပြင်းပြတဲ့ဆန္ဒ''လို့ သူက ဆက်ပြောခဲ့ပါတယ်။ သူဆိုလိုတာကတော့ အဲဒီမြတ်နိုးမိရတဲ့ အလှနဲ့အတူ ချစ်သွားမိရတဲ့ ချစ်အလှလေးကို လက်ဝယ်ရရှိသွားလိုတာရဲ့ စေ့ဆော်မှုအားကပဲ ဘဝတွေကို ဆက်လက်လှုပ်ရှား ရှင်သန်ဖြစ်တည်နေစေကြတာလို့ ဆိုလိုတာ ဖြစ်ပြီး အလှအချစ်နဲ့ ဘဝတွေရဲ့ ဆက်စပ်မှုတွေကို စာဆိုကြီးက စိတ်ဝင်စား စရာ ပြောခဲ့တာကို အမှတ်ရမိရပါတော့တယ်။ 

လင်းထိန်

No comments:

Post a Comment