သိက္ခာပေါ်ပဲ လိပ်ပြာနားပါရစေ
(၁)
မှေးမှိန်နေသော မီးလုံးကလေးအောက်တွင် နိုင်ဦးတို့ သားအဖနှစ်ယောက်သည် တစ်ယောက် မျက်နှာတစ်ယောက်မကြည့်ဘဲ ခေါင်းကိုငုံ့ထားလျက် ငြိမ်သက်စွာထိုင်နေကြသည်။ ဖခင်က''အဟမ်း အဟမ်း''ဟု လည်ချောင်းရှင်းလိုက်သည်နှင့် နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း လှုပ်လှုပ် ရှားရှားဖြစ်လာသည်။
''သားရဲ့ယောက္ခမလောင်းကြီးနဲ့ ဖေဖေတွေ့ခဲ့ပြီ၊ သူ့သမီးကို သိန်းငါးဆယ်နဲ့ လာတောင်းပါတဲ့''
''သိန်းငါးဆယ်'' နိုင်ဦးခေါင်းပူသွားသည်။ ချမ်းသာ သူတွေအဖို့ သိန်းငါးဆယ်က မပြောပလောက်ပေမယ့် တို့သားအဖအတွက်တော့ မြင်းမိုရ်တောင်လည်းပမာ သမုဒ္ဒရာရေအလား။
နိုင်ဦး သူ့ဖခင်ကိုကြည့်လိုက်သည်။ ဖခင်ကို သနားသည်။ လူမှန်းသိတတ်စအရွယ် မိခင်ဆုံးပါးသွား ကတည်းက ဖခင်လည်းသူ၊ မိခင်လည်းသူ ထိန်းသိမ်း စောင့်ရှောက်ကျွေးမွေးလာသည်။ ဖခင်တွင် သိန်းငါးဆယ် မရှိမှန်း နိုင်ဦး သိသည်။ တက္ကသိုလ်ဝင်တန်းအောင်ပြီး ပညာရေးကောလိပ်တက်ရောက်နေစဉ် ဖခင်ကပဲ နဖူးကချွေး ခြေမထိကျအောင် ရှာပေးခဲ့ရသည်ကိုလည်း သိသည်။ ဖခင်မသိအောင် သက်ပြင်းတိုးတိုးလေးချလိုက်၏။
''နေပါစေတော့ ဖေဖေရယ်၊ သူ့သမီးကို သိန်းငါးဆယ် နဲ့ တင်တောင်းရမယ်ဆိုတော့ သားတို့မှာသိန်းငါးဆယ်မှ မရှိတာ၊ သား နှင်းကို လက်မထပ်တော့ဘူး ဖေဖေ''
ဖခင်စိတ်ချမ်းသာအောင်သာ ပြောရသည်။တကယ်တော့ နှင်းကို နိုင်ဦးလက်ထပ်ချင်သည်။ဖခင်ကို ကြည့်လိုက်တော့ ဝမ်းနည်းသယောင်မျက်လုံးများနှင့် မျက်နှာပျက်နေသည်။
နိုင်ဦးသည် လေးကန်စွာထလိုက်ပြီး အိပ်ခန်း ဝင်သွားခဲ့သည်။ သိန်းငါးဆယ်အကြောင်း စဉ်းစားမိတိုင်း နိုင်ဦး ဝမ်းနည်းမိသည်။ ညအိပ်ချိန်တွင်လည်း သိန်းငါးဆယ်၏နှိပ်စက်ဒဏ်ကြောင့် အိပ်မပျော်။အိပ်ပျော် သွားလျှင်လည်း သိန်းငါးဆယ်သည် နိုင်ဦးအိပ်မက်ထဲသို့ တံခါးမခေါက်ဘဲ ဝင်လာပြန်သည်။
(၂)
ဝမ်းနည်းသောမျက်လုံးများကို ဟန်ဆောင်ကာပြုံးရင်း ချစ်သူနှင်းထံ ထွက်လာခဲ့သည်။ နှင်းကို ဟန်ဆောင်ထား၍ မရခဲ့ပါ။ လူကဲခတ်ပါးသောနှင်းက နိုင်ဦး၏မူမမှန်အပြုံးကို မြင်သည်။
''ကိုနိုင် သိန်းငါးဆယ်မရှိတာနဲ့ ကိုနိုင်နဲ့ နှင်း ဝေးရ တော့မှာလား''
''အင်းပေါ့ နှင်းဖေဖေပြောတဲ့ သိန်းငါးဆယ် ကိုနိုင်မှ မရှာနိုင်ဘဲ''
''ကိုနိုင်နောက်လအလုပ်ဝင်ရတော့မှာမလား၊ အလုပ် ကြိုးစားပြီးစုလေ''
''နှင်းရယ် ကျောင်းဆရာလခကိုများ အထင်ကြီးလို့၊ နှင်းဖေဖေပြောတဲ့ သိန်းငါးဆယ်စုနိုင်ဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ''
နိုင်ဦး ခပ်တည်တည်ပြောလိုက်သည်။ မှန်သည်။ကျောင်းဆရာလစာနဲ့စားပြီး ပိုတာစုရင်တောင် သိန်းငါးဆယ်ပြည့်ဖို့ လေးငါးနှစ်လောက်ကြာမည်။နှင်း တွေဝေသွားသည်။ နှင်း စဉ်းစားမိသည်။ ''ကျူရှင်''ကိုနိုင် မသင်ချင်သည့် ကျူရှင်။ နှင်းမပြောလိုပေ။ သို့သော် သိန်းငါးဆယ်ရရန် တစ်ခုတည်းသောနည်းလမ်း။ နှင်းပြောဖို့ ဆုံးဖြတ်လိုက်သည်။
''ကိုနိုင်''
နှင်းကခေါ်လိုက်သည်နှင့် နိုင်ဦး နှင်း၏မျက်နှာလေး ကို လှည့်ကြည့်လိုက်၏။
''ကိုနိုင် နှင်းကိုချစ်လားဟင်''
''ချစ်တာပေါ့ နှင်းရယ်၊ သိပ်ချစ်တယ်''
''ကိုနိုင့်ကို တစ်ခုပြောမယ်နော်၊ နှင်းကိုစိတ်မဆိုးနဲ့''
နိုင်ဦးခေါင်းညိတ်ပြလိုက်သည်။
''ကိုနိုင် ကျူရှင်သင်ပါလားဟင်၊ ကိုနိုင်မကြိုက်မှန်း နှင်းသိပါတယ်၊ ဒါပေမယ့် နှင်းနဲ့ ကိုနိုင်နီးဖို့ဆို ပိုက်ဆံ လိုတယ်လေ''
နိုင်ဦး ခေါင်းငိုက်စိုက်ကျသွားသည်။ ငယ်ငယ် ကတည်းက ကျောင်းဆရာအလုပ်ကို ဝါသနာထုံသည်။ထို့ကြောင့်လည်း ဆယ်တန်းအောင်ပြီး ပညာရေးကောလိပ် ကိုတက်ရောက်ရန် ရွေးချယ်လိုက်သည်။ ပညာရေး ကောလိပ်တက်စဉ်က ဆရာလယ်တွင်းသားစောချစ်၏ ''ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး''ဝတ္ထုထဲက ကျောင်းဆရာလေး ငြိမ်းချမ်းကို အားကျခဲ့သည်။ စိတ်ကူးနဲ့ဘဝ ကွာလှသည်။နိုင်ဦး နှင်းကိုကြည့်လိုက်သည်။ နှင်းကလှသည်။ နုသည်။မြင်သူတိုင်းက