ခဝဲခြံမျက်မမြင်ကျောင်းရှိ အာဂါဗေ ဂျပန်မျက်မမြင်အနှိပ်ရုံသို့ နေ့စဉ် ဦးရေ ၇ဝ မှ ၁ဝဝ ကျော်အထိ လာရောက်အနှိပ်ခံလျက်ရှိကြောင်း အဆိုပါကျောင်းမှ ပြန်လည်ထူထောင်ရေးနှင့် အလုပ်နေရာချထားရေး ဌာန ကျောင်းအုပ်ကြီး ဒေါ်သန်းလှထံမှ သိရသည်။
အဆိုပါ အာဂါဗေဂျပန်မျက်မမြင် အနှိပ်ရုံကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားခြင်းဖြစ်ကာ တစ်ပတ်လျှင် တနင်္ဂနွေနေ့တစ်ရက်သာ ပိတ်ပြီး နှိပ်ခအဖြစ် တစ်နာရီ ၁၅ မိနစ်ကို ငွေကျပ် ၅ဝဝဝ မှ ၈ဝဝဝ အထိ ကျသင့်ကြောင်း၊ အဆိုပါအနှိပ်ရုံ၌ ဂျပန်အနှိပ်ပညာရှင် ၄၂ ဦးက ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။
''စနေနေ့ဆိုရင်တော့ လူဦးရေ ၁၄ဝ လောက်လာကြတယ်။ များသောအားဖြင့် အကြောတက်တာတို့၊ ညောင်းညာကိုက်ခဲတာ တို့ကို လာရောက်အနှိပ်ခံကြတာပါ။ ဒီကနှိပ်ပေးတဲ့ ကလေးတွေက ဂျပန်နိုင်ငံက လာတဲ့ ဂျပန်ဆရာကြီး ကိုယ်တိုင်သင်ပေးတဲ့ ကလေးတွေလည်း ပါပါတယ်။ တချို့လည်း လက်ဆင့်ကမ်း သင်ကြားပေးသူတွေပါတယ်'' ဟု ဒေါ်သန်းလှကပြောသည်။
ဂျပန်အနှိပ်ပညာရှင်သည် ၂ဝဝ၅ ခုနှစ်တွင် အနှိပ်ပညာကို လာရောက်သင်ကြားပေးပြီး ၂ဝဝ၈ ခုနှစ်တွင် ယင်းအနှိပ်ရုံအား စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်ထိ ပညာရှင် ၁၆၅ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဂျပန်အနှိပ်ပညာရှင်များသည် ရန်ကုန်၊ ဘားအံ၊ တောင်ကြီး၊ မြစ်ကြီးနား၊ ဗန်းမော်စသည့် ဒေသတို့၌ အနှိပ်ရုံများ ဖွင့်လှစ်ကာ ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။
MWD
No comments:
Post a Comment