Latest News

Friday, July 20, 2018

အလွန်တော်သော ဧရာဝတီသားများ


ခေါင်းစဉ်ကို ဖတ်လိုက်ရရင် လေလုံးထွားတဲ့ ဧရာဝတီသားကွာလို့ ထင်ချင်ထင်မိလိမ့်မယ်။
အထင်မစောပါနဲ့ ဖတ်ကြည့်လိုက်ပါ။
မိမိလဲ ဧရာဝတီသားဖြစ်ရတာကို ဂုဏ်ယူမိပါတယ်။ မိမိတို့ ဧရာဝတီတိုင်းသားတွေဟာ လူတော်တွေများလွန်းလို့ပါ။
တခါတလေ ဧရာဝတီသားတွေအကြောင်းတွေးမိရင်ပဲဖြစ်ဖြစ်၊ ဧရာဝတီသားအချင်းချင်း စကားစပ်မိလို့ပဲ ဖြစ်ဖြစ် ဒို့ဧရာဝတီသားတွေထဲမှာ နာမည်ကြီးတွေ တော်တဲ့သူတွေ နိုင်ငံဂုဏ်ဆောင်တွေ မနည်းဘူးကွလို့ ပြောမိပါတယ်။
အနီးစပ်ဆုံးပြောရရင် တမြန်နေ့က သမ္မတဖြစ်သွားတဲ့ မြန်မာနိုင်ငံရဲ့ ဆယ်ယောက်မြောက်သမ္မတကြီး ဦးဝင်းမြင့်၊ သူက ဓနုဖြူသား။ ပြီးခဲ့တဲ့ 2017 အကယ်ဒမီပေးပွဲမှာ ရုပ်ရှင်တစ်သက်တာဆု ရရှိသွားတဲ့ စည်သူဗိုလ်ကလေးတင့်အောင်ကလဲ ဘိုကလေးဇာတိပါပဲ။
အတိတ်သမိုင်းကို ပြန်ကြည့်ခဲ့သော် ဧရာဝတီသားများသည် အလွန်ထက်မြတ်သောပုဂ္ဂိုလ်များအဖြစ် တွေ့ရှိရပါတယ်။ အနာဂတ်ကာလမှာ မြန်မာနိုင်ငံသားများအနေဖြင့် ရှိလာဖို့ ဖြစ်လာဖို့ ၉၉% မသေချာတဲ့ ကမ္ဘာ့ကုလသမဂ္ဂအတွင်းမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ဆိုတာလဲ ပန်းတနော်သားပါပဲ။
မြန်မာနိုင်ငံမှာ သမ္မတဆယ်ဦးတင်မြှောက်ပီးပါပြီ။ အဲ့ဒီဆယ်ဦးမှာ ဧရာဝတီသားက ငါးဦးဆိုတော့ ဧရာဝတီသားတွေဟာ အလွန်တော်ကြတယ်ဆိုတာ အတိဝုတ္တဒေါသသင့်မည် မထင်တော့ပါ။
ရဲဘော်သုံးကျိပ်ထဲမှာလဲ ဧရာဝတီသား ဗိုလ်မှူးဗလ၊ မျိုးချစ်သူရဲကောင်း ဒီးဒုတ် ဦးဘချို၊ပထမဆုံးဝန်ကြီးချုပ်ရာထူး ထမ်းဆောင်ခဲ့တဲ့ ဦးနု၊ ဗိုလ်ချုပ်တင့်ဆွေ၊ ဗိုလ်ချုပ်အေးကို၊ ဦးအောင်ဖုန်း၊ ဦးသိန်းညွန့်၊ ဦးဌေးဦး၊ ဦးတင့်ဆန်း၊ ဦးဆန်းဆင့် စတဲ့ တိုင်းမှူးတွေ ဝန်ကြီးတွေ
ဗိုလ်ချုပ်တွေ ဆိုတာလဲ အများကြီးပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပါရမီဖြည့်ဘက်လဲဖြစ် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးမေမေလဲ ဖြစ်တဲ့ ဒေါ်ခင်ကြည်ကလဲ ဧရာဝတီသူဖြစ်ပါတယ်။
စာပေရေးရာနဲ့ အနုပညာပိုင်းမှာဆိုရင်
ဆရာဇော်ဂျီ၊ ရွှေဒုံးဘီအောင်၊ ဦးဖိုးကျား၊ လင်းယုံသစ်လွင်၊ သင့်ဘဝ ဦးရဲလွင်၊ ဒဂုန်တာရာ၊ ဂါးဒီးယန်း ဦးစိန်ဝင်း၊ အီကြာကွေး၊ ဂျာနယ်ကျော်မမလေး၊ ခင်နှင်းယု၊ ဦးမြင့်ဆွေ၊ ပါရဂူ၊ ဒေါက်တာသန်းထွန်း၊ မင်းယုဝေ၊ မောင်ခင်မင်၊ မင်းနန်၊ လင်္ကာရည်ကျော်၊ ပုညခင်နဲ့ ဒါရိုက်တာ သရုပ်ဆောင် အဆိုတောများဖြစ်ကြတဲ့ မဟာဂီတဦးပြုံးချို၊ ဦးသုခ၊ ကျော်ရဲအောင်၊ အေသင်ချိုဆွေ၊ ဟင်္သာတထွန်းရင်၊ ပိုက်သက်ကျော်၊ မအူပင်စိုးလင်းအောင်၊ စတဲ့ အနုပညာရှင်တွေလဲ များစွာရှိကြပါတယ်။
ထိုမျှမက သာသနာတော်ဆိုင်ရာ ဒိတ်ဒိတ်ကြဲ နာမည်ကြီးဆရာတော်တွေလဲ ပေါ်ထွန်းရာ တိုင်းလဲ ဖြစ်ပါတယ်။
ဝိပဿနာပိုင်းမှာဆို ဓမ္မဒူတဆရာတော်နဲ့ ဖားအောက်ဆရာတော်၊ မဟာဗောဓိမြိုင်ဆရာတော်၊ အောင်စင်္ကြာဆရာတော်နဲ့ ဗောဓိရိပ်ငြိမ်ဆရာတော်တို့ဟာ သာဓကပါပဲ။
ကမ္ဘာ့သာသနာပြု ဆရာတော်များဖြစ်ကြတဲ့ အင်္ဂလန်ဆရာတော် အရှင်ဉာနိက၊ ပီနန်ဆရာတော် ဦးပညာဝံသ၊ အမေရိကန်သံဃာ့ဦးလျှောင် ဦးကောဝိဒါဘိဝံသတို့ပဲ ဖြစ်ကြပါတယ်။
စာသင်တိုက်ကြီးများ တက္ကသိုလ်များရဲ့ ပဓာနနာယယဆရာတော်များဖြစ်ကြတဲ့ အင်းစိန်ရွာမဆရာတော်၊ ရွှေရတုတိပိဋက ဦးသီလက္ခန္ဓာဘိဝံသ၊ ထေရဝါဒတက္ကသိုလ်ပါမောက္ခ ဒေါက်တာစန္ဒဝရာဘိဝံသ၊ မစိုးရိမ်တိုက်သစ် ရံသီဆရာတော် ဦးပညိန္ဒာဘိဝံသ၊ ဂါရဝဆရာတော်ဦးတိက္ခိန္ဒြိယာဘိဝံသ၊ ဇေတဝန်ဓမ္မာရုံဆရာတော် ဒေါက်တာသောပါကတို့ဟာ ဧရာဝတီသားများဖြစ်ကြပါတယ်။
သီလရှင်အစ မယ်ကင်းကလို့ဆိုရတဲ့ သီလရှင်မယ်ကင်းရဲ့ တပည့်လဲဖြစ် သီလရှင်သာသနာတော်ကြီးကို ပြန့်ပွားစည်ပင်အောင်ဆောင်ရွက်ခဲ့တဲ့ ဒေါ်ဉာဏစာရီကလဲ ဧရာဝတီသူပါပဲ။
နိဂုံးချုပ်အနေအားဖြင့် ဆိုရသော် ဧရာဝတီသားများသည် ခေသူမဟုတ်၊ အလွန်တော်သောသူများ ဖြစ်ကြသည်ဟု ထင်မှတ်မိပါသည်။
ဧရာဝတီသူ ဧရာဝတီသားများဖြစ်ကြသော သင်တို့သည်လဲ သင်တို့ရဲ့ ဧရာဝတီသားအဖြစ်ကို ဂုဏ်ယူကြပါ၊ ရှေးရှေးက လမ်းပြသွားသည့်အတိုင်း တော်အောင် ထက်အောင် ဂုဏ်ဆောင်နိုင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ရပါပေ၏။

အရှင်ဥတ္တမ (ရွှေမော်ကျွန်း)
30-3-2018 Friday
7:30 AM

No comments:

Post a Comment