ရန်ကုန် ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး သံတမန်ခန့်အပ်ပွဲ၊ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မိတ်ဆက်ပွဲ နှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျန်းမာရေးဝန်ထမ်း သားသမီးများ၏ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်သူများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဝေဇယန္တာလမ်းရှိ Gandamar Wholesale ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူတို့ကဒေါက်တာစိုးညီညီထွန်းနှင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီပိုင်ဖြိုးသုတို့အား ကျန်းမာရေး သံတမန်များအဖြစ် အသိအမှတ်ပြု ဆုတံဆိပ်၊ ခန့်အပ်လွှာနှင့် စလွယ်တို့ကို ပေးအပ်သည်။
''ကျန်းမာရေးသံတမန်အဖြစ် ခန့်အပ်ခြင်းခံရတဲ့အပေါ် ပြည်သူတစ်ဦးအနေနဲ့ ဂုဏ်ယူပါတယ်။ ဆရာဝန်တစ်ဦးအနေနဲ့လည်း ဝမ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေး ဖို့ ဆရာဝန်တစ်ယောက်ရဲ့ တတ်သင့်တတ်အပ်တဲ့ ပညာတွေသင်ပြီးတဲ့ နောက်ပိုင်းမှာ မီဒီယာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ကိုယ်ထိ လက်ရောက်ပေးနိုင်ဖို့က ပိုပြီးအလှမ်းဝေးလာတယ်။ ဒါပေမဲ့ အခုချိန်မှာ ပြည်သူတွေရဲ့ ပြီးပြည့်စုံတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတစ်ခုမှာ ကိုယ်ထိလက်ရောက် ဝန်ဆောင်မှုပေးနိုင်ဖို့အပြင် သူတို့တွေရဲ့ ကျန်းမာရေး ကာကွယ်ဖို့နဲ့ ကြိုတင်ကုသဖို့ အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်တော့မှာ ဖြစ်ပါတယ်'' ဟု ဒေါက်တာ စိုးညီညီထွန်း ကပြောသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့် က ကျန်းမာရေး သံတမန်များ၏ တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
MWD
No comments:
Post a Comment