လူနှင့် ဗေဒင်ယတြာ
မည်သည့်အမှုကိစ္စအား ဆောင်ရွက်တော့မည် ဖြစ်စေ၊ ဆောင်ရွက်ခြင်းသို့မရောက်မီ ရှေးဦးစွာ ဗေဒင်ဆရာများဆီသို့ အပြေး သွား၍ ဆောင်ရွက်မည့်ကိစ္စ အောင်မြင် မည်လော၊ မအောင်မြင်မည်လောဟုမေးမြန်း တတ်သောလူပေါင်းများစွာအား ပတ်ဝန်းကျင် တိုင်းတွင် မြင်တွေ့ဖူးခဲ့သည်။ ထိုပြုလုပ် ဆောင်ရွက်မည့် အမှုကိစ္စအဆင်ပြေ ချောမွေ့မှုရှိစေရန်အတွက်လည်း ဗေဒင်ဆရာ များထံမှ ယတြာများတောင်းတတ်ကြပေသည်။ ဗေဒင်ဆရာပေးလိုက်သော ယတြာတိုင်း ကိုလည်း ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ စဉ်းစားမနေတော့ဘဲ မရမကလိုက်လံချေ တတ်သော၊ အဆောင်အဖြစ် ဆောင်တတ် သည့်သူများကိုလည်း များစွာမြင်တွေ့ခဲ့ရဖူး ပါသည်။ ဗေဒင်ယတြာကို အကြွင်းမဲ့ ယုံကြည်သောသူများဟုသာ ဆိုရပါလိမ့် မည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆို နေစဉ်ကလည်း လူမှုကွန်ရက်စာမျက်နှာ အထက်တွင် ¤င်းဗေဒင်ယတြာနှင့် သက်ဆိုင်သော ဓာတ်ပုံပို့စ်လေးတစ်ခုအား လည်း ထူးဆန်းစွာ မြင်တွေ့လိုက်ရပါသည်။ မည်သည့်ဗေဒင်ဆရာက မည်သူကို မည်သို့ ဗေဒင်ဟောပြော၍ မည်သို့သောယတြာကို ပေးလိုက်သည်တော့မသိပါ။ ကတ်ပြားလေး တစ်ခုအပေါ်တွင် ဆော့ပင်ဖြင့်စာများ ရေးသားထားပြီး ထိုးစိုက်ထားသော အုန်းပွဲ၊ ငှက်ပျောပွဲ ဓာတ်ပုံလေးသာ ဖြစ်ပါသည်။ ကတ်ပြားလေးအပေါ်တွင် ရေးသားထားသည့် စာများမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသူလေးတစ်ဦး အနေဖြင့် စာမေးပွဲအားဘာသာစုံဂုဏ်ထူး ဖြင့်အောင်မြင်ရပါစေဟူသော ဆုတောင်း စာသားလေးသာဖြစ်ပါသည်။ ကျောင်းသူလေး ၏ အမည်ပင်အတိအကျ ပါလိုက်သေး၏။ မိဘဖြစ်သူက သားသမီးအတွက် ဆုတောင်း ယတြာချေ ပေးထားဟန်တူပါသည်။ ဆုတောင်းစာသားလေးကို ကြည့်ရသည်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား တိုင်တည်ထားဟန်လည်း တူပါ၏။
