အတ္တနိဂုံး
(၁)
အမုန်းမဖက်သည့် မျက်လုံးများနှင့် ကြည့်နေသော ဖိုးအောင်၏ အကြည့်ကြောင့် သူ့ရင်ထဲကိုနင့်စေသည်။ သူ့ကိုယ်သူလည်း မလုံမလဲ ဖြစ်ရသည်။ ကံကြမ္မာက သူတို့ နှစ်ယောက်အတွက် ဆန်းကြယ်လွန်းသည်။ အချိန်တွေ နောက်ပြန်ဆုတ်ခွင့်ရှိလျှင် အပြေးပြန်ဆွဲထားချင်မိ၏။ ဆောင်းအငွေ့ အသက်များကြောင့် အပြင်တွင် အေးနေသော် လည်း သူ့ရင်ထဲတွင် ဗလောင်ဆူနေသည်။ ပြောချင်သည့် စကားလုံးများကလည်း မျက်ရည်များကြားမှ ထိုးမဖောက်နိုင်ခဲ့။ ဘာသာမဲ့စကားလုံးများကို သူ့ပါးစပ်မှ အကြိမ်ကြိမ်ရွတ်ဆိုနေသည်။ သူနှင့် ပိုဝေးဝေး သွားသည့် ဖိုးအောင်ကို အမြင်အာရုံတို့ မခွာ နိုင်ဘဲ ကြည့်နေရင်း သူ၏မျက်ရည်များလည်း စီးဆင်းလာနေ၏။ တဖြည်းဖြည်း သူ့မြင်ကွင်း ထဲမှ ဖိုးအောင် ပျောက်ကွယ်သွားလေပြီ။ သူ့ ရင်ထဲတွင် ပြောမပြတတ်သော ဝေဒနာတစ်ခုကို ခံစားလိုက်ရသည်။ နောင်တအတွေးများနှင့် ထိုင်ခုံလေးတစ်ခုတွင် ဝင်ထိုင်လိုက်ရင်း သူ့ ဘဝကို နားလည်ပြင်ဆင်ရန် သူဆုံးဖြတ် လိုက်သည်။
(၂)
ထိုနေ့က သူတို့အတန်းသို့ ကျောင်းသား သစ် ရောက်လာမည်ဆို၍ အားလုံးက စိတ်ဝင်တစားနှင့် စောင့်ကြိုနေကြ၏။ ထိုအထဲ တွင် သူမပါ။ စိတ်မဝင်စား။ ထို့ကြောင့် စာကြည့်ရန် အင်္ဂလိပ်စာအုပ်ကိုယူကာ ကျောင်းအနောက်ဘက်ရှိ ကုက္ကိုပင်အရိပ် အောက်သို့ သူထွက်လာခဲ့သည်။ အတန်း ထဲတွင် ရုပ်ရည်အသန့်ပြန့်ဆုံး၊ စာအတော်ဆုံး ဘွဲ့များ ရရှိထားသူဖြစ်၍ မာန်တက်နေသည် ဆိုလျှင် မမှားပေ။ မိန်းကလေးများကလည်း သူ့ဆိုလျှင် မျက်နှာသာပေးကြသည်။ ယောက်ျားလေးအချင်းချင်းပင် သူ့ကိုမနာလို ဖြစ်ကြရသည်။ သူကလည်း ခပ်တည်တည် နှင့် ဘယ်သူ့ကိုမှအဖက်မလုပ် တစ်ယောက် တည်း နေတတ်သည်။ တချို့က မာနခဲကြီးဟု တီးတိုးပြောကြသည်။ သို့သော် သူဂရုမစိုက် ပေ။ အိမ်တွင်လည်း တစ်ဦးတည်းသော သားဖြစ်၍ မိဘများက အလိုလိုက် အကြိုက် ဆောင်ထားကြသည်။ ငယ်စဉ်ကတည်းက သူတို့ခြံဝင်းအတွင်းမှာပင် ကစားစရာအရုပ် များနှင့် ကြီးပြင်းလာရသူဖြစ်၍ ပတ်ဝန်းကျင် နှင့်အထိအတွေ့နည်းသူ ဖြစ်သည်။ ကျောင်းနေ အရွယ်ရောက်သော်လည်း အတန်းဖော် သူငယ်ချင်းများနှင့် ရင်းရင်းနှီးနှီးခင်ခင်မင်မင် မနေတတ်ပေ။ အင်္ဂလိပ် စာအုပ်တစ်အုပ် နှင့်သာ အမြဲနေလေ့ရှိသည်။ အင်္ဂလိပ်စာကို ငယ်ငယ်ကတည်းက စိတ်ဝင်စားမှုရှိအောင် မိဘများက အလေးပေးထား၍ သူ၏ အားလပ်ချိန်များကို အင်္ဂလိပ်စာအုပ်များ နှင့်သာ ကုန်ဆုံးလေ့ရှိသည်။
