Latest News

Tuesday, July 3, 2018

တာချီလိတ်တွင် လူတစ်ဦးသေဆုံးသွားသည့် သေနတ်ပစ်ခတ်မှု အပါအဝင် သုံးနေရာ၌ ပစ်ခတ်မှုနှင့် ပတ်သက်၍ ကျူးလွန်သူ (၆)ဦးအား နာရီပိုင်းအတွင်း ဖမ်းမိ



တာချီလိတ် ဇူလိုင် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ဇူလိုင်လ ၂ ရက်နေ့က ကားအရောင်းပြခန်း တစ်ခုအား သေနတ်ဖြင့်ပစ်ခတ်မှုနှင့် မော်တော်ယာဉ်မောင်းနှင်သူတစ်ဦး သေဆုံးသည့် သေနတ်ပစ်ခတ်မှုတို့မှ ကျူးလွန်သူ တရားခံ (၆)ဦးကို ယနေ့ နံနက် ၁ နာရီဝန်းကျင်က ဖမ်းဆီးရမိကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဇူလိုင်လ ၂ ရက်နေ့၊ ည ၇ နာရီကျော်က တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်၊ အာခါ ဈေးလမ်းတွင် လူနှစ်ဦးလိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးအား ကားလမ်းဘေး၌ ရပ်နေသူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ယာဉ်မောင်းနှင်သူ ရန်ကျားချိန် ဆိုသူမှာ သေနတ်ဒဏ်ရာ သုံးချက်ရရှိ ကာ သေဆုံးသွားခဲ့သည်။ ယင်းဖြစ်စဉ်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေစဉ် ပါဆတ်ရပ်ကွက်မှ ကား အရောင်းပြခန်းတစ်ခုကိုလည်း လမ်းပေါ်မှ ပစ်ခတ်သွားကြောင်း သတင်းထပ်မံ ရရှိသဖြင့် ကားအရောင်းပြခန်းအား ရဲတပ်ဖွဲ့ က ဆက်လက်စစ်ဆေးနေစဉ် ဗိုလ်ချုပ်လမ်းမပေါ်တွင် ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦး ရောက်လာပြီး ၊ မိုးပေါ်ထောင်၍ သေနတ်သုံးချက် ပစ်ခတ်ထွက်ပြေးရာ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် ဟောင်လိတ်လမ်းဆုံ မီးပွိုင့် တွင်လည်း သေနတ်ကို မိုးပေါ်ထောင်၍ သုံးချက်ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သေနတ်ပစ်ခတ်မှုကျူးလွန်သူများအား တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးစံသိန်း၊ တာချီလိတ် မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး မျိုးခိုင် နှင့် ပြည်သူ့စစ်များ ပါဝင်သော ပူးပေါင်းအဖွဲ့က စုံစမ်း ဖမ်းဆီးရာ ယနေ့ ဇူလိုင်လ ၃ ရက်နေ့၊ နံနက်တွင် ပဏ္ဏိတ ဆိုသူကို စတင် ဖမ်းဆီးရမိပြီး၊ ကျန်အဖွဲ့ဝင်များကို ဖန်မင်ကျေးရွာ အုပ်စု၊ ဧဒင်ကျေးရွာမှ စိုင်းသိန်းကျော်(ခ)နှုတ်ခမ်းမွှေး ၏ နေအိမ်အတွင်းတွင် ထပ်မံ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ ၄င်းသေနတ်ပစ်ခတ်ရာတွင် ပါဝင်သည့် စိုင်းသိန်းကျော်(ခ)နှုတ်ခမ်းမွှေး(၄၀)နှစ်၊ စိုင်းလှဝင်း(၂၀)နှစ်၊ စိုင်းရှဲန်မိန်း(၃၄)နှစ်၊ စိုင်းအောင်(ခ) စိုင်းဆန်းအောင်(၂၀)နှစ်၊ စိုင်းအောင်ထူး(၄၅)နှစ်၊ ပဏ္ဏိတ (၃၁)နှစ် ဆိုသူတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


 ယင်းခြံဝင်းတွင်း ၀င်ရောက်ဖမ်းဆီးရာတွင် တရားခံများ က ပစ်ခတ်သည့် အတွက် ဖမ်းဆီးရေးတွင် အဖွဲ့ဝင် အဖြစ် ပူးပေါင်းပါဝင်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။ ဖြစ်စဉ်တွင် ကနဦး စစ်ဆေးမှု ထွက်ဆိုချက်များအရ ၎င်း တို့က အဆိုပါ မော်တော်ယာဉ် အရောင်း ပြခန်းတွင် မော်တော်ယာဉ်တစ်စီး ရောင်းထားသည့်အတွက် မော်တော်ယာဉ်ဖိုးငွေ တောင်းခံတိုင်း ဖုန်းစက်ပိတ် ပစ်သဖြင့် ဆိုင်ပိတ်ချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့ ပစ်ခတ် ထွက်ပြေးချိန်တွင် နောက် မှ ကားတစ်စီး ပါလာရာ ကားပြခန်း ပိုင်ရှင်၏ တပည့်များလိုက်လာသည်ဟု ယူဆသဖြင့် လမ်းဘေးအမှောင်ရိပ်တွင် သေနတ်ဖြင့် စောင့်နေပြီး ကားဖြတ်သွားချိန်တွင် ပစ်ခတ်လိုက်ခြင်းဖြစ်သည် ဟု ထွက်ဆိုထားကြောင်း သိရသည်။

အဆိုပါ နေအိမ်တွင်ဝင်ရောက် ဖမ်းဆီးချိန်တွင် ကျည် (၁၆)တောင့်ပါ ကျည်အိမ်တပ်လျက် K 1205549 နံပါတ်ပါ M 22 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည် (၅)တောင့်ပါ ကျည်အိမ်တပ်လျက် CZ 6.35 အမျိုးအစား ပွိုင့် ၂၂ ပစ္စတို သေနတ်တစ်လက်၊ 5.56 ကျည် (၂၆)တောင့်၊ အရိုး သွား(၁၀)လက်မ ခန့် ခေါက်ဓါး(၁)ချောင်း၊ ဆိုင်ကယ်တစ်စီး၊ အခင်းဖြစ်နေရာတွင် ကျည်ခွံ (၄)ခု၊ ကား အရောင်းပြခန်းရှေ့မှ ကျည်ခွံ(၃)ခု၊ ဟောင်လိတ်မီးပွိုင့်လမ်းဆုံမှ ကျည်ခွံ (၃)ခု စုစုပေါင်း ကျည်ခွံ(၁၀)ခု တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးရာတွင် ဆိုင်ကယ်မောင်းနှင်သူမှာ စိုင်းအောင်(ခ)စိုင်းဆန်းအောင် ဖြစ်ပြီး ၊ သေနတ်ပစ်သူမှာ စိုင်းကျော်သိန်း(ခ) နှုတ်ခမ်းမွှေး ဖြစ်ကြောင်း သိရသည်။

၎င်းတို့အဖွဲ့အား ရန်ကျားချိန်သေဆုံး သည့် သေနတ်ပစ်ခတ်မှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်း တွင် အမှုဖွင့် အရေးယူထားပြီး ၊ ဆက်လက် စစ်ဆေးမှုများဆောင်ရွက်နေကြောင်း သိရသည်။

ဝေယံလင်း(ပြန်/ဆက်)
Iprd Tachileik
https://www.facebook.com/Iprd.tachileik

No comments:

Post a Comment