ကဗျာဆရာ၊ စာရေးဆရာ၊ ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး ဒဂုန်တာရာ မွေးနေ့ရာပြည့်အကြို
မြန်မာစာပေသမိုင်းတွင် ခေတ်အဆက်ဆက် အစားထိုး မရနိုင်လောက်အောင် စာပေကျေးဇူးကြီးမားလှသည့် စာပေပညာရှင်ကြီးများ အမြောက်အမြား ပေါ်ထွန်းခဲ့ကြဖူး လေသည်။ အဆိုပါ ပညာရှင်ကြီးများထဲတွင် ကဗျာဆရာ၊ စာရေးဆရာ၊ ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး ဒဂုန်တာရာ လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ဆရာကြီး ဒဂုန်တာရာသည် မြန်မာစာပေသမိုင်းတွင် ထင်ရှားသည့်အမှတ်အသား(မှတ်တိုင်)တစ်ခုဖြစ်သည်။ ဆရာကြီးသည် ခရစ်နှစ် ၁၉၃၄ ခုနှစ်မှစတင်၍ ရတုပိုဒ်စုံ ကဗျာများ၊ ဘာသာပြန်ဝတ္ထုတို့ကို ဒဂုန်မဂ္ဂဇင်း၊ တက္ကသိုလ် သိပ္ပံမဂ္ဂဇင်းတို့တွင် ရေးသားခဲ့လေသည်။ တက္ကသိုလ် ကျောင်းသားဘဝမှာပင် ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဆွေတို့ နှင့်အတူ ဆက်ဆံခဲ့ပြီး ကျောင်းသားသမဂ္ဂမဂ္ဂဇင်း၊ အိုးဝေ မဂ္ဂဇင်းထုတ်ဝေမှုတို့တွင် တာဝန်ယူခဲ့သူဖြစ်သည်။
နိုင်ငံရေးထက် စာပေဘဝကို အထူးမြှုပ်နှံထားသူ
ဆရာကြီးသည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင်လှမောင် (ဗိုလ်ဇေယျ) စသည့် ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်ကြီးများနှင့် ရင်းနှီးကျွမ်းဝင်သော် လည်း နိုင်ငံရေးထက် စာပေဘဝကို အထူးမြှုပ်နှံထားသူ ဖြစ်သည်။ ပါတီနိုင်ငံရေးပင်မက အစိုးရအမှုထမ်းအဖြစ်ပင် လုံးဝမလုပ်ဆောင်ဖူးသူ စာပေသမားစစ်စစ်ဖြစ်သည်။ အသင်းအပင်းကိစ္စများဖြစ်သည့် ကျောင်းသားသမဂ္ဂ၊ စာရေးဆရာသမဂ္ဂ၊ စာရေးဆရာအသင်း စသည်တို့မှာသာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့်လည်း ငယ်ငယ် ရွယ်ရွယ်နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌအဖြစ် ၁၉၅ဝ ပြည့်နှစ်တွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသူ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်နယ်ပယ်က ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ကပါ အားပေးထောက်ခံခဲ့ကြသည့် အပြင် ဆရာဇော်ဂျီက မြန်မာစာပေလောကတွင် စာပေ ရုပ်ပုံလွှာဟူသည့် စာပေပုံစံသစ်တစ်မျိုးဟာ ဆရာတာရာရဲ့ အမှတ်အသားတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုခဲ့လေ သည်။ ထို့ကြောင့်လည်း အချို့သောပညာရှင်တို့က ဆရာကြီးဒဂုန်တာရာနှင့်ပတ်သက်၍ ဝေဖန်ဆွေးနွေးကြရာ တွင် ဆရာကြီးသည် ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီ ဆရာ၊ ဂီတအနုပညာရှင် ဟူ၍ အဆိုပြုတင်ပြခဲ့ကြလေသည်။ ဆရာကြီးကိုယ်တိုင်ကလည်း သူ့ကိုယ်သူ နိုင်ငံရေးသမား ဟူ၍ မခံယူကြောင်း ကိုယ်တိုင်ဖွင့်ဟဝန်ခံဖူးသည်။ သို့သော် ဟံသာဝတီ ဦးဝင်းတင်ကမူ ''ဆရာတာရာဟာ နိုင်ငံရေးစာရေးဆရာဖြစ်တယ်၊ သူ့နိုင်ငံရေးက လူထု နိုင်ငံရေး၊ ကိုယ်ကျိုးမရှာသည့် သန့်ရှင်းသောနိုင်ငံရေး၊ ငြိမ်းချမ်းသောနိုင်ငံရေး၊ ရဲရင့်ပြတ်သားသော နိုင်ငံရေး ဖြစ်တယ်''ဟူ၍ ကောက်ချက်ချခဲ့လေသည်။
ငြိမ်းချမ်းရေးကို လိုလားသော
ဆရာကြီးဒဂုန်တာရာသည် ဆရာကြီးသခင် ကိုယ်တော်မှိုင်းကို ကြည်ညိုအားထားလေးစားသူဖြစ်ရာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေများကို ''ဝံသာနု စာပေများ''ဟူ၍ ဂုဏ်ပြုအမည်ပေးလျက် ဆရာကြီးသခင် ကိုယ်တော်မှိုင်းသည် ဂန္ထဝင်စာပေနှင့် အဦးဆုံးလမ်းခွဲ ခဲ့သည့် ခေတ်သစ်စာပေပညာရှင်(အမှတ်အသား)ဟူ၍ အသိအမှတ်ပြုခဲ့လေသည်။ ထို့ပြင် ဆရာကြီးသခင် ကိုယ်တော်မှိုင်း၏ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုများ တွင် အားပေးထောက်ခံခဲ့ပြီး ဆရာကြီး၏ထံပါးတွင် ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုများ ကို လေးလေးနက်နက် ပါဝင်လုပ်ဆောင်ခဲ့လေသည်။ မိမိကိုယ်တိုင်လည်း ငြိမ်းချမ်းရေးကိုလိုလားသော၊ ငြိမ်းချမ်း ရေးကိုသာ တန်ဖိုးထားသော၊ ငြိမ်းချမ်းရေးကို ယုံကြည် သော၊ ငြိမ်းချမ်းရေးကို အားကိုးသော၊ ငြိမ်းချမ်းရေးကို မြတ်နိုးသော၊ ငြိမ်းချမ်းမှုကိုသာ တည်ဆောက်လိုသော ငြိမ်းချမ်းရေးသမားစစ်စစ်တစ်ယောက်အဖြစ် ခံယူထား သူဖြစ်သည်။ ထို့ကြောင့်လည်း အချို့သောပညာရှင်တို့က ဆရာတာရာသည် ကဗျာဆရာ၊ စာရေးဆရာ၊ ငြိမ်းချမ်းရေး ဗိသုကာ ဟူ၍ အသိအမှတ်ပြုဖော်ညွှန်းတင်စားကြလေသည်။
ဆရာကြီး ဒဂုန်တာရာသည် ၁၉၁၉ ခုနှစ် မေ ၁ဝ ရက်တွင် မွေးဖွားခဲ့သူဖြစ်သည်။ နာမည်မှာ ဦးဌေးမြိုင် ဖြစ်သည်။ ဆရာကြီးမွေးဖွားသည့် ခေတ်ကာလသည် မြန်မာနိုင်ငံ ကိုလိုနီခေတ် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု အားကောင်းမောင်းသန်ကာလဖြစ်သည်။ ထိုခေတ် ထိုကာလပတ်ဝန်းကျင်တွင် မွေးဖွားခဲ့ကြပြီး