ပြုံတက် ဇူလိုင် ၂၇
မြောက်ကိုရီးယား အစိုးရသည် ကျဆုံး အမေရိကန် စစ်သည် ၅၅ ဦး၏ရုပ်ကြွင်းများကို ဇူလိုင် ၂၇ ရက်တွင် ပြန်လည်လွှဲပြောင်း ပေးလိုက်ပြီဖြစ်သည်။ ထိုသို့လွှဲပြောင်းပေးမှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့၏ ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်များ အနက် အောင်မြင်မှု တစ်ခုဖြစ်သည်။
လွန်ခဲ့သော ၆၅ နှစ်တွင်ဖြစ်ပွားသည့် ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးသွားသော အမေရိကန်စစ်သည်များ၏ ရုပ်ကြွင်းများကို အမေရိကန်ပြည်ထောင်စုသို့ ပြန်လည် လွှဲပြောင်းပေးရေးအတွက် ထရမ့်နှင့် ကင်ဂျုံအွန်တို့က ထိပ်သီးဆွေးနွေးပွဲတွင် သဘောတူခဲ့ခြင်း ဖြစ်သည်။
အဆိုပါရုပ်ကြွင်းများကို အမေရိကန်လေတပ်မှ အကြီးစား သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြင့် သယ်ဆောင်ကာ တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့တောင်ပိုင်းရှိ အိုဆန်လေတပ် စခန်းသို့ သယ်ဆောင်လာခြင်းဖြစ်သည်။
အမေရိကန်စစ်သည် ၅၅ ဦး၏ ရုပ်ကြွင်းများကို သေတ္တာငယ်တစ်ခုစီဖြင့် ထည့်သွင်း သယ်ဆောင်လာခြင်းဖြစ်ပြီး ထိုသေတ္တာငယ်တစ်ခုစီကို ကုလသမဂ္ဂအလံဖြင့် လွှမ်းခြုံထားသည်။ ထိုသို့ ကုလသမဂ္ဂအလံဖြင့် လွှမ်းခြုံရခြင်းမှာ အဆိုပါစစ်သည်များသည် ကိုရီးယားစစ်ပွဲအတွင်း ကုလသမဂ္ဂ လက်အောက်ခံ တပ်ဖွဲ့ဝင်များအဖြစ် ဝင်ရောက် တိုက်ခိုက် ခဲ့သောကြောင့်ဖြစ်သည်။
ထို့နောက် ယင်းရုပ်ကြွင်းများကို အိုဆန်လေတပ်စခန်းမှ တစ်ဆင့် အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီ အခြေစိုက် စစ်သုံ့ပန်းများနှင့် စစ်အတွင်း ပျောက်ဆုံးသူများ ပြန်လည်ရှာဖွေရေး အေဂျင်စီသို့ လွှဲပြောင်းပေးသွားမည် ဖြစ်သည်။
ထိုအေဂျင်စီ၌ သက်ဆိုင်ရာ စစ်ဆေးမှုများ လုပ်ဆောင်ကာ ရုပ်ကြွင်းများကို သီးသန့်ခွဲထုတ်သွားမည်ဖြစ်သည်။ ယခုလွှဲပြောင်းပေးလိုက်သည့် ရုပ်ကြွင်းများတွင် အခြားသော လူပုဂ္ဂိုလ်များနှင့် တိရစ္ဆာန်များ ရုပ်ကြွင်းများပင် ပါဝင်နိုင်သောကြောင့်ဖြစ်သည်။
ယခုလွှဲပြောင်းပေးမှုသည် အမေရိကန် ကျွမ်းကျင်ပညာရှင်များနှင့် မြောက်ကိုရီးယား အလုပ်သမားများ ပူးပေါင်းမှုဖြင့် ၁၉၉၆ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်အတွင်း ရှာဖွေတွေ့ရှိသော ရုပ်ကြွင်းများအနက် ပထမအသုတ်အနေဖြင့် လွှဲပြောင်းပေးခြင်းဖြစ်သည်။
ထိုပူးပေါင်းရှာဖွေမှုတွင် အမေရိကန်စစ်သည်ဟု ယူဆရသူ ၂၂ဝ ၏ ရုပ်ကြွင်းများကို တွေ့ရှိထားသည်။ ကိုရီးယား စစ်ပွဲအတွင်း အမေရိကန်စစ်သည် ၃၆ဝဝဝ ကျော် ကျဆုံးခဲ့ပြီး ၎င်းတို့အနက် ၅၃ဝဝ မှာ မြောက်ကိုရီးယား နယ်မြေအတွင်း ကျဆုံးခဲ့ဖွယ် ရှိကြောင်း သိရသည်။
Ref:New York Times@MWD
No comments:
Post a Comment