ပဲရစ် ဇူလိုင် ၁၇
၂ဝ၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ခရိုအေးရှားကို ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သော ပြင်သစ်အသင်း ပြည်တော်ပြန်အောင်ပွဲခံမှုတွင် ပဲရစ်မြို့၌ ပရိသတ်ငါးသိန်းကျော်က သောင်းသောင်းဖြဖြ ကြို ဆိုခဲ့ကြသည်။
၁၉၉၈ ကမ္ဘာ့ဖလားပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံဖြစ်သော ပြင်သစ်အသင်းသားများသည် ယမန် နေ့က ပဲရစ်မြို့သို့ ပြန်ရောက်ပြီး ပဲရစ်မြို့၏ အကျော်ကြားဆုံးလမ်းဖြစ်သည့် ချမ့်အီလစ်ဆီး လမ်းပေါ်၌ အစောင့်အရှောက် ရဲတပ်ဖွဲ့ခြံရံကာ အမိုးဖွင့်ဘတ်စ်ကားဖြင့် အောင်ပွဲခံလှည့်လည်ရာ ပရိသတ်များမှာ ခြေချစရာပင် မရှိအောင်ပြည့်နှက်နေခဲ့ပြီး မော်တော်ဆိုင်ကယ်စီးကာ ခြံရံလိုက်ပါေ သာ ရဲတပ်ဖွဲ့ဝင်များကလည်း ပရိသတ်နှင့်အတူ ပျော်ရွှင်စွာ လိုက်ပါအောင်ပွဲခံရာ တချို့ပရိသတ်များက ရဲတပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ်ပေါ် တက်လိုက်ခြင်း၊ တခြားဆိုင်ကယ်များဖြင့် ရဲတပ်ဖွဲ့နှင့်အတူ လိုက်ပါခြင်းများ ရှိခဲ့သည်။
ပရိသတ်များသည် ယခုကမ္ဘာ့ဖလားတွင် ပြင်သစ်အတွက် အထူးခြေစွမ်းပြနိုင်သည့် အမ်ဘတ်ပီကို အသင်း ဖော်များ နောက်ပြောင်ခေါ်ဆိုသည့် လိပ်နင်ဂျာဒိုနာတယ်လို အမည်ကိုအော်ဟစ်ပြီး သံပြိုင် အားပေးခဲ့ကြသည်။ အောင်ပွဲခံစဉ်တွင် ပြင်သစ်လေတပ်မှ ဂျက်လေယာဉ်များက ချမ့်အီလစ်ဆီးလမ်းပေါ်မှ နိုင်ငံတော် အလံပုံဖော်သည့် မီးခိုးငွေ့တန်းများဖြင့် ပျံသန်းဂုဏ်ပြုကာ အောင်ပွဲခံကားသည် ပရိသတ်နှင့်အောင်ပွဲခံပြီး နောက်နိုင်ငံသမ္မတ အီမန်နျူရယ်မက်ခရွန်၏ နန်းတော်သို့ သွားရောက်ခဲ့ကြသည်။
MWD
No comments:
Post a Comment