တိုင်းပြည် အကျိုးအတွက် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ကြသည့် မျိုးချစ်အာဇာနည်ပုဂ္ဂိုလ်ကြီးများ အမြောက်အမြား ပေါ်ထွန်းခဲ့ကြသည်ဖြစ်ရာ အိုးဝေဦးညိုမြ (၁၉၁၅ ဧပြီ ၁ဝ)၊ ဦးသိန်းဖေမြင့် (၁၉၁၄ ဇူလိုင် ၁ဝ)၊ ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ ဖေဖော်ဝါရီ ၁၃)၊ လူထုဒေါ်အမာ (၁၉၁၅ နိုဝင်ဘာ ၂၉)အစရှိသည့် ပုဂ္ဂိုလ်ကြီးတို့သည် သက်ရှိထင်ရှားမရှိကြတော့ဘဲ ရာပြည့်သက်တမ်းများကို ဖြတ်ကျော်ခဲ့ကြရာ စာရေးသူ အလင်းတန်းဂျာနယ်၊ ရွှေအမြုတေမဂ္ဂဇင်းတို့တွင် အဆိုပါပုဂ္ဂိုလ်ကြီးများကို မှတ်တမ်းတင်ဂုဏ်ပြုရေးသား ဖော်ပြခဲ့ဖူးလေသည်။ ထိုနည်းတူစွာပင် သက်ရှိထင်ရှားမရှိတော့ပြီဖြစ်သည့် ဆရာကြီးဒဂုန်တာရာကိုလည်း ကြည်ညိုလေးစား ဂုဏ်ပြုသည့်အနေဖြင့် နှစ်တစ်ရာပြည့်သက်တမ်းကို ဖြတ်သန်းတော့မည့်ကာလကို လက်လှမ်းမီသမျှလေ့လာမှတ်သားရေးသားတင်ပြမိခြင်းဖြစ်လေသည်။
ထူးခြားသည့် စာပေမှတ်တိုင်များ
ဆရာကြီး ဒဂုန်တာရာသည် ၁၅ နှစ်သားအရွယ် ကစပြီး တစ်သက်တာလုံး စာတွေရေးသွားခဲ့သည့် ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ငယ်စဉ်က ချူချာခဲ့သူဖြစ်၍ အသက်ကြီးလာသည့် နောက်ပိုင်းလည်း မျက်စိဝေဒနာ ကြောင့် စာကောင်းကောင်းမရေးနိုင်ခဲ့ဟုဆိုသည်။ မည်သို့ ဆိုစေ ဆရာကြီးသည် မြန်မာစာပေအကျိုးအတွက် တာဝန်ကျေပွန်စွာ အလုပ်အကျွေးပြုခဲ့သည့် ထူးချွန် ပြောင်မြောက်သော ပုဂ္ဂိုလ်ကြီးဖြစ်သည်မှာ ထင်ရှားလေ သည်။ ဆရာကြီး၏ ကဗျာ၊ ဝတ္ထုရှည်၊ ဝေဖန်စာစု၊ ခရီးသွားစာပေ၊ စာပေရုပ်ပုံလွှာ၊ စာပေသဘောတရား၊ နိုင်ငံရေးစာပေ စသည့် စာပေတန်ဆောင်အသီးအပွင့် များမှာ ဆရာကြီး၏ ထူးခြားသည့် စာပေမှတ်တိုင်များ ဖြစ်ခဲ့ကြလေသည်။
စစ်ပြီးခေတ် ခရစ်နှစ် ၁၉၄၆ ခုနှစ်တွင် ဆရာကြီး ဒဂုန်တာရာသည် ''တာရာမဂ္ဂဇင်း''ကို စတင်ထုတ်ဝေခဲ့ သည်။ စာပေသစ်ဟူသော သဘောတရားကိုကိုင်စွဲပြီး တာရာမဂ္ဂဇင်းကို ရေးသားထုတ်ဝေခဲ့သည်။ စာပေသည် ပြည်သူကို အလုပ်အကျွေးပြုရမည်။ စာပေသည် ပြည်သူ့ နိုင်ငံရေး ရေစီးကြောင်းနှင့်အတူ စီးဆင်းရမည်ဟူသော စာပေအယူအဆသစ် ခံယူချက်ဖြင့် ဆရာကြီးသည် တာရာ မဂ္ဂဇင်းကို ဖန်ဆင်းရာတွင် မြန်မာ့လူမှုဆက်ဆံရေး နောက်ခံများကို ဦးစားပေးဖော်ပြခဲ့လေသည်။ ဂန္ဒီအား လူအဖြစ် မြင်ရပုံ၊ မော်စီတုံး၏ ဒီမိုကရေစီသစ်၊ မက်စ်ဝါဒ နှင့်ကဗျာ၊ ချက်ပြည်၊ ကွန်မြူနစ်အယ်ဒီတာ ''ဖူးချစ်''၏ ကမ္ဘာကျော်ထောင်တွင်းစာပေ၊ ပြင်သစ်ပန်းချီဆရာ ''ဂိုဂင်''၊ ဂျာမန်ဂီတပညာရှင် ''ဗီသိုဗင်''၊ ရေဝတီတယောဆရာ ''မနူဒင်'' စသည့် ရေးသားတင်ပြမှုများဖြင့် ဒဂုန်တာရာခေတ် စာပေသစ်ကို ပျိုးထောင်ကြိုးပမ်းခဲ့သူ ဖြစ်သည်။
အရှိန်အဟုန်မြင့်တက်လာခဲ့
ထို့နောက် တာရာမဂ္ဂဇင်း၏ စာပေသစ်သဘော တရားများ ပို၍တက်ြ<ွကလာခဲ့သည်။ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုများ၊ တော်လှန်ရေးအခန်းများ ပါဝင်လာသည်။ လူ့ရာဇဝင်တွင် လုပ်သားထု၏ အခန်းကဏ္ဍကို မြှင့်တင် ပေးသည်။ ရုရှားတော်လှန်ရေး၊ မက်စ်ဝါဒ၏ စာပေအမြင် (လက်ဝဲသဘောတရားသီးသန့်)၊ မာယာကော့စကီး၏ အယူအဆ၊ လက်တင်အမေရိကမှ ပြည်သူ့ကဗျာဆရာ နီရူဒါ၏ ကဗျာ၊ ပြည်သူ့အာဏာသစ်၊ ပိုလန် ကမ္ဘာ့ငြိမ်းချမ်း ရေးညီလာခံကြီး၊ လီနင်နှင့်နေခဲ့စဉ်က၊ ရန်ကုန်ထောင် အဓိကရုဏ်း၊ ဂေါ်ကီ၏ အမေ၊ မော်စီတုံး၏ စာပေရေးရာ မိန့်ခွန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း၊ ကမ္ဘာ့ ငြိမ်းချမ်းရေးကွန်ဂရက် စသည်ဖြင့် ဒဂုန်တာရာ၏ စာပေ သစ်ခြေလှမ်းသည် စာပေသည် ပြည်သူ၏ အတွေးအခေါ်ကို ဖန်တီးနိုင်ရမည်၊ သို့မှသာ စာပေသည် ခေတ်၏ ရှေ့ဆောင်မီးရှူးတန်ဆောင်ဖြစ်လာမည်၊ တိုးတက်စာပေ အဖြစ်လည်း မြင့်မြတ်လာမည် စသည့် နှိုးဆော်ချက်များဖြင့် အရှိန်အဟုန်မြင့်တက်လာခဲ့သည်။
စာပေဂျာနယ်အမှတ်(၅) ၁၉၈၉ ခုနှစ်တွင် ''လူတို့၏ သမိုင်းခေတ်များ၊ ပြောင်းလဲလှုပ်ရှားမှုများရှိနေသမျှ ကာလ လူ့အဖွဲ့အစည်းသည်လည်း ပြောင်းလဲလျက် ရှိလေရာ ဤလူ့အဖွဲ့အစည်း၏ ပြောင်းလဲခြင်းနှင့်အတူပင် စာပေပုံသဏ္ဌာန်သည်လည်း ပြောင်းလဲလျက်ရှိလေသည်''ဟူ၍ ရေးသားတင်ပြမှုများရှိခဲ့ရာ ဆရာကြီးသည် ပြောင်းလဲခြင်းသဘာဝတရားတို့နှင့် စာပေအခြင်းအရာတို့ ထိတွေ့ဆက်စပ်မှုကို အာရုံစိုက် သတိပြုခဲ့လေသည်မို့ စာပေသစ်သဘောတရားကို လူသားကောင်းကျိုးအတွက် မျှော်လင့်ချက်ကြီးမားခဲ့ကြောင်း သိသာထင်ရှားလေသည်။ ထို့ကြောင့်လည်း ဆရာကြီး၏ မီးလောင်မြေကဗျာများ၊ မတ်လတော်လှန်ရေးကဗျာများ ဖူးပွင့်လန်းဆန်းခဲ့သလို နေရစ်တော့သက်လှယ်ရယ်၊ ညတစ်ည၊ တိမ်တိမ်ခြေဖုံး ပါလို့၊ ချစ်ချစ်၊ ပင်လယ်ဘွေ၊ စကားဝါ၊ အလှဂုဏ်၊ ဖဲမွေ့ရာပေါ်ဝယ်၊ မြဝတ်ရည်၊ မမမိ၊ ပယင်းလဲ့လဲ့၊ ကိုကို၊ မြဝတ်လွှာ၊ စိတ်ကူးယဉ်၊ မြိုင်၊ သူခိုး၊ ညိုမီဂုမ္ဘာန်၊ အဓိကရုဏ်း၊ ဟော်တယ်မယ် စသည့် လက်ရာမြောက်ဝတ္ထု များဖြင့် ဒဂုန်တာရာဟူသော စာပေခေတ်သစ်ဘဝကို မိမိရရ ဆုပ်ကိုင်ထားခဲ့လေသည်။