(၃)
ဖိုးအောင်ရောက်လာသည့် နေ့မှစ၍ သူ့အတွက် အရင်လိုမဟုတ်တော့ပေ။ ရုပ်ရည် ကအစ စာပေတွင်အဆုံး အစစအရာရာ ဂုဏ်ရည်တူနေ၍ သူ့စိတ်ထဲတွင် ဘဝင်မကျ တော့ချေ။ သူရရှိထားသော ကံကောင်းခြင်းများ ကို ဖိုးအောင်နှင့် ခွဲဝေယူနေရ၏။ မကျေမနပ် ဖြစ်သောစိတ်များနှင့်အတူ တစ်ယောက်တည်း အလိုမကျဖြစ်နေတတ်သည်။ ပတ်ဝန်းကျင် အပေါ်တွင်လည်း အကောင်းမမြင်တော့ချေ။ သူအမုန်းဆုံးစာရင်းတွင် ဖိုးအောင်နာမည်က ထိပ်ဆုံးကဖြစ်လာသည်။ ဖိုးအောင်ကိုမြင်လျှင် လက်သီးနဲ့ စိတ်ရှိသလောက်ပြေးထိုးချင်မိသည် အထိ ဖြစ်လာ၏။ အမြဲတမ်းလိုလို စူပုပ် နေသော သူ့အတွက် အပေါင်းအသင်းတွေက နည်းသည်ထက်နည်းလာသည်။ မည်သူမျှ အပေါင်းအသင်းမလုပ်ချင်ကြတော့။ စာလည်း တော်၊ စိတ်ထားလည်းကောင်း၊ တပြုံးပြုံးနှင့် ဖိုးအောင် အနားတွင်သာ ဝိုင်းဝိုင်းလည်နေ၏။ မိန်းကလေးများကလည်း ဖိုးအောင် ဖိုးအောင် ဖြစ်လာ၏။ သူ့ကိုရှိသည်ဟုပင် မထင်ကြတော့ ချေ။ သဘောကောင်းပြီး ကူညီတတ်သည့် ဖိုးအောင်ကို ဆရာ ဆရာမ များကလည်း ချစ်ကြသည်။ သူ့အတွက်နေ့ရက်တိုင်းသည် စိတ်မချမ်းမြေ့စရာများနှင့် ပြည့်နှက်နေ တော့၏။ ဒေါသစိတ်နှင့် အလိုမကျမှုများ ဖုံးလွှမ်းနေသည့် သူ့အတွက် ဦးနှောက်မှတ် Óဏ်များလည်း တဖြည်းဖြည်း နှေးကွေးလာ သည်။
(၄)
လပတ်စာမေးပွဲအဖြေများ ထွက်လာ ပေပြီ။ သို့သော် သူမျှော်လင့် ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။ အမှတ်ပေါင်း တစ်မှတ် အသာနှင့်ကပ်၍ ဖိုးအောင်က သူ့ထက် ဗိုလ်စွဲ သွားသဖြင့် သူလုံးဝမကျေနပ်ချေ။ ဒေါသ ထွက်ထွက်နှင့် အတန်းထဲမှာပင် ဖြေမဆည် နိုင်ဖြစ်ကာ သူငိုသည်။ ဘေးချင်ကပ် သူငယ်ချင်း က အားပေးစကား ပြောသည်ကိုပင် လက်မခံ နိုင်ဘဲ ဒေါသစိတ်နှင့် ပြန်အော်ပစ်ခဲ့သေးသည်။ ထိုနေ့တစ်နေ့လုံး ဘယ်သူ့ကိုမှစကားမပြော တော့ဘဲ တစ်ယောက်တည်း ကြိတ်မနိုင်ခဲမရ ဖြစ်နေတော့သည်။
ညအိပ်ရာဝင်သည့်အခါ နဖူးပေါ် လက်တင်၍ သူစဉ်းစားသည်။ သူ့နေရာ သူ ပြန်လိုချင်သည်။ ပတ်ဝန်းကျင်မှ အကြည့်များ၊ သူငယ်ချင်းများ၏ အကြည့်များကို သူမခံနိုင်။ မိဘများကလည်း ဆူသေးသည်။ ဖိုးအောင် ထက် သာနေမှသာ သူ့အတွက်အဆင်ပြေမည်။ သို့မဟုတ်လျှင် အိမ်တွင်လည်း ကောင်းကောင်း နေရမည် မဟုတ်ပေ။ ထို့ကြောင့် သူ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့သည်။
နောက်နေ့တွင် ကျောင်းသို့ဦးစွာ ရောက် အောင်သွား၍ ဖိုးအောင်လာသည့် လမ်းမှ သူ စောင့်နေလိုက်သည်။
''ဖိုးအောင်''
တစ်ခါမှ မခေါ်ခဲ့ဖူးသည့်သူက နာမည် ခေါ်လိုက်၍ ဖိုးအောင် တအံ့တသြနှင့် လှည့်ကြည့်သည်။
''အေး ကျော်စွာ ပြောလေကွာ''
ဖိုးအောင်ကို ဘာမှပြန်မပြောသေးဘဲ ဖိုးအောင်လက်ကို အတင်းဆွဲကာ လူရှင်း လောက်သည့်နေရာသို့ သူခေါ်သွား၏။ ဘေးဘီကို ဝေ့ဝဲကြည့်လိုက်သေးသည်။ မည်သူမျှမရှိ၍ သူပြောချင်သည့် စကားများကို စ၍ ပြောတော့သည်။
''ဒီကျောင်းမှာ ငါက ဟိုး...သူငယ်တန်း ကတည်းကစပြီး ပထမရလာတာ။ မင်းရောက် လာမှ ငါဒုတိယရ... ရတယ်။ ငါ့နေရာငါ ပြန်လိုချင်တယ် အဲဒါငါပြောမလို့ မင်းကို ခေါ်လာတာ ...
မင်းသဘောပေါက်ပါတယ်နော် တကယ်လို့ ငါ့နေရာကို မင်းဆက်ယူနေဦးမယ်ဆိုရင် ငါဘာလုပ်မလဲဆိုတာ မင်းစောင့်ကြည့် လိုက် ...ပြီးမှ ငါ့အဆိုးမဆိုနဲ့ ငါမင်းကိုသတိ ပေးပြီးပြီ ...''
ဖိုးအောင်ဘာမျှ မပြောနိုင်ဘဲ ခေါင်းငုံ့ ၍သာ နားထောင်နေသည်။
''ငါဒီလိုပြောတာတွေ မင်းဘယ်သူ့မှ ပြန်မပြောနဲ့ တစ်ယောက်ယောက်သိသွား လို့ကတော့ မင်းမလွယ်ဘူး ငါသွားပြီ''
ဖိုးအောင်ကို ထားခဲ့ကာ သူပြန်လာခဲ့ သည်။ သူပြောခဲ့သည်များကို ပြန်တွေးရင်း တစိမ့်စိမ့်ကျေနပ်နေတော့၏။
(၅)
နောက်လပတ်အတွက် အမှတ်စာရင်း များ ထွက်လာပေပြီ။ သူရင်မခုန်တော့ပေ။ဖိုးအောင်မှာတော့ မျက်နှာမကောင်းချေ။
''သား...ဖိုးအောင် သင်္ချာမှာ ငါးမှတ်တန် တစ်ပုဒ်ဖြေမထားဘူး မေ့ကျန်ခဲ့တာလား သားကအဲဒီမှာ အမှတ်လျော့သွားတာ''
ဆရာမ၏ စကားကြောင့် သူနည်းနည်း တုန်လှုပ်သွားမိသည်။ ဖိုးအောင်၏ စိတ်ထားကောင်းမှုအပေါ် အနိုင်ယူမိပြီလား သူ့ကိုယ်သူ တွေးမိလာသည်။ ဖိုးအောင်ကို သနားလာမိ၏။ ဖိုးအောင်ဘက်သို့ မရဲတရဲ လှည့်ကြည့်လိုက်သည်။ ဖိုးအောင်က မျက်လွှာ ကို အောက်ချထားသည်။ ပျော်ရွှင်ခြင်းကို သူ့မျက်နှာပေါ်တွင်မတွေ့ရ။ ထိုအခိုက် ဖိုးအောင်ကမော့အကြည့် သူက ဖိုးအောင်ကို လှည့်အကြည့်နှင့် ဆုံသွား၍ ဖိုးအောင်က သူ့ကို ပကတိမျက်လုံးများနှင့် ပြုံးပြသည်။ သူချက်ချင်းပင် ဖိုးအောင်အကြည့်ကို မျက်နှာ လွှဲပစ်လိုက်သည်။ ဖိုးအောင်၏ ဖြူစင်သည့် စိတ်ဓာတ်များ၊ သိမ်မွေ့သည့် အကြည့်များကို သူ့စိတ်ကြေးမုံက ရင်မဆိုင်ရဲတော့ချေ။
ထိုနေ့က အိမ်ပြန်ရောက်သည့်တိုင် ဖိုးအောင်အကြည့်များ၊ အပြုံးများက သူ့မြင် လွှာတွင် တဖျပ်ဖျပ်။ သူ့လုပ်ရပ်များအတွက် သူ့ကိုယ်သူပင် မလုံတော့။
ထို့ကြောင့် နောက်နေ့တွင်ဖိုးအောင်ကို သူ့လုပ်ရပ်များအတွက် ပြန်တောင်းပန်မည်ဟု သူဆုံးဖြတ်လိုက်သည်။ မုန့်တွေဝယ်ပြီး ဖိုးအောင်နှင့်အတူစားကာ သူ့အမှားများ အတွက်တောင်းပန်ရန် အတန်းထဲတွင် ထိုင်စောင့်နေလိုက်သည်။ သို့သော် ကျောင်းတက်သွားသည့်တိုင် ဖိုးအောင် ရောက်မလာပေ။ တစ်ခါမှ ကျောင်းမပျက်ဘဲ စည်းကမ်းလိုက်နာတတ်သည့် ဖိုးအောင်က အတန်းပိုင်ဆရာမ ထံတွင်လည်း ခွင့်မတိုင်၍ အားလုံးက စိတ်ပူ ကုန်ကြ၏။
''ဆရာမ ဝင်ခွင့်ပြုပါ''
အားလုံးတစ်ပြိုင်နက် နောက်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
''ဟင် ဖိုးအောင်''
ဖိုးအောင်မျက်နှာ မကောင်းပေ။ ဆရာမ အနားသို့ တိုးသွားကာ နယ်ကမိဘများမှ စီးပွားရေးအဆင်မပြေကြ၍ သားအကြီးဆုံး ဖိုးအောင်ကို အလုပ်လုပ်ရန် ပြန်ခေါ်နေပြီ ဖြစ်သောကြောင့် ပြန်ရတော့မည် ဖြစ်ကြောင်း၊ ဒေါ်ကြီး အိမ်တွင်ပြည့်ပြည့်စုံစုံ နေရသော် လည်း ညီလေး၊ ညီမလေးများ နပ်မှန်အောင် မစားရသည့်အဖြစ်ကို မကြည့်ရက်၍ အိမ်ပြန်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ပြောဆိုပြီး အခန်းအတွင်းမှ လေးလံစွာ ထွက်ခွာသွားသော ဖိုးအောင်ကို သူဆွံ့အစွာ ဖြင့် လိုက်ငေးကြည့်နေမိသည်။
သူ့မျက်ဝန်းတွင်လည်း အတားအဆီးမဲ့ သည့် မျက်ရည်စများနှင့်။
ဖိုးအောင်က သူ့လုပ်ရပ်ကို အပြစ်မယူခဲ့ သည့်တိုင် သူ့ကိုယ်သူတော့ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်တော့ပေ။ တရွေ့ရွေ့ ထွက်ခွာသွားသည့် ဖိုးအောင်၏ နောက်၌ အဆုံးမရှိသည့်နောင်တများနှင့် ငေးငိုင် ကျန်နေခဲ့သူက ကျော်စွာပိုင်ဆိုသော သူ သည်ပင်။ ။
မေမီမိုးမြင့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment