မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံလုပွဲ ကျင်းပမည်
ရန်ကုန် ဇူလိုင် ၁၈
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီးH & S Group နှင့် KEE MAR TIN WINတို့ ပူးပေါင်းစီစဉ်သော ရွှေခါးပတ် ချန်ပီယံဗိုလ်လုပွဲ(၂ဝ၁၈) GOLDEN BELT CHAMPIONSHIP 2018 ကို ရန်ကုန်မြို့ရှိ သိမ်ဖြူ လက်ဝှေ့အားကစားရုံ၌ ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ကွာတားဖိုင်နယ်ပွဲစဉ်နှင့် ဇူလိုင် ၂၉ ရက်တွင် ဆီမီးဖိုင်နယ် ပွဲစဉ်ကို ကျင်းပသွားမည်ဖြစ်ပြီး သြဂုတ် ၁ဝ ရက် ချန်ပီယံ ဗိုလ်လုပွဲကို မန္တလေးမြို့ရှိ ဒိုင်းမွန်းပလာဇာ၌ ကျင်းပသွား မည်ဖြစ်ရာ အဆိုပါပွဲနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကို ယနေ့ညနေ ၆ နာရီက ရန်ကုန်မြို့ ဗိုလ်အောင်ကျော် လမ်းရှိ New Ayeyar ဟိုတယ်၌ ကျင်းပသည်။
အဆိုပါပွဲတွင် အထူးစိန်ခေါ်ပွဲစဉ်အဖြစ် မြန်မာ နိုင်ငံမှ ရွှေခါးပတ်ချန်ပီယံ ထွန်းထွန်းမင်းနှင့် ထိုင်းနိုင်ငံမှ ထိုင်းဖိုက်ဆိုင်းယော့တို့ ဇူလိုင် ၂၂ ရက်တွင် ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်ပြီး ယင်းပွဲနှင့်ပတ်သက်၍ ထွန်းထွန်းမင်းက ''တစ်လခွဲလောက် ကြိုတင်ပြင်ဆင်ခဲ့ တယ်။ အခုချိန်မှာ ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေ ပါပြီ။ ကျွန်တော့်ခြေထောက်လည်း အရင်လိုပြန်ကောင်း နေပါပြီ။ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ဆိုင်းယော့ ရဲ့ ပွဲတွေကို လွန်ခဲ့တဲ့ ခုနစ်နှစ်၊ ရှစ်နှစ်လောက်ကတည်းက ကြည့်ဖူးတယ်။ သူ့ရဲ့ဟာကွက်၊ တိုက်ကွက်တွေကို အမြဲတမ်းကြည့်ဖြစ်တယ်။ သူ့ရဲ့အားသာချက်က တံတောင် ရိုက်ချက်နဲ့ ဘယ်ခြေထောက်ကန်တာပါ။ အားနည်းချက်က မြန်မာ့လက်ဝှေ့မထိုးဖူးဘူး။ ဒီပွဲအတွက် အကောင်းဆုံး ယုံကြည်မှုရှိတယ်။ ပရိသတ်တွေကိုလည်း လာရောက် အားပေးစေချင်တယ်။ အကောင်းဆုံးထိုးသတ်သွားမှာပါ'' ဟု ပြောသည်။
ရွှေခါးပတ်ချန်ပီယံလုပွဲသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ရိုးရာလက်ဝှေ့ကလပ်အသင်းပေါင်းစုံမှ အကောင်းဆုံး လက်ဝှေ့သမားများကို ဖိတ်ခေါ်ပြီး ကိုယ်အလေးချိန် ဝိတ်တန်းအလိုက် အတန်းခုနစ်တန်းတွင် တစ်တန်းလျှင် ရှစ်ဦးရွေးချယ်ကာ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲအဆင့်ဆင့်ယှဉ်ပြိုင်ပြီး ဝိတ်တန်းအလိုက် ရွှေခါးပတ်ချန်ပီယံခုနစ်ဦး ပေါ်ထွန်းလာမည်ဖြစ်သည်။ ထို့ပြင် အဆိုပါပွဲ၌ အမျိုးသမီးဝိတ်တန်း တစ်တန်း ပါဝင်မည်ဖြစ်ပြီး ရွှေခါးပတ်ချန်ပီယံတစ်ဦး ပေါ်ထွန်းလာ မည်ဖြစ်သည်။
ယင်းပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်မှာ ထူးချွန် ထက်မြက်သည့် ရိုးရာလက်ဝှေ့သမားများ ပေါ်ထွန်းလာစေ ရေး၊ မိုးရာသီကာလတွင် လက်ဝှေ့ပွဲများရှားပါးသဖြင့် လက်ဝှေ့ကလပ်အသင်းများ စုစည်းမှုပြိုကွဲပြီး လက်ဝှေ့ သမားများ အခြားလုပ်ငန်းများသို့ ပြောင်းရွှေ့သွားခြင်းများ ရှိနေရာ ယခုကဲ့သို့ ကလပ်အသင်း ၂၂ သင်းက ရိုးရာ လက်ဝှေ့သမား ၆ဝ ပါဝင်နိုင်သော ပြိုင်ပွဲကြီးကျင်းပ ပေးခြင်းဖြင့် လက်ဝှေ့သမားများ လေ့ကျင့်မှု၊ စုစည်းမှု မပျက်ဘဲ အရှိန်မပျက်ကြိုးစားလေ့ကျင့်နိုင်ရန် ဒီပွဲအတွက် ဆုကြေးငွေကျပ်သိန်း ၃ဝဝ ခန့်ကိုလည်း ကလပ်အသင်း ၂၂ သင်းမှ မျှဝေရရှိကြပြီး လက်ဝှေ့သမားများ၊ နည်းပြများ အတွက် အထောက်အကူဖြစ်စေရန်နှင့် လက်ဝှေ့သမား များအတွက် အခွင့်အလမ်းကောင်းတစ်ခုအဖြစ် ကျင်းပ ပေးသော ပြိုင်ပွဲကြီးဖြစ်ကြောင်း သိရသည်။
သတင်း-အေးမင်းသူ
ဓာတ်ပုံ-ဟိန်းထက်လင်း(ကြေးမုံ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment