Latest News

Wednesday, July 11, 2018

အင်္ဂလန်တို့ ထိန်းချုပ်ကစားဖို့ခက်ခဲမယ့်ခရိုအေးရှားရဲ့ ကွင်းလယ်စုဖွဲ့မှု

အင်္ဂလန်တို့ ထိန်းချုပ်ကစားဖို့ခက်ခဲမယ့်ခရိုအေးရှားရဲ့ ကွင်းလယ်စုဖွဲ့မှု

အင်္ဂလန်အသင်းဟာ ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်မှာ ခရိုအေးရှားအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပြီး ကွင်းလယ်အား စုဖွဲ့မှုကောင်းတဲ့ ခရိုအေးရှားအသင်းကို ကျော်ဖြတ်ဖို့ ခက်ပါလိမ့်မယ်။

ခရိုအေးရှားအသင်းက  အုပ်စုအဆင့်မှာ နာမည်ကြီး အာဂျင်တီးနားအသင်း ကိုတောင် အန်တီရီဘစ်၊ လူကာမိုဒရစ်၊ ရာကီတစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ သုံးဂိုး ပြတ်နဲ့ အနိုင်ရခဲ့တာပါ။ ဒါ့အပြင် အိုက်စလန်ကို နှစ်ဂိုး-တစ်ဂိုး၊ နိုင်ဂျီးရီးယားကို နှစ်ဂိုး-ဂိုးမရှိဆိုတဲ့ရလဒ်တွေနဲ့ အုပ်စုအဆင့်မှာ ပထမနေရာကနေ ၁၆ သင်းအဆင့်ကို တက်လာခဲ့တာဖြစ်ပါတယ်။

၁၆ သင်းအဆင့်မှာဆိုရင်လည်း ဒိန်းမတ်အသင်းကို ပင်နယ်တီအဆုံးအဖြတ် နဲ့ ကွာတားဖိုင်နယ်တက်ခဲ့ပြီး ကွာတားဖိုင်နယ်မှာလည်း အိမ်ရှင်ရုရှားအသင်းကို အနိုင်ကစားနိုင်ခဲ့တာမို့ ရုရှားရဲ့ကမ္ဘာ့ဖလားအိပ်မက်ကို ပျက်စီးစေခဲ့တာပါ။ အဲဒီ မှာ ခရိုအေးရှားအသင်းရဲ့ မတူညီတဲ့အပိုင်းက ကစားသမားတိုင်းဟာ ဂိုးသွင်းနိုင် တာပဲဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ရီဘစ်၊ မိုဒရစ်၊ ရာကီတစ်၊ မီလန်ဘာဒယ်၊ ပီရီဆစ်၊ မန်ဇူကစ်၊ ကရာမာရစ်တို့ဟာ ဂိုးသွင်းထားကြပါတယ်။

ခရိုအေးရှားအသင်းရဲ့ ပုံမှန်ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းကို ကြည့်မယ် ဆိုရင် ဂိုးသမား ဆူဘာဆစ်ဟာ ဒိန်းမတ်အသင်း၊ ရုရှားအသင်းတို့နဲ့ ပွဲစဉ်တွေမှာ ပြိုင်ဘက်ကစားသမားတွေရဲ့     ဂိုးပေါက်ခြိမ်းခြောက်မှုကို ကာကွယ်နိုင်ခဲ့ပါတယ်။ ညာနောက်ခံကစားသမား ကော်လူကာဟာဆိုရင် အသက်  ၃၂  နှစ်အရွယ်ရှိပြီ ဖြစ်ပေမယ့် ခရိုအေးရှားအတွက် အားထားရသလို ဗဟိုခံစစ်မှူးတွေဖြစ်တဲ့ လော့ဗ်ရန် နဲ့ ဗီဒါတို့ကလည်း နောက်တန်းအတွက် စိတ်ချရတဲ့အနေအထားပါ။

ခရိုအေးရှားအသင်းမှာ  အတောင့်တင်းဆုံးကတော့  ကွင်းလယ်ပိုင်းပါပဲ။ ကွင်းလယ်မှာဆိုရင် လူကာမိုဒရစ်၊ ရာကီတစ်နဲ့ ကရာမာရစ်တို့ဟာ ရှေ့၊ လယ်၊ နောက် အချိတ်အဆက်မိအောင် ထိန်းထားနိုင်ခဲ့တဲ့အပြင် သူတို့ကိုယ်တိုင်လည်း ဂိုးသွင်း ခြေစွမ်းတွေရှိနေတာပါပဲ။ လူကာမိုဒရစ်ဟာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ် ကစားသမားတစ်ဦးဖြစ်ပြီး  အာဂျင်တီးနားအသင်းနဲ့   ပွဲစဉ်မှာဆိုရင်  အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး လက်ရှိမှာလည်း နှစ်ဂိုးသွင်း ထားတာဖြစ်ပါတယ်။ ရာကီတစ်ကလည်း ဘာစီလိုနာမှာ ပုံမှန် ခြေစွမ်းရခဲ့တာမို့  အခုကမ္ဘာ့ဖလားမှာလည်း  ခရိုအေးရှားရဲ့ကွင်းလယ် ပိုင်းမှာ မိုဒရစ်နဲ့အတူ အကောင်းဆုံးခြေစွမ်းပိုင်ဆိုင်ထားပါတယ်။ ကရာမာရစ်ကတော့ ကွင်းလယ်ရော တိုက်စစ်ပါ လိုက်ပါကစားနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ခရိုအေးရှားမှာ အဓိကအားအထားရဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ မန်ဇူကစ်ကလည်း ပြိုင်ဘက်အသင်းတွေရဲ့ နောက်တန်းခံစစ်ကို အကောင်းဆုံးဒုက္ခပေးနိုင်တာဖြစ်လို့ ခရိုအေးရှား အသင်းက စုဖွဲ့မှု ပိုမိုအားကောင်းနေတာလည်း ဖြစ်ပါတယ်။

အင်္ဂလန်အသင်းကတော့ တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းမှာ အားရကျေနပ်မှု အပြည့်ပေးနိုင်တဲ့ကစားသမားတွေရှိနေပေမယ့်   ကွင်းလယ်ပိုင်းမှာတော့ အားနည်းချက်တွေရှိနေပါတယ်။  အဲဒါဟာ  နည်းပြဆောက်ဂိတ်အတွက် အဓိကပြင်ဆင်ရမယ့်အပိုင်းပါ။ ဘာလို့လဲဆိုရင် ခရိုအေးရှားက ကွင်းလယ် စုဖွဲ့မှုအားကောင်းတာမို့    ဆီမီးဖိုင်နယ်မှာ  အင်္ဂလန်တို့ ခက်ခက်ခဲခဲကစားရဖို့ကတော့ သေချာနေပါတယ်။

Mirror

No comments:

Post a Comment