ဘာသာစုံဂုဏ်ထူးမျှော်မှန်း ဆုတောင်း ထားသည့်အတွက်လည်း လောဘကြီးလွန်း သော ဆုတောင်းဟုသာ ဆိုရပါလိမ့်မည်။ မည်သည့်ဗေဒင်ဆရာက မည်သို့တွက်ချက် ခြင်းဖြင့် ယတြာပေးလိုက်သည်ကိုတော့မသိပါ။ ကျောင်းသူလေးအနေဖြင့်လည်း တက္ကသိုလ် ဝင်တန်းစာမေးပွဲအား ထိုကဲ့သို့ ပွဲပေးဆုတောင်း လိုက်ရုံဖြင့် အမှန်တကယ် ဘာသာစုံဂုဏ်ထူး ဖြင့် အောင်မြင်လာမည်လားဟူသည်ကိုလည်း အောင်စာရင်းထွက်သည့်အခါမှသာ အတိ အကျ သိရပါလိမ့်မည်။ မျှော်မှန်းထား သည့်အတိုင်း ဖြစ်မလာလျှင်ကော ဗေဒင် ဆရာအနေဖြင့် မည်သို့မည်ပုံ တာဝန်ယူပေး မလဲဟူသည်ကိုလည်း စိတ်ဝင်စားမိပါသည်။ အမှန်တော့ ထိုဗေဒင်မေးသော သူကိုလည်း ဗေဒင်ဆရာက မည်သို့သော အာမခံချက်မှ ပေးလိုက်မည်လည်းမဟုတ်ပါ။ စင်စစ်ဗေဒင် မေးသူများအား ဗေဒင်ဆရာများပေးနိုင်သည် မှာ အမျိုးမျိုးသောယတြာများသာ ဖြစ်ပါ၏။ ထိုယတြာများအား မလွဲမသွေချေခြင်းဖြင့် မျှော်လင့်ထားသည်များ အရာရာအဆင်ပြေ လာလျှင်လည်း ကောင်းပေလိမ့်မည်။
စင်စစ် ဤအရာသည် အလွဲမှားကြီးလွဲမှား ၍နေသော အမှားအယွင်းကြီးတစ်ခုသာဖြစ်ပါပေသည်။ ဤသို့ဆိုလျှင် ¤င်းဗေဒင်ပညာ သည် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး မပေါ်ထွန်းစဉ်ကာလကတည်းက တည်ရှိခဲ့ သော ပညာရပ်ဟုဆိုကြပါလိမ့်မည်။ ဟုတ်ပါ သည် မှန်ပါသည်။ အမှန်ပင် ဗေဒင်ပညာရပ် ဆိုသည်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ကြီး မပေါ်ထွန်းစဉ်ကာလကတည်းက တည်ရှိ ခဲ့သော ပညာရပ်တစ်ခုသာဖြစ်ပါ၏။ သို့သော် ¤င်းဗေဒင်ပညာရပ်ဆိုသည်မှာ အချိန်ကာလ အကြောင်းအကျိုးကိုကြည့်၍ မှန်းဆတွက် ချက်ပေးသော စိတ်ပညာရပ်တစ်ခုသာ ဖြစ်ပါပေသည်။ ဖြစ်ခဲ့ဖူးသော သာဓကများ ကိုလေ့လာတွက်ချက်ခြင်းဖြင့် ဖြစ်နိုင်ခြေရှိ သည်ဟုသာ မှန်းဆဟောပြောပေးခြင်း ဖြစ်ပါသည်။ မှန်းဆတွက်ချက်သည့်အတိုင်း အရာရာသည် ဤသည်မရွေး ဖြစ်လာနိုင်မည် တော့မဟုတ်ပေ။
တစ်နည်းအားဖြင့် မိမိ၏ အတိတ်၊ ပစ္စုပ္ပန်များတွင် ပြုမူခဲ့ဖူးသော ကုသိုလ်အမှု၊ အကုသိုလ်အမှုများကသာ မိမိ၏အနာဂတ်ကို အတိအကျ ဖန်တီးပုံဖော်ပေးနေခြင်းလည်း ဖြစ်ပါသည်။အထူးသဖြင့် မိမိ၏လက်ရှိပစ္စုပ္ပန် အပြုအမူများသည် မိမိအတွက်ကောင်းခြင်း၊ ဆိုးခြင်းများအား ဖြစ်ပေါ်တည်ရှိလာစေခြင်း လည်းဖြစ်ပါသည်။ မိမိကောင်းမှုပြုလျှင် မိမိ အနေဖြင့် ကောင်းကျိုးရရှိခံစားရမည်သာ ဖြစ်ပြီး မိမိမကောင်းမှုပြုမိလျှင်လည်း မိမိ အနေဖြင့် မကောင်းသောအကျိုးကိုသာ ခံစားရမည်သာဖြစ်ပါသည်။ အဘယ်တွင် ဗေဒင်၊ ယတြာအား အားကိုး၍ရမည်နည်း စဉ်းစား သတိပြုမိကြစေလိုပါသည်။ ကျောင်းသားတစ်ဦးအနေဖြင့် စာမေးပွဲ အောင်မြင်လိုလျှင် စာမေးပွဲတွင်မေးသော မေးခွန်းများအား ဖြေဆိုနိုင်မှသာဖြစ်ပေလိမ့် မည်။ ထိုမေးခွန်းများကို ဖြေဆိုနိုင်ရန်အတွက် ကျောင်းသားအနေဖြင့် စာရမှသာဖြစ်ပေလိမ့် မည်။ ထိုကဲ့သို့ စာရရန်အတွက်တော့ ကျောင်းသားအနေဖြင့် သင်ခန်းစာများအား နေ့စဉ် လေ့လာကျက်မှတ်နိုင်မှသာ ဖြစ်ပေ လိမ့်မည်။ ဤသို့မှမဟုတ်ဘဲ ကျောင်းသား ဖြစ်ပြီး သင်ခန်းစာများ လေ့လာကျက်မှတ် ခြင်းမရှိပါဘဲ ဗေဒင်လေးမေး ယတြာလေးချေ ရုံဖြင့် စာမေးပွဲတွင် အောင်မြင်စွာဖြေဆိုနိုင်လိမ့် မည်လည်း မဟုတ်ပါ။ မည်သို့သော ဗေဒင် ဆရာမှပေးသော မည်သို့သောယတြာဖြစ်နေ ပါစေ၊ ထိုကဲ့သို့သော ကျောင်းသားမျိုး အတွက်တော့ ထိုယတြာသည်လည်း အစွမ်းသတ္တိရှိနိုင်လိမ့်မည်မဟုတ်ပါ။
စင်စစ် သင်ခန်းစာများအား ကျက်မှတ် ပိုင်နိုင်နေသော ကျောင်းသားများအတွက် တော့ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် မည်သည့် ယတြာမှလည်း လိုလိမ့်မည်မဟုတ်ပါ။ ထိုအရာသည် မြင်သာသော သာဓကတစ်ခုကို သာ ဖော်ပြရခြင်းဖြစ်ပါသည်။ အခြားသော ကိစ္စများသည်လည်း ထိုနည်းအတိုင်းသာ ဖြစ်ပါ၏။
မိမိအတွက် ကောင်းသောအကျိုး၊ မကောင်းသောအကျိုး ခံစားရခြင်းများသည် မိမိ၏ကုသိုလ်အမှု၊ အကုသိုလ်အမှုပြုမူ ဆောင်ရွက်ချက်များအပေါ်တွင်သာ အဓိက မူတည်နေတတ်ခြင်းဖြစ်ပါ၏။ ဤနေရာတွင် အလျဉ်းသင့်သဖြင့် ကွယ်လွန်သွားပြီဖြစ်သော ဆရာကြီး(ဦး)အောင်သင်း၏စာထဲမှ ဗေဒင် နှင့်ဆိုင်သော ပုံပြင်လေးတစ်ပုဒ်အား ထည့်သွင်းဖော်ပြလိုပါသည်။ ထိုပုံပြင်လေးမှာ အောက်ပါအတိုင်းဖြစ်ပါ၏။ တစ်ခါက ဗေဒင် လက္ခဏာကျွမ်းကျင်သော ပုဏ္ဏားတစ်ယောက် သည် ခရီးသွားရင်းလမ်းပေါ်တွင် ခြေရာ တစ်ခုကို တွေ့လိုက်သည်။ ခြေရာအပေါ်တွင် ပေါ်နေသော အရေးအကြောင်းလက္ခဏာကို ကြည့်လိုက်တော့ မင်းဧကရာဇ်တို့၏လက္ခဏာ ဖြစ်နေသည်။ ပြည်သူလူထု၏အခြေအနေကို စနည်းနာရန်ထွက်လေသော ပြည့်ရှင်တစ်ပါး ၏ခြေရာလေလော၊ မင်းလောင်း၏ခြေရာ လေလော သိလိုစိတ်ပြင်းပြလာသောကြောင့် ခြေရာကို နောက်ယောင်ခံလိုက်လံမိသည်။ ထိုသို့နှင့် ခြေရာရှင်ယောက်ျားကို တွေ့လေ တော့သည်။
ထို့ကြောင့် ဆက်၍လိုက်မိသည်။ ဤသို့ ဖြင့် လမ်းခုလတ်တစ်နေရာ ရောက်သည့် အခါတွင်တော့ ထိုယောက်ျားအပေါ့စွန့်လေ ၏။ ထိုအခါ ပုဏ္ဏားကြီး ဘဝင်မကျနိုင် တော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုယောက်ျား အပေါ့စွန့်နေသည်မှာ အောက်တန်းကျလွန်းသည်ဟု မြင်တွေ့တွေး မိလိုက်ခြင်းကြောင့်သာ ဖြစ်ပါ၏။ သို့သော် ခြေရာအရေးအကြောင်းကလည်း မုချ မင်းဧကရာဇ်တစ်ပါးဖြစ်ရမည်ဟု ညွှန်းနေ ပေသည်။ ထို့ကြောင့် ဆက်ပြီးလိုက်သွားရင်း ထိုယောက်ျားနှင့်ခရီးဖော်အဖြစ် မိတ်ဖွဲ့လိုက် ပါတော့သည်။ နောက်ဆုံးပုဏ္ဏားကြီးအနေဖြင့် စောင့်ဆိုင်း၍ မနေနိုင်တော့ဘဲ မသိမသာ အမေးစကား ဆိုရပါတော့သည်။ ''ဒီက မိတ်ဆွေက ဘာအလုပ်လုပ်သလဲ'' ''ကျုပ်က ဇာတ်ထဲကပါ၊ ဇာတ်သမားပါ''၊ '' ဇာတ်ထဲ မှာကော ဘာလုပ်ရပါသလဲ'' ပုဏ္ဏားကြီး၏အမေးစကားကို ထိုယောက်ျားကလည်း အေးဆေးတည်ငြိမ်စွာပင် ပြန်လည်၍ ဖြေကြားလိုက်ပါသည်။ ''ကျုပ်က ဇာတ်ထဲမှာ ရှင်ဘုရင်လုပ်ရပါတယ်'' ဟူ၏။ ပုံပြင်လေးက ဤမျှသာဖြစ်ပါသည်။ ပုံပြင်ထဲကယောက်ျား ၏ ခြေရာပေါ်မှ အရေးအကြောင်းများသည် ရှင်ဘုရင်ဖြစ်ရမည့် အရေးအကြောင်းများ သာဖြစ်ပါ၏။ အမှန်လည်း ထိုယောက်ျားသည် ရှင်ဘုရင်ဖြစ်ပါ၏။ သို့သော် ဇာတ်ထဲမှ ရှင်ဘုရင်။ ဤသည်ကိုကြည့်ရုံဖြင့် ဗေဒင်ပညာ ရပ်ဆိုသည်မှာ ဖြစ်နိုင်ခြေရှိခြင်းကိုသာ ညွှန်းဆိုနေခြင်းဖြစ်ပြီး အရာရာသည်ကတော့ မိမိ၏အပြုအမူဆောင်ရွက်ချက်တိုင်းအပေါ် တွင်သာမူတည်နေကြောင်း သိသာမြင်သာနေ ပြီဖြစ်ပါသည်။ ကောင်းသောအမှုပြုလုပ်လျှင် ကောင်းသောကျိုးခံစားရမည်ဖြစ်ပြီး မကောင်း သောအမှုပြုလုပ်လျှင် မကောင်းသောအကျိုး ခံစားရမည်ဆိုသည်ကို တွေးမြင်ဆင်ခြင်နိုင်ခဲ့ မည်ဆိုလျှင်လည်း အထူးအထွေယတြာချေ နေစရာပင်မလိုဘဲ မိမိ၏အပြုအမူ ဆောင်ရွက်ချက်တိုင်းကိုသာ အကောင်းဆုံး ဖြစ်အောင် အစဉ်သဖြင့် အသိသတိဖြင့်ယှဉ်၍ ကြိုးစားရှင်သန်နေထိုင်နိုင်ရန်သာ အရေးကြီး လှပါကြောင်း သတိပေးဆန္ဒပြုတင်ပြလိုက်ရပါ ပေသည်။
ခက်ဆစ်လင်း ( ပြည် )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment