Latest News

Sunday, July 29, 2018

ဥပုသ်သည်မာတာ

ဥပုသ်သည်မာတာ


(၁)

ဥပုသ်နေ့ရောက်တိုင်း  အမေဘုန်းကြီးကျောင်းသွား သီလယူတယ်။ အမေကသီလကျိုးမှာ အလွန်ကြောက်တယ်။ အထူးသဖြင့် သူ့ကြောင့် အခြားသတ္တဝါတွေ နာကျင်ရမှာ အမေအကြောက်ဆုံးပဲ။ ကျွန်တော်မှတ်မိသမျှသိသမျှ ပြောရ ရင် ပုရွက်ဆိတ်တစ်ကောင်ကအစ   အမေ မသတ်ခဲ့ဖူးဘူး။ ပြီးတော့ အမေက နွားသား(အမဲသား)ကို မစားဘူး။ အမေ့ အိမ်ကနွားမကြီး ရုတ်တရက်သေပြီးကတည်းက   အမေ အမဲသား မစားခဲ့တာ။ အညာသူပီပီနွားချစ်တဲ့အမေလေ၊ အဲဒီနွားမကြီးသေတော့ အမေငိုရှာသတဲ့။ နွားချည်တိုင်း ကြည့်ပြီပေါ့။ ဒါပေမယ့် အမဲသားမစားရက်တဲ့အမေ သား အတွက် စားခဲ့ရရှာတယ်လို့ အဘွားပြောပြဖူးတာက ဒီလို။

''ငါ့မြေးအမေကလေ အမဲသားစားရမှာ သေအောင် ကြောက်ရှာတာ မစားရက်တာပေါ့ကွယ်။ ငါ့မြေးလေးမွေးပြီး တော့ နို့ရည်ကမထွက်ရှာဘူး။ အဲ့တော့ အညာဆေးဓလေ့ အရ နွားသား၊ နွားအမြီးကျိုသောက်ရတယ်။ သူ့ခမျာ သားကိုချစ်လို့သာ သောက်ရစားရတာ အရသာထက် သားအားရှိဖို့ ကြိတ်မှိတ်သောက်ရရှာသကွဲ့''

အဘွားအဲဒီစကားပြောပြတာ ကျွန်တော်အိမ်ထောင် ကျတဲ့အချိန်မှာ ဘာရည်ရွယ်ချက်နဲ့ ပြောပြတယ်ဆိုတာ သိသလိုလို  မသိသလိုလိုနဲ့။  အင်းလို့သာ ထောက်ခဲ့ပြီး ဟုတ်လို့သာ ခေါင်းညိတ်ခဲ့တယ်။ ကျွန်တော် သားဦးလေးရ တော့ အမေက အဘွားအကြောင်း ပြောပြပြန်တယ်။

''ငါ့သားအဘွားကလေ အမေငယ်ငယ်က လယ်ကြွက် စားချင်တယ်ပြောတော့ ကိုယ်တိုင် ကြွက်ရှာပြီး ချက်ကျွေး တာ အမေက အဲ့ဒီလိုချစ်တာဟဲ့ ငါ့ကို''

(၂)       

အဲလိုပဲ အဘွားက အမေ့အကြောင်းပြော၊ အမေက အဘွားအကြောင်းပြောနဲ့၊ မိဘမေတ္တာပုံပြင်တွေ နားထောင် ခဲ့ရတာ ကျွန်တော်ကလေးအဖေဖြစ်တဲ့အထိပေါ့။ အခုဆို အမေအသက်အရွယ်ရပြီ။ ဒါပေမယ့် ကျွန်တော်ကြိုက်တတ်တဲ့ ဟင်း လေးများချက်ပြီး ပို့ရရှာတယ်။ ကျွန်တော်နေမကောင်း ဘူးကြားရင်   ဆေးနီကြော်ဘူးလေး လာပေးရှာတယ်။ အမေကသာ  ကျွန်တော်ဆီလာရှာတာ၊   ကျွန်တော်က အမေ့အိမ် မရောက်ဖြစ်ဘူး။ အဖေကတော့ အမေ့ကို ပြောတယ်၊ တစ်လမ်းသာခြားတဲ့ မိဘအိမ်မလာတဲ့သား မင်းမို့လို့သွားတယ် ငါတော့မသွားပေါင် အနေသာကြီးတဲ့။ ပြောလို့သာပြောတာရယ် အဖေလည်းဘာထူးလဲ။ ကျွန်တော် ကိုထရံကျော်ပြီး ချောင်းချောင်း ကြည့်တာ မသိတာမှတ်လို့။ ပြီးတော့ ပြောသေးတယ်ဗျ။ မင်းသား ကလေးအဖေဖြစ်မှ ငါတို့တန်ဖိုး သိလာမယ်တဲ့။ ကျွန်တော် သားဦးလေးရတော့ အဖေလေ နေနိုင်တယ်ဆိုပြီး ဟန်ဆောင်ထားသမျှ အကုန် ဘူးပေါ်သလိုပေါ်တော့တာပဲ။ သူ့မြေးရက်သားလေးကို တွေ့ချင်မြင်ချင်တော့ ဘာလုပ်တယ်မှတ်လဲ။ ကျွန်တော် အိမ်အကြောင်းမရှိ အကြောင်းရှာလာပုံက ဒီလို။

''ဟေ့ကောင် မင်းအိမ် ငါ့ကြက်ဖကြီး လာသေးလား''တဲ့ အဲ့လိုပါဆို။ ကြက်ဖတရားခံရှာပြီး သူ့မြေးဦးလာကြည့် တာဗျ။ ဖြစ်ပုံက သူ့အဘလာကြည့်မှ ကျွန်တော်ကောင်က လည်း သဲလိုက်ပုံ ''ဗြဲ'' ခနဲ ထအော်ငိုတော့ အဘခမျာ သောက် လက်စရေနွေးခွက်ချပြီး သူ့မြေးပုခက်အပြေးလာ ''ဟဟ ငါ့မြေးကြီး ဘာဖြစ်တာတုန်း'' အော်တော့တာ။   ပြီးမှ ရှက်ရမ်းရမ်းပြီး   ''ပြန်မယ်ဟေ့   ငါ့အိမ်နောက်ဖေးက ငါ့ကြက်ဖကြီး တွန်သံကြားတယ်''တဲ့။

(၃)

ကလေးအဖေဖြစ်မှ မိဘမေတ္တာသိမယ်တဲ့။ ကလေး အဖေဖြစ်တာကြာပေါ့။ ဖြစ်တာမှ ကလေးနှစ်ယောက်အဖေ ဗျ။ ငယ်တော့တဲ့အသက်မှ မဟုတ်တော့တာ။

ခုဆို  ကျွန်တော်အသက်  လေးဆယ်ကျော်ပြီလေ။ ထားပါ။ ကျွန်တော်ပြောချင်တာက သားသမီးအသက်အရွယ် ဆိုတာ အမေတွေအတွက် မဖြေရှင်းတတ်သော  ဂဏန်း သင်္ချာ(သို့မဟုတ်)မဖြေချင်သော ပုစ္ဆာတစ်ပုဒ်လို့ လူတွေ ပြောကြပါတယ်။ ကလေးအဖေဖြစ်မှ မိဘမေတ္တာ သိလိမ့် မယ်တဲ့။

ကျွန်တော်ဗျာ ကလေးအဖေဖြစ်လည်း မသိသေးဘူး။ ဘယ်လောက်ထိ မသိတတ်လည်းဆို အမေ့အိမ်နဲ့ ကျွန်တော် အိမ် တစ်လမ်းသာခြားပေမယ့်  တစ်လနေ တစ်ခေါက် တောင် အမေ့အိမ် မရောက်ဖြစ်ဘူးဗျာ။

''ခလုတ်ထိမှအမိတ''တဲ့။ အဲ့ဒီနေ့က ဇနီးနဲ့ ကတောက် ကဆဖြစ်တယ်။ စိတ်ညစ်တာနဲ့ မရောက်ဖြစ်တဲ့ အမေ့အိမ် ရောက်ဖြစ်တယ်။ အမေဝမ်းသာနေတယ်။ ''ငါ့သားလေး အလည်လာတယ်တော့'' တဲ့ ။

''အလည်ငါ့သားလေး''တဲ့။

ကျွန်တော်ဘာကြောင့် အမေ့ဆီလာတာ အမေမသိရှာ ဘူး။ ဒါမှမဟုတ် မသိဟန်ဆောင်နေတာလား။ ကျွန်တော် မှတ်မိနေသေးတယ်။ အဲ့နေ့က ဥပုသ်နေ့ အမေဥပုသ်စောင့် တဲ့နေ့ပါ။  အဆင်မပြေမှ အမေ့အိမ်လာတဲ့သားမိုက်ကို အမေ ဝမ်းသာအားရကြိုဆိုနေတာ သိရက်နဲ့သား မသိကျိုး ကျွန်နေဖြစ်အောင်နေခဲ့တယ်။ ကျွန်တော်ကလေးဘဝက အိပ်ခဲ့တဲ့ ခုတင်ဟောင်းလေးပေါ်မှာ ခွေခွေလေးအိပ်နေ တယ်။ အိပ်တယ်ဆိုပေမယ့် အိပ်မပျော်ပါဘူးဗျာ။ ဟိုတွေး ဒီတွေးနဲ့ ကျွန်တော်ဘယ်လောက်ထိ   အသိစိတ်မဲ့သလဲဆို   အမေ့အကြောင်းတောင် မတွေးဖြစ်ဘူး။ ကျွန်တော်အမျိုး သမီးကို ဘယ်လိုပြန်ချော့ရကောင်းမလဲဘဲ   တွေးတောနေ တာ။ တရှပ်ရှပ်နဲ့အသံကြားလို့ မျက်စေ့မသိမသာလေး ခိုးကြည့်မိတော့ အမေလေ ကျွန်တော်အိပ်နေတဲ့အထင်နဲ့ ကျွန်တော်ဆိုတဲ့ သားလိမ္မာကြီးကို ငုံ့ကြည့်နေရှာတယ်။ ပြီးတော့ ကျွန်တော်နဖူးလေးစမ်းတယ်။ ပြီးတော့ ကျွန်တော် ရဲ့ဖြူစဖြစ်နေပြီဖြစ်တဲ့ ဆံပင်ကြမ်းကြမ်းကြီးကို   အသာ အယာ ပွတ်နေပြန်တယ်။

''အမေ'' စိတ်ထဲက ခေါ်မိသလား။ ကျွန်တော်အမေ့ရဲ့ မေတ္တာအရိပ်ကို မသိမသာခိုး၍ ခိုနေမိတာပါလား။

''အမေ'' ထပ်ခေါ်မိတယ်    ခေါ်သံတိုးတိုးလေး။  ဟုတ်ပါတယ် အသံထွက်ခေါ်မိတယ်။ ''သားကြီး အမေ့ကို ဘာပြောချင်လို့လဲ'' အမေ့ကြားတယ်လား တိုးတိုးလေး အမေလို့ခေါ်သံကို နားထိုင်းခါးကိုင်းနေတဲ့အမေက ကြား တယ်တဲ့လား။ ဟင့်အင်း ဘာမှအမေကို ပြန်မပြောဖြစ် ပါဘူး။ ဆက်ပြီး အိပ်ချင်ဟန်ဆောင်နေလိုက်တယ်။

(၄)

ကျွန်တော်အိပ်ရာကနိုးပြီး  မျက်လုံးအစုံဖွင့်ကြည့်မိ တော့ အမေရဲ့လမင်းပမာအမေ့ရုပ်လွှာက သားမိုက်အပေါ် က သာနေဆဲပါလား။ ပါးရေတွန့်ပြီး ဆံဖြူနေတဲ့အမေ့ ရုပ်ရည်က ဘယ်ပန်းချီရေးလို့ မမီပါလားဟု ထင်မိတယ်။ မျက်ရစ် တွဲကျနေတဲ့ အမေ့မျက်လုံးက  သောက်ရှုးကြယ် ထက် တောက်ပနေတာပါလား။ အိုနေတဲ့ အမေ့ရုပ်ရည်ရဲ့ နုပျိုခြင်း အလှတရားကို ကျွန်တော် ခုမှ ရှာဖွေမိတတ်နေ ပါလား။ ကိုယ့်အရိုးကို အနိုင်နိုင်သယ်နေရလို့ လှုပ်ရှားမှု နှေးကွေးလာပြီဆိုတဲ့ အမေလေ

''ဖျပ်'' အမေ ဘာလုပ်လိုက်လဲ သိလား။

ကျွန်တော်နဖူးပေါ်က ခြင်တစ်ကောင်ကို ရိုက်လိုက် တာဗျ။ အသက်ကြီး မျက်စိမှုန်နေတဲ့အမေက သားမိုက်ကြီး နဖူးမှာ သွေးစုပ်ဖို့ကြိုးစားနေတဲ့ ခြင်တစ်ကောင်ကို ဖျပ်ခနဲ ရိုက်နိုင် တယ်ဗျ။

ပြီးမှ အမေလေ ပြုံးသယောင်ယောင် ရယ်တော့မလိုလို မျက်နှာလေးနဲ့ ''အဲ့တော် အမေ ဥပုသ်ကြီးနဲ့ တဲ့'' အဲ့ဒီနေ့ က အမေဥပုသ်ကျိုးလို့   ဝမ်းနည်းနေတာထက်  သား တစ်ယောက်ကိုတတ်စွမ်းသရွေ့ ကာကွယ်ခဲ့နိုင်လို့ ဝမ်းသာ ပျော်ရွှင်နေတာ သားသိတယ်အမေ။

ခုချိန်ထိ ပုတီးလေးကိုင်ပြီး  ''အဲ့တော် အမေ ဥပုသ် ကြီးနဲ့လို့'' ပြောတဲ့   အမေ့အသံကို ပြန်ကြားယောင်ရင်း နောင်တရနေဆဲ အမေဥပုသ်မကျိုးပါဘူးဗျာ။ ခြင်ကမသေ ဘူးလေအမေရဲ့လို့ ကျွန်တော်ဘာကြောင့် အမေ့ကို ညာမ ပြောဖြစ်ခဲ့ပါလိမ့်။ အော် မိဘကသာ အနစ်နာခံညာရဲ ပေမယ့် သားသမီးက မိဘကိုအနစ်နာခံ မညာရဲတာပါလား။ ကျွန်တော်လည်း အသက်ကြီးပြီး ဥပုသ်ယူသီလစောင့်ရ တော့မယ့် အရွယ်ရောက်ပြီ။ ဒါပေမယ့် ကျွန်တော်ဥပုသ် စောင့်တဲ့နေ့မှာ ကျွန်တော်သားနဖူးမှာ ခြင်နားခဲ့သည်ရှိ သော်....။

သူဝေး (တမာမြေ)

No comments:

Post a Comment