ထို့ပြင် တရုတ်ပြည်တွင် ဖောက်ပြန်သော နယ်ချဲ့ အလိုတော်ရိ ကူမင်တန် ပြုတ်ကျ၍ ကွန်မြူနစ်အစိုးရ အုပ်ချုပ်မှုများ၊ စစ်လိုလားသည့်အပိုင်းနှင့် စစ်ဆန့်ကျင်ရေး အပိုင်းများ၊ မြန်မာ့လူမှုဆက်ဆံရေးသမိုင်းသစ်၊ ရခိုင် တော်လှန်ရေး၊ ကရင်ရေးရာ၊ မတ်လတော်လှန်ရေးအထိမ်း အမှတ် စသည့် ရေးသားတင်ပြမှုများဖြင့် တာရာ၏ စာပေသစ်သည် ''တော်လှန်ရေးစာပေ၊ ဘဝသရုပ်မှန်စာပေ၊ ပြည်သူ့စာပေ၊ တက်ကြွသောစာပေ'' အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ကြိုးပမ်းခဲ့လေသည်။
အဖွဲ့အနွဲ့များတွင် အားသန်
ဆရာကြီး၏ ထင်ရှားသည့် ဘီဘာလေနစ်ကိုး၏ (ှနူင်္)ဝတ္ထုကိုမှီးသော ''မေ''ဝတ္ထု(၁၉၄၁)ကို ရေးသား ရာတွင် စာပေအဖွဲ့အနွဲ့၊ အနုအလှ သဘာဝပုံသဏ္ဌာန် တို့နှင့်ပတ်သက်၍ ဆရာကြီးက ဘီဘာလေနစ်ကိုးသည် အဖွဲ့အနွဲ့များ ပြောင်မြောက်သည်။ ရသပေါ်အောင် ဖွဲ့နွဲ့ရေးသားနိုင်သည်။ ထိုအဖွဲ့အနွဲ့များကို လွန်စွာ နှစ်ခြိုက်သည်။ ကြိုက်သည်။ မိမိကိုယ်တိုင်လည်း အဖွဲ့အနွဲ့ များတွင် အားသန်သည်။ ဝါသနာထုံသည်။ ဖွဲ့နွဲ့ရေးသား ခြင်းဖြင့် အနုရသဖန်တီးမှုကို အာရုံထားသည်။ ဘီဘာ လေနစ်ကိုးသည် မိမိအကြိုက်လည်းဖြစ်သည့်အပြင် အောက်စဖို့ဒ်တက္ကသိုလ်ကြီး၏ သမဂ္ဂဥက္ကဋ္ဌလည်းဖြစ်ကာ လူပျိုကြီး(မိမိကဲ့သို့)ဖြစ်ခြင်းကြောင့် လွန်စွာစွဲလမ်း နှစ်သက်မှုများဖြစ်ရာ ''မေ''ဝတ္ထုကို အသက်သွင်းဖန်ဆင်း ခဲ့ခြင်းဖြစ်ကြောင်း (သရပါမဂ္ဂဇင်း ၂ဝ၁ဝ ဖေဖော်ဝါရီ)တွင် ကိုယ်တိုင်ဖွင့်ဟဝန်ခံရေးသားခဲ့လေသည်။
ဆရာကြီးဒဂုန်တာရာသည် ၁၃ဝဝ ပြည့်နှစ် အမျိုးသားလွတ်လပ်ရေးကြိုးပမ်းသည့်ကာလ၊ အရေးတော်ပုံ ခေတ်၊ နယ်ချဲ့တော်လှန်ရေးစစ်ပွဲကာလ၊ ဖက်ဆစ် တော်လှန်ရေးကာလ၊ စစ်ပြီးခေတ် လွတ်လပ်ရေးတိုက်ပွဲဝင် ကာလတို့တွင် စိတ်ရောကိုယ်ပါ ပါဝင်ကြိုးပမ်းခဲ့သူဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ဆောင်ရွက်ရာတွင်လည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင် ဗဟိန်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ ဂျာနယ်ကျော်မမလေး၊ လူထုဦးလှ၊ လူထုဒေါ်အမာ အစရှိသည့် ပညာရှင်အသီးသီး တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့ပြင် ရှမ်း၊ ဓနု၊ ပအိုဝ်း၊ အင်းသား၊ တောင်ရိုး၊ ပလောင် စသည့် တိုင်းရင်းသား တို့နှင့်လည်းကောင်း၊ ခေတ်သစ်လူငယ်လူရွယ်များနှင့် လည်းကောင်း ပူးပေါင်းခဲ့သလို ကမ္ဘာ့ပညာရှင်ကြီးများ ဖြစ်ကြသည့် ကဗျာဆရာကြီး နီရူဒါ၊ ရုရှားစာရေးဆရာကြီး အာရင်ဗတ်၊ အင်္ဂလိပ်စာရေးဆရာကြီး အိပ်ခ်ျဂျီဝဲလ်၊ တရုတ်စာရေးဆရာကြီး ကူမျိုးဂျိုး၊ အခြားလူမျိုးစုံ ငြိမ်းချမ်းရေး အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့လေသည်။ ထို့ကြောင့်လည်း ၁၉၆၁ ခုနှစ်တွင် ဆရာကြီးသည် ဆွီဒင် နိုင်ငံ စတော့ဟုမ်းမြို့ ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေးကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေး ခွင့်များ ရရှိခဲ့လေသည်။
ငြိမ်းချမ်းရေးအာသီသ ပြင်းပြလေ့ရှိသည့် ဆရာကြီး သည် ကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ တာဝန်ယူစဉ် ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်အထိ အထိန်းသိမ်းခံဘဝကို ရင်ဆိုင်ခဲ့ရဖူးသူဖြစ်သည်။ ထို့နောက် ၁၉၈၁ ခုနှစ်တွင် နိုင်ငံ့ဂုဏ်ရည် ဒုတိယဆင့် ကို ရရှိခဲ့သည်။ ခရစ်နှစ် ၂ဝဝဝ ပြည့်နှစ်တွင်မူ ပခုက္ကူ ဦးအုံးဖေ တစ်သက်တာစာပေဆုကို ရရှိခဲ့လေ သည်။
၂ဝ၁၃ ခုနှစ် သြဂုတ် ၁၉ ရက်တွင် ဆရာကြီးသည် ¤င်းနေထိုင်ရာ အမှတ်(၉၁) ဈေးအနောက်ဘက် ရွာငံစုရပ် အောင်ပန်းမြို့ ရှမ်းပြည်နယ် (သာမိုင်ခမ်း)တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်ဖြစ်ရာ ယခုအခါ ဆရာကြီး၏ ရာပြည့်မွေးနေ့သက်တမ်းကို ဖြတ်သန်းရတော့မည် ဖြစ်သည်။ မြန်မာစာပေသမိုင်းတွင် မီးရှူးတန်ဆောင် ဖြစ်ခဲ့သည့် ဆရာကြီးဒဂုန်တာရာ၏ ငြိမ်းချမ်းရေးသံစဉ် များဖြစ်သည့် ''ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူ သာရှိ၊ နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေ ဖွဲ့တာ''ဟူသော ကမ္ပည်းမှတ်တမ်းသည် လောက၏ အလှ ကျက်သရေအဖြစ် ထာဝရခိုင်မာ ထင်ရှားနေမည် ဖြစ်ကြောင်း ဆရာကြီး၏ နှစ်တစ်ရာပြည့်မွေးနေ့ကာလကို ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရသည်တကား။ ။
ဖေသိန်းမြင့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment