Latest News

Saturday, July 21, 2018

မန်လည်ဆရာတော်ကြီး၏ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်းကြီး နှစ် ၁၁၄ တိုင်ခဲ့ပြီ


မန်လည်ဆရာတော်ကြီး၏ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်းကြီး နှစ် ၁၁၄ တိုင်ခဲ့ပြီ

''အထက်မန်လည် အောက်လယ်တီ'' ဟူသော အသုံးအနှုန်းသည် မြန်မာနိုင်ငံ၏ ဗုဒ္ဓစာပေလောကတွင်လည်းကောင်း၊   ယဉ်ကျေးမှု   ဓလေ့ထုံးစံ  စာပေအနုပညာ လောကတွင်လည်းကောင်း ထင်ရှားသော အသုံးအနှုန်းတစ်ခုဖြစ်သည်။ မန်လည် ဆရာတော်နှင့် လယ်တီဆရာတော်တို့သည် ဒုတိယ ကုန်းဘောင်ခေတ်နှင့် ပါတော်မူ ပြီး ကိုလိုနီနယ်ချဲ့ခေတ်တွင် ပေါ်ထွန်းခဲ့သော မြန်မာ့ရဟန်းပညာရှင်နှစ်ပါးလည်း ဖြစ်သည်။  တစ်ပါးကျွန်ဘဝ   ဘာသာနှင့်  ယဉ်ကျေးမှုများ   ညှိုးမှိန်နေရချိန်တွင်  လူမျိုးဘာသာ သာသနာအတွက် ရှေ့ဆောင်ထွန်းလင်း  နေတစ်စင်း လတစ်ဆူပမာ ထွက်ပေါ်ခဲ့သော စာဆိုပညာရှင်များလည်း ဖြစ်သည်။

မန်လည်ဆရာတော်ကြီး၏    ''မဟာသုတကာရီ    မဃဒေဝလင်္ကာသစ်'' ကျမ်းကြီးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ လောကီ၊ လောကုတ္တရာ ဗဟုသုတ အနှစ်သာရတို့နှင့် ပြည့်ဝစုံလင်သဖြင့် မြန်မာစာပေလောက တွင် ထင်ရှားပြီး မဃဒေဝလင်္ကာသစ်ကျမ်းကြီး၏ အဆီအနှစ် လင်္ကာစာသားများ မပါလျှင် မပြည့်စုံဟုဆိုရမလောက် အားထားကိုးကားရသော ကျမ်းကြီးတစ်ဆူဖြစ် သည်။ ကျမ်းပြီးနှစ်မှ စတင်ရေတွက်သော်  လက်ရှိအချိန်တွင်  နှစ်ပေါင်း ၁၁၄ သို့ပင် တိုင်ခဲ့ပါပြီ။ ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီး၏ ပင်ပန်းကြိုးကုတ် လုံ့လတော်၏အလုပ်များကို ဘာသာ သာသနာနှင့် စာပေကျေးဇူး မကင်းကြသော နှောင်းခေတ် အနွယ်တို့မှ ကျေးဇူးတုံ့ပြန် ကြိမ်ဖန်များစွာပြုကြသော်လည်း မကျေနိုင်ရာပါတကား။
ပထမ မန်လည်ဆရာတော်ကြီး၏ ထေရုပတ္တိအကျဉ်း
မကာရလောပအကျော်  ပထမ  မန်လည်ဆရာတော်ကြီးကို  ၁၂ဝ၃  ခုနှစ် နှောင်းတန်ခူးလဆန်း ၁၂ ရက် အင်္ဂါနေ့ ညဥ့်သုံးချက်တီးကျော်အချိန် မန်လည်မြို့ မင်းကုန်းရပ် မြို့စာရေးကြီး ဦးထင်ညို-ဒေါ်ဖြေတို့မှ ဖွားမြင်တော်မူသည်။ ငယ်နာမည် မောင်မာ ဖြစ်သည်။ မောင်မာ ၁၂ နှစ်သားအရွယ်ရောက်သောအခါ ဝန်းသိုမြို့ တောင်ပေါ်ကျောင်းဘုန်းကြီး ဦးပန်းအောင်ထံတွင် ရှင်ပြုခဲ့ရာ 'ရှင်ဇဝန'ဟု ဘွဲ့တော် ရခဲ့သည်။ မန်လည်ကျောင်းသို့ ပြန်လည်ပြောင်းရွှေ့ပြီး မန်လည်လေးထပ်ကျောင်းကြီး  ဆရာတော် ဦးနန္ဒမဉ္ဇူထံတွင် ပညာများဆက်လက်သင်ကြားသည်။
၁၂၂၅ ခု နှစ်ဦးပိုင်းတွင် ဦးနန္ဒမဉ္ဇူကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်တော် မူသည်။ မန်လည်ဆရာတော်သည် ပထမရဟန်းခံခဲ့သော သိမ်အပေါ်တွင် ဝိနယ ကုက္ကုစ္စရှိသဖြင့် ၁၂၂၅ ခု  တပေါင်းလပြည့်ကျော်  ၅  ရက်နေ့တွင်   အောင်းပင်ရွာ ဆရာတော် အရှင်ဂုဏဝါထေရ်ကို ဥပဇ္ဈာယ်ပြု၍ မဲဇာမြစ်နဒီသိမ်တွင် ဒုတိယအကြိမ် ရဟန်းခံတော်မူသည်။

၁၂၂၈ ခုနှစ်တွင် မန္တလေးမြို့ အနောက်ထီးလင်းတိုက်၌ ပိဋကတ်စာပေများကို သင်ကြားလေ့လာသည်။ နောက်တစ်နှစ်တွင်  မန်လည်သို့ပြန်ကြွ၍  မင်းထင်မင်းလှ သမ္တရာဇာဘွဲ့ခံ  မန်လည်မြို့ဝန်ဦးပု  ဆောက်လုပ်လှူဒါန်းသော သမ္တပါသာဒိက မဟာဝိဟာရ ပြာသာဒ်ကျောင်းကြီးကို အလှူခံရရှိတော်မူသည်။
ဘဂ¯လီ၊ နာဂရီ၊ သီဟိုဠ်စသော ဘာသ္တရကျမ်းများ၊ လောကုတ်လောကီ ဂန္ဓာရီကျမ်း အဖုံဖုံတို့ကို  ထူးခြားပြောင်မြောက်စွာ  တတ်မြောက်ခဲ့သည်။ ''မဟာသုတကာရီ မဃဒေဝလင်္ကာသစ်''ကျမ်းကြီး အပါအဝင်ကျမ်းပေါင်း ၇ဝ ကျော်မျှ ရေးသားခဲ့သည့်  အပြင် မြန်မာနိုင်ငံ အရပ်ဒေသအသီးသီးသို့လည်း ကြွရောက်၍  တရားဓမ္မများဟော ကြားပြသခဲ့သည်

၁၂၅၂ ခုနှစ်  ဝါဆိုလပြည့်  တနင်္လာနေ့တွင်  သီဟိုဠ်ကျွန်း ညောင်ရမ်းမင်းသားကြီး လှူဒါန်းသော မဟာဗောဓိပင်ကို စိုက်ပျိုးတော်မူသည်။ ၁၂၅၄ ခုနှစ် နတ်တော်လဆန်း  ၁၅ ရက်နေ့တွင် မန်လည်ပြာသာဒ်ကျောင်းကြီးဝင်း၌ ဉာဏ်တော် ၇၈ တောင်၊ အချင်း အတောင် ၈ဝ၊ အဝန်း အတောင် ၂၄ဝ ရှိ  'တာဝတိံသာ မဟာအဘယ စူဠာမုနိ'စေတီတော်ကို ရွှေအုတ်ချ၍ တည်တော်မူသည်။

၁၂၅၉ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၃ ရက်တွင် အိန္ဒိယပြည် လက္ခနောင်းမြို့  ပြတိုက်မှူး ဒေါက်တာအေဖြူရာ လှူဒါန်းလိုက်သော 'အံတော်မြတ်'ကို တာဝတိံသာ မဟာအဘယ စူဠာမုနိစေတီတော် အနောက်မုခ်တွင် ဌာပနာခဲ့သည်။

၁၉၁၇ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် အင်္ဂလိပ်အစိုးရမင်းလှူဒါန်းသော ''အဂ္ဂမဟာ ပဏ္ဍိတ''ဘွဲ့တံဆိပ်တော်ကို လက်ခံရရှိတော်မူသည်။
၁၂၈၂ ခုနှစ် တော်သလင်းလဆန်း ၁၃ ရက် နံနက် ၁ နာရီ မိနစ် ၃ဝ (သက်တော် ၇၉ နှစ် သိက္ခာတော် ၅၇ ဝါအရ)တွင် ဘဝနတ်ထံပျံလွန်တော်မူသည်။ (၁၂ဝ၃- ၁၂၈၂)
မဃကျမ်းသွင် ရေးစတင်
ဆရာတော်သည် မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်းကြီးကို သက်တော် ၃၂ နှစ် သိက္ခာတော် ၁ဝ ဝါ၊ ၁၂၃၅ ခုနှစ်တွင် စတင်ရေးသားခဲ့သည်။ သို့သော်သာသနာ တော်ကိစ္စအဝဝတို့ကြောင့် အပြီးမသတ်နိုင်ခဲ့ပါ။ ၁၂၆၆ ခုနှစ်ရောက်မှ ဆက်လက် ရေးသားတော်မူသဖြင့် တော်သလင်းလပြည့်ကျော် ၁၄ ရက်(သောကြာနေ့) ည ၈ နာရီ အချိန်တွင်မှ ပြီးဆုံးအောင်မြင်ခဲ့သည်။ ဆရာတော်သည် မဃဒေဝ လင်္ကာသစ် ကျမ်းကြီးကို နောက်ဆုံး ပြင်ဆင်ရေးသားပြီးချိန်တွင် သက်တော် ၆၃ နှစ် သိက္ခာ တော် ၄၁ ဝါ ရရှိတော်မူပြီဖြစ်သည်။ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်းကြီး ပထမစာမူကို လီနတ္ထဒီပနီ အပါအဝင် ၁၂၆၉ ခုနှစ်တွင် မ္တလေးမြို့ ဆိုင်းတန်းလမ်း ရတနာဒီပံပုံနှိပ်တိုက်က  ရိုက်နှိပ်ခဲ့သည်။  စာမျက်နှာ ၃ဝ၄ မျက်နှာ၊  အခန်းပေါင်း ခြောက်ခန်းနှင့် အပိုဒ်ပေါင်း  ၃၂၂ ပိုဒ် ရှိသည်။

ဒုတိယစာမူကို ၁၂၇၆ ခုနှစ်တွင် ရန်ကုန်မြို့ (၂၅)လမ်း စာဆိုတန်း တိုက်အမှတ် (၁၇- ၁၈) ပြည်ကြီးမဏ္ဍိုင်ပိဋကတိုက်က  ရိုက်နှိပ်ခဲ့သည်။  လီနတ္ထဒီပနီ ပါဝင်ခြင်းမရှိသော် လည်း   ပြင်ဆင်ချက်များပါဝင်သဖြင့်   စာမျက်နှာ  ၄၈၆   မျက်နှာ၊   အခန်းပေါင်း ခြောက်ခန်းနှင့် အပိုဒ်ပေါင်း ၆၂၄ ပိုဒ် ပါဝင်သည်။

တတိယစာမူကို  ၁၂၈၁ ခုနှစ်တွင် ပြင်ဆင်ဖြည့်စွက်ပြီး  မ္တလေးမြို့  ဘုရားကြီး အနောက်မုခ် ရွှေရေးဆောင်တိုက် တိုက်အုပ်ဆရာတော်ဦးစန္ဒိမာ ကြီးကြပ်၍ ပေထက် အက္ခရာတင်ခဲ့သည်။ ၁၂၈၁ ခုနှစ်  နတ်တော်လဆန်း ၁၃ ရက်နေ့တွင် ပြီးစီးခဲ့သည်။ပေစာအားဖြင့် ၂၆ အင်္ဂါရှိ၍ ဒုတိယစာမူနှင့် တိုက်ဆိုင်ကြည့်သောအခါ ဖြည့်စွက်ချက် ၉၉၇ ချက်၊ ပြင်ဆင်ချက် ၅၅၅ ချက်၊ နုတ်ပယ်ချက် ရှစ်ချက်၊ စုစုပေါင်း ၁၅၆ဝ ရှိသည်။  အခန်းကြီး ခြောက်ခန်း၊ အခန်းငယ် ၅၂ ခန်း၊ အပိုဒ်ပေါင်း ၆၂၅ ပိုဒ်အထိ ပါဝင်သည် ကို တွေ့ရသည်။ တတိယစာမူသည်   မန်လည်ဆရာတော်ဘုရားကြီး ပျံလွန်တော်မမူမီ နောက်ဆုံးပြင်ဆင်ရေးသားခဲ့သော စာမူဖြစ်သည်။

ဆရာတော်ကြီး  ပျံလွန်တော်မူပြီးနောက်တွင်  တတိယမန်လည်ဆရာတော်နှင့် အင်းတော်မြို့မဆရာတော်တို့ အမှူးပြုသည့် ဆရာတော်များ၊ လူပုဂ္ဂိုလ်များပါဝင်သော မန်လည်စာပေစောင့်ရှောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
မဃဒေဝကျမ်းကြီး ရိုက်နှိပ်ပြီး
မန်လည်စာပေစောင့်ရှောက်ရေးအဖွဲ့   ဖွဲ့စည်းပြီးအချိန်မှစ၍  မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်းကြီးကို ပုံနှိပ်ထုတ်ဝေခဲ့ရာ လက်ရှိအချိန်အထိ  ၁၂ ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။
၁၉၇၆ ခုနှစ်တွင် ပထမအကြိမ် အုပ်ရေ ၂ဝဝဝ၊
၁၉၈ဝ ပြည့်နှစ်တွင် ဒုတိယအကြိမ် အုပ်ရေ  ၂ဝဝဝ၊
၁၉၉၁ ခုနှစ်တွင် တတိယအကြိမ် အုပ်ရေ ၃ဝဝဝ၊
၁၉၉၅ ခုနှစ်တွင် စတုတ္ထအကြိမ် အုပ်ရေ  ၃ဝဝဝ၊
၁၉၉၉ ခုနှစ်တွင် ပဉ္စမအကြိမ် အုပ်ရေ ၂ဝဝဝ၊
၂ဝဝ၃ ခုနှစ်တွင် ဆဋ္ဌမအကြိမ် အုပ်ရေ ၃ဝဝဝ၊
၂ဝဝ၄ ခုနှစ်တွင်သတ္တမအကြိမ် အုပ်ရေ ၂ဝဝဝ၊
၂ဝဝ၈ ခုနှစ်တွင် အဋ္ဌမအကြိမ် အုပ်ရေ ၂ဝဝဝ၊
၂ဝ၁၉ ခုနှစ်တွင် နဝမအကြိမ်အုပ်ရေ ၂ဝဝဝ၊
၂ဝ၁၂ ခုနှစ်တွင် ဒသမအကြိမ် အုပ်ရေ ၂ဝဝဝ၊
၂ဝ၁၄ ခုနှစ်တွင် ဧကာဒသမအကြိမ် အုပ်ရေ  ၃ဝဝဝ၊
၂ဝ၁၇ ခုနှစ်တွင် ဒွါဒသမအကြိမ် အုပ်ရေ ၂ဝဝဝ ဖြစ်သည်။


သို့ဖြစ်   စုစုပေါင်း  အုပ်ရေ ၂၈ဝဝဝ ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။   မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်းကြီး၏  သက်တမ်းသည်လည်း ၁၃၆၆ ခုနှစ် တော်သလင်း လပြည့်ကျော် ၁၄ ရက်က နှစ်ပေါင်း ၁ဝဝ ပြည့်ခဲ့ပြီဖြစ်၏။
ရာပြည့်ဆင်နွှဲ ပူဇော်ပွဲ
မဃဒေဝ လင်္ကာသစ်ကျမ်းကြီး နှစ် ၁ဝဝ ပြည့်သောကြောင့်  ဆရာတော်ကြီး၏ တပည့် ဒါယိကာများက မဃဒေဝ ရာပြည့်ပွဲတော်ကို ၁၃၆၆ ခုနှစ် တပေါင်းလဆန်း ၁၁ ရက်နေ့မှ   ၁၅ ရက်နေ့အထိ   မန်လည်ဆရာတော်ဘုရားကြီး၏   ဇာတိရင်းမြေ မန်လည်ကျောင်းကြီး၌   ကျင်းပကြပြီး  ရာပြည့်အထိမ်းအမှတ် ယဉ်ကျေးမှု အနုပညာ မဂ္ဂဇင်း ထုတ်ဝေခြင်း၊ မ္တလေး၊ ရန်ကုန်တို့မှ စာရေးဆရာကြီးများကို ဖိတ်ကြား၍ စာပေဟောပြောပွဲကျင်းပခြင်း၊ မန်လည်စာပေဆုပြိုင်ပွဲကျင်းပခြင်း၊ ဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများ စာအုပ်စာတမ်းများကို ပြသခြင်း၊ ဆရာတော်ကြီးအား ရေးသားပူဇော်ကြသည့် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာများကို နံရံကပ်စာစောင်ပြသခြင်း၊ ဆရာတော်ကြီး၏ အဆိုအမိန့်အများနှင့် မဃဒေဝ ကောက်နုတ်ချက်များကို ပြသ ခြင်းတို့ဖြင့် တခမ်းတနား ပူဇော်ခဲ့ကြသည်။

မဃဒေဝလင်္ကာသစ်ကျမ်းကြီးကို ရေးသားပြုစုတော်မူခဲ့သော ကျေးဇူးရှင် မန်လည် ဆရာတော်ကြီး  ပျံလွန်တော်မူခဲ့သည်မှာ  ယခုအခါ  ၉၈  နှစ်ရှိပြီဖြစ်သော်လည်း ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ရွှေရောင်တဝင်းဝင်းဖြင့် ယနေ့တိုင် ဖူးတွေ့ နိုင်ပါသည်။

ထို့အတူ  ကျေးဇူးရှင်  မန်လည်ဆရာတော်ကြီး  ရေးသားပြုစုတော်မူခဲ့သော မဃဒေဝလင်္ကာသစ်  ကျမ်းကြီးသည်လည်း  နှစ်ပေါင်း ၁၁၄ နှစ်တိုင်   ရှိခဲ့ပြီဖြစ်သော် လည်း မဃဒေဝလင်္ကာသစ်သည် လောကကြောင်း၊ ဓမ္မကြောင်း၊ ရာဇကြောင်း စုံလင် နှံ့စပ်လှသဖြင့် တစ်သက်တာလုံး ဖတ်မှတ်လေ့လာနေရမည့်၊ ကိုယ်နှင့်လက်တစ်ကမ်း တွင် အမြဲထားရမည့် ကျမ်းကြီးတစ်ဆူဖြစ်ပါကြောင်းရေးသားတင်ပြ ပူဇော်လိုက်ရ ပါသည်။        ။

ကိုမင်း(အင်းတော်)

No comments:

Post a Comment