တစ်ခါတုန်းက လူနေအိမ်ခြေ အဆက်ပြတ်လွန်းတဲ့ တောလမ်းမတစ်ခုပေါ်မှာ အဘိုးအိုသုံးယောက် လမ်းလျှောက်လာကြတယ်။ ခရီးဝေးက လမ်းလျှောက်လာခဲ့ ကြရတော့ သူတို့ဝတ်ထားတဲ့ အဖြူရောင် ဝတ်စုံတွေက နွမ်းရော်ပြီး ဝါကြင်ကြင်အရောင်ပေါက်နေကြတယ်။ ဒါပေမယ့် ကြည်လင်နေတဲ့ သူတို့မျက်လုံးတွေမှာတော့ အေးချမ်းမှုတွေနဲ့ ပြည့်ဝနေတယ်။ ညနေစောင်းနေပြီ ဖြစ်တဲ့အပြင် အလွန်လည်း မောပန်းနွမ်းနယ်နေတာကြောင့် သူတို့တွေဟာ လူနေအိမ်တစ်အိမ်အိမ်ကို ရှာဖွေအကူညီ တောင်းကာ တစ်ညတာ တည်းခိုနေထိုင်ပြီး အနားယူလိုကြ တယ်။ ဒါကြောင့် သူတို့လျှောက်နေတဲ့ လမ်းဘေးဝဲယာ အနီးနားဝန်းကျင်မှာ လူနေအိမ်ကို ရှာဖွေကြတယ်။ ဒါပေမယ့် လူနေအိမ် ကျဲပါးလွန်းတဲ့အတွက် အိမ်နဲ့တူတာ ကို မတွေ့ကြဘူး။
အဘိုးအိုသုံးယောက်ဟာ ကံကောင်းထောက်မစွာဘဲ မိုင်ဝက်နီးပါးလောက် တရွေ့ရွေ့ခရီးဆက်ပြီးတဲ့အခါ လမ်းဘေးမှာ အပင်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ သပ်ရပ် သန့်ရှင်းနေတဲ့ မြေစိုက်အိမ်လေးတစ်လုံးကို တွေ့လိုက် ရတယ်။ အချိန်ကလည်း နေဝင်တော့မှာဖြစ်လို့ တစ်ညတာ နားနေတည်းခိုဖို့ အိမ်ရှင်ကို အကူညီတောင်းရန်အတွက် အိမ်ဘက်ဆီကို တက်ြ<ွကတဲ့ ခြေလှမ်းတွေနဲ့ ဦးတည် လျှောက်လှမ်းသွားကြတယ်။ ဒါပေမယ့် အိမ်ထဲမှာ လူကြီး တွေ ရှိမနေဘူး။ ခြောက်နှစ်အရွယ်လောက် ကောင်မလေး တစ်ယောက်သာ ရှိနေတယ်။ ကောင်မလေးကို မိဘတွေ အိမ်မှာမရှိကြဘူးလား၊ အဘိုးတို့ တစ်ညလောက် တည်းခို ချင်လို့ပါလို့ အဘိုးအိုသုံးယောက်ထဲက တုတ်တုတ်ခိုင်ခိုင် ရှိတဲ့ အဘိုးအိုတစ်ယောက်က ပြောတယ်။ အရွယ်နဲ့ မလိုက်အောင် သွက်လက်ချက်ချာလွန်းတဲ့ အိမ်ရှင် ကောင်မလေးက တောထဲသွားကြတဲ့မိဘများ ပြန်လာချိန် နီးပြီဖြစ်ကြောင်းပြောပြီး အိမ်ထဲဝင်ထိုင်ရန် ခေါ်တယ်။
အဘိုးအိုသုံးယောက်လည်း အိမ်ရှင်လူကြီးတွေမရှိတဲ့ အိမ်ထဲကို မဝင်သေးဘဲ အိမ်ရှင်လူကြီးတွေ လာမယ့်အချိန် ကိုပဲ အိမ်ရှေ့ခမ်းလှမ်းလှမ်းရှိ သစ်ပင်အောက်ကပဲ ထိုင်စောင့်နေကြတယ်။ မကြာမီမှာပဲ ထင်းစည်းတွေရွက်ပြီး အိမ်ရှင်ဇနီးမောင်နှံ ပြန်ရောက်လာကြတယ်။ အဘိုးအို သုံးယောက်လည်း အိမ်ရှင်ဇနီး မောင်နှံထံမှာ တစ်ညတာ တည်းခိုနေထိုင်ဖို့ အကူအညီတောင်းကြတာပေါ့။
''ရပါတယ် အဘိုးတို့ရယ် တစ်ညမကပါဘူး၊ အဘိုး တို့ အမောအပန်းမပြေမချင်း၊ ခရီးမဆက်မချင်း၊ ဆန္ဒ ရှိသလောက် ကျွန်တော်တို့အိမ်မှာ စိတ်ကြိုက်တည်းခို နားနေနိုင်ပါတယ်''လို့ စိတ်သဘောထားဖြူစင်ကောင်းမွန် တဲ့ အိမ်ရှင်ယောက်ျားက ပြောတယ်။ အိမ်ရှင်မိန်းမကလည်း ယောက်ျားဖြစ်သူလိုပဲ အမောအပန်းပြေတဲ့အထိ အနားယူ ပြီးမှသာ ခရီးဆက်ရန်ပြောတယ်။
ဆင်းရဲသော်လည်း စိတ်သဘောထား ကောင်းမွန် ဖြူစင်လွန်းတဲ့ အိမ်ရှင်မိသားစု သုံးယောက်ကို သဘောကျ ချစ်ခင်သွားတဲ့ အဘိုးအိုသုံးယောက်ဟာ အိမ်ရှင်မိသားစုကို ဆင်းရဲတွင်းက ကယ်မဖို့ သူတို့ဘဝအမှန်တွေကို ထုတ်ဖော် ပြောဆိုကြတယ်။ အိမ်ရှင်ဇနီးမောင်နှံရဲ့ သမီးလေးက ခဏချင်းလေး ရင်းနှီးချစ်ခင်သွားပြီး ရယ်မောကာ စကားတွေပြောနေတဲ့ ဖြူဖြူတောင့်တောင့် အဘိုးအို ဟာ ဘိုးမေတ္တာဖြစ်တယ်၊ ခပ်ဝဝခပ်ဖိုင့်ဖိုင့် အဘိုးအိုဟာ ဘိုးချမ်းသာဖြစ်တယ်၊ သူကတော့ ဘိုးအောင်မြင် ဖြစ်တယ်၊ အဘိုးအိုသုံးယောက်ထဲမှ တစ်ယောက်က အိမ်ရှင်ဇနီးမောင်နှံကို ရှင်းပြတယ်။ သူတို့တွေဟာ နာမည်နဲ့ လိုက်တဲ့ ဂုဏ်ဒြပ်တွေ၊ စွမ်းအင်တွေကို ပိုင်ဆိုင်ကြတယ်၊ သူတို့အထဲမှ တစ်ယောက်ယောက်ကို ရွေးချယ်ခေါ်ယူ နိုင်တယ်၊ မိမိတို့ကြိုက်နှစ်သက်ရာ တစ်ယောက်ကို ခေါ်ယူပြီးရင်တော့ အခြားနှစ်ယောက်ကို ခေါ်ယူခွင့်မရ နိုင်တော့တယ်၊ ဘိုးအောင်မြင်က ဆက်လက်ရှင်းပြ ပြောဆိုတယ်။
''ကျွန်မကတော့ ဘိုးချမ်းသာကို ခေါ်မယ်။ ချမ်းသာ လာရင် ဘယ်အရာမဆို လုပ်ကိုင်အောင်မြင်နိုင်တာပဲ''
''ငါကတော့ ဘိုးအောင်မြင်ပဲ ခေါ်ချင်တယ်။အောင်မြင်လာရင် ငွေကြေးဆိုတာ မလိုချင်အောင်ရပြီး ချမ်းသာလာမှာပဲ''
ဘိုးအောင်မြင်ရဲ့ ရှင်းပြတဲ့စကားအဆုံးမှာ အိမ်ရှင် ဇနီးက ဘိုးချမ်းသာကိုခေါ်ချင်ပြီး အိမ်ရှင်ယောက်ျားက ဘိုးအောင်မြင်ကို ခေါ်ချင်တယ် အပြိုင်အဆိုင်ပြောဆို ကြရင်း ငြင်းခုံတဲ့အဆင့်ထိ ရောက်လာတယ်။ သမီး ငယ်လေးကတော့ ဘိုးမေတ္တာရဲ့ ရင်ခွင်ထဲမှာ ဝင်ထိုင်ကာ စကားတွေ တတွတ်တွတ်ပြောရင်း ရယ်မောနေဆဲပဲ။
''ကဲ သားတို့သမီးတို့နှစ်ယောက်ထဲပဲ ငြင်းခုံမနေကြ နဲ့ဦး။ သမီးလေးဆန္ဒကိုလည်း မေးကြည့်ပါဦး''လို့ ဘိုးချမ်းသာက ဝင်ပြောတယ်။ အဲဒီတော့မှ အိမ်ရှင်ဇနီး မောင်နှံက ''သမီးလေးကရော ဘိုးဘိုးသုံးယောက်ထဲက ဘယ်သူ့ကို ခေါ်ချင်လဲလို့ မေးကြပါတယ်။ ဘိုးမေတ္တာကို တွေ့တွေ့ချင်းခဏလေးနဲ့ပဲ ချစ်ခင်ရင်းနှီးသွားတဲ့ သမီးလေးဟာ ဘိုးမေတ္တာကိုသာ ခေါ်ချင်တယ် ပြော တယ်။ သမီးလေးကို အရမ်းချစ်ကြတဲ့ အိမ်ရှင်ဇနီးမောင်နှံ လည်း သမီးလေးဆန္ဒကို မပယ်ရှားချင်တာနဲ့ သမီးလေးဆန္ဒ အတိုင်း ဘိုးမေတ္တာကိုသာ ရွေးချယ်ခေါ်ယူဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်။ ပြီးတော့မှ အိမ်လေးဆီကို အိမ်ရှင်ဇနီး မောင်နှံ နှစ်ယောက်က ရှေ့မှဦးဆောင်ပြီး သမီးလေးနဲ့ ဘိုးမေတ္တာတို့က နောက်မှလိုက်ဝင်လာကြတယ်။ အိမ်လေး အနီးရောက်တဲ့အခါ ဘိုးမေတ္တာနောက်မှာ ဘိုးချမ်းသာ လိုက်လာသလို၊ ဘိုးချမ်းသာရဲ့ နောက်မှာ ဘိုးအောင်မြင်ပါ လိုက်လာခဲ့တယ်။
အစကတော့ အဘိုးသုံးယောက်ထဲက တစ်ယောက် ထဲကို ရွေးခေါ်ရမယ်။အဲဒီလိုရွေးခေါ်ရင်လည်း အခြား နှစ်ယောက်ကို ခေါ်ယူလို့မရတော့ဘူးလို့ပြောပြီး အခုလို သုံးယောက်လုံး လိုက်လာတာကို အိမ်ရှင်ဇနီးမောင်နှံက မကျေမနပ်ဖြစ်ကြတယ်။ အခုလို သုံးယောက်လုံး လိုက်လာ ရတဲ့ အကြောင်းအရင်းကိုလည်း ထုတ်ဖော်မေးကြတယ်။
''သားတို့မိသားစုမှာ ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပဲ ချမ်းသြာ<ွကယ်ဝနေပါစေ မေတ္တာတရားသာမရှိရင် အဲဒီ ချမ်းသြာ<ွကယ်ဝမှုတွေဟာ ခေတ္တခဏသာ နေထိုင်နိုင်တယ်။ အဲဒီလိုပဲ ဘယ်လောက်ပဲ အောင်မြင်မှုတွေ ရရှိနေပါစေ မေတ္တတရားသာ ရှိမနေရင် အဲဒီအောင်မြင်မှုဟာ ရေရှည် မခံဘူး။ တကယ်လို့ မေတ္တာတရားရှိနေရင်တော့ ချမ်းသာ မှုရော၊ အောင်မြင်မှုရောဟာ သူ့အလိုလို နောက်ကလိုက်ပြီး ထာဝရတည်ရှိနေလိမ့်မယ်။ ဒါကြောင့် ဘိုးမေတ္တာ တစ်ယောက်တည်းကို ခေါ်ပေမယ့် ဘိုးချမ်းသာရော၊ ဘိုးအောင်မြင်ရောက လိုက်လာရတော့ပေါ့ကွယ်''ဟု ဘိုးမေတ္တာက ရှင်းပြပါတယ်။
အထက်ပါ အကြောင်းအရာလေးဟာ ကျွန်တော် ဖတ်ဖူးတဲ့ ပုံပြင်လေးကို မှတ်မိသလို ပြန်ရေးထားတာပါ။ဘဝမှာ မအောင်မြင်ချင်တဲ့လူ၊ မချမ်းသာချင်တဲ့ လူဆိုတာ ရှားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်စွမ်းÓဏ်စွမ်းရှိသမျှနဲ့ တော့လည်း နည်းလမ်းအမျိုးမျိုးကိုသုံးပြီး အောင်မြင် ချမ်းသာမှုကိုရရှိဖို့ ကြိုးစားရုန်းကန်နေကြရတာ မဟုတ် ပါလား။ ဒါပေမယ့် တစ်ခုသတိထားသင့်တဲ့အချက်က မေတ္တာတရားကို အရင်းပြု အခြေမခံဘဲ ရရှိလာတဲ့ ချမ်းသာမှုတို့၊ အောင်မြင်မှုတို့ဟာ ကြာရှည်မခံတတ်ဘူး ဆိုတာ ဒီပုံပြင်လေးက သတိပေးထားပါတယ်။
ဒီနေရာမှာ မေတ္တာတရားမပါဘဲ လောဘဇောတိုက်ပြီး ငွေတိုးပေး အမြတ်ကြီးစားတတ်တဲ့ ကျွန်တော်တို့ ရပ်ကွက် ထဲက ဒေါ်ကြည်မြိုင်ရဲ့ အဖြစ်အပျက်လေးကို ပြောပြချင် ပါတယ်။ ဒေါ်ကြည်မြိုင်ဆိုတာ ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေကို အတိုးကြီးကြီးနဲ့ နေ့ပြန် တိုးပေး၊ ငါးထောင်တန်တဲ့ပစ္စည်းကို နှစ်ထောင်လောက်နဲ့ အပေါင်ခံ၊ သူ့အတွက် ပြန်ရောင်းလို့ အမြတ်ကျန်မယ့် ပစ္စည်းဆို ပြန်အရွေးမခံတတ်ပါဘူး။ အလွန်လည်း မောက်မာလှပါတယ်။ သူ့အြေ<ွကးရစရာရှိလို့ ပြန်မပေး နိုင်ရင် ချက်နေတဲ့ ထမင်းအိုးကအစ ကြောင်အိမ်၊ ဗီရို အဆုံး အကုန်ဇွတ်သိမ်းဇွတ်ယူ လုပ်တတ်ပါတယ်။ ရှိခိုး မတတ် ဘယ်လောက်ပဲ တောင်းပန်တောင်းပန် မရပါဘူး။ ''သူများပစ္စည်း ယူထားရင် ပြန်ပေးရမှာ မသိဘူးလား'' ဆိုတဲ့ စကားတစ်ခွန်းကိုသုံးပြီး ကိုယ်ချင်းစာမေတ္တာတရား နည်းပါးစွာ ပစ္စည်းမှန်သမျှ သိမ်းယူတာပါပဲ။
တစ်နေ့ ဒေါ်ကြည်မြိုင်အိမ်ကို မီးလောင်ပါတယ်။မောက်မာရက်စက်လှတဲ့ ဒေါ်ကြည်မြိုင်အိမ်မို့ ရပ်ကွက်သူ ရပ်ကွက်သားတွေကလည်း အားတက်သရော ကူညီ ဝိုင်းဝန်းပြီး မီးကိုမငြှိမ်းသတ်ကြပါဘူး။ ဒီတော့ ဒေါ်ကြည်မြိုင်ရဲ့ ရှိသမျှပစ္စည်းတွေကို မီးတောက်မီးလျှံ တွေက ဝါးမျိုသွားခဲ့ပါတယ်။ ပစ္စည်းတွေ ဆုံးရှုံးရတဲ့ ဒေါ်ကြည်မြိုင်လည်း ရူးသွပ်သွပ် ဖြစ်သွားပါတယ်။ ဒီအဖြစ်အပျက်လေးဟာ မေတ္တာတရားကင်းမဲ့လှစွာ စီးပွား ချမ်းသာကို ရှာတတ်တဲ့လူတွေဆီမှာ ချမ်းသာခြင်းဟာ ခေတ္တယာယီသာ နေထိုင်တတ်တယ်ဆိုတာ ညွှန်ပြတဲ့ ဥပမာတစ်ခုပါပဲ။ ဒီလိုမှမဟုတ်ရင်လည်း ရွှေဘုံပေါ်မှာ စံပြီး လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပူလောင်နေရတတ်ပြီး ချမ်းသာစစ် ချမ်းသာမှန်ကို မရရှိတတ်ပါဘူး။
အောင်မြင်မှုကလည်း ထိုအတိုင်းပါပဲ။ မိမိအောင်မြင် မှုအတွက် သူတစ်ပါးကို မတရားနည်းမျိုးစုံနဲ့ တွန်းတိုက်ကျော် တက်သူရဲ့ အောင်မြင်မှုဟာ ဓာတ်ငွေ့မကုန်သေးခင် ပျံတက်နေတဲ့ မိုးပျံပူဖောင်းလိုပါပဲ။ ထာဝရ ပျံတက်တည်မြဲ မနေနိုင်ပါဘူး။ အရှိန်ကုန်တာနဲ့ အောက်ခြေအထိကျတတ် ပါတယ်။
ကျွန်တော်တို့ နေထိုင်ရှင်သန်ရတဲ့ လူ့ဘဝသက်တမ်း ဟာ တိုတောင်းလွန်းလှပါတယ်။ ဒီသက်တမ်းလေး အတွင်းမှာ လူတိုင်းဟာ ချမ်းချမ်းသာသာ၊ အောင်အောင် မြင်မြင်နေချင်ကြမှာ သဘာဝကျပါတယ်။ ဒါပေမယ့် ပင်လယ်ပြင်ကို ဦးတည်မျောနေတဲ့ ဆင်သေကောင်ကို မက်မောပြီး နားနေလိုက်ပါသွားတဲ့ ကျီးကန်းမိုက်လို အောင်မြင်မှုချမ်းသာမှု နောက်ကို သတိလက်လွတ်လိုက်ပါ မသွားသင့်ပါဘူး။ မေတ္တာတရားကို ခါးဝတ်ပုဆိုးတစ်ထည် လို မြဲမြံစွာဝတ်ဆင်ပြီး တကယ့်ချမ်းသာမှုအစစ်၊ အောင်မြင်မှုအစစ်ကိုသာ ကြိုးစားရယူပိုင်ဆိုင်သင့်လှ ကြောင်း အကြံပြုရေးသားတိုက်တွန်းလိုက်ရပါသည်။
လွပ်လပ်ရွှေပြည်
No comments:
Post a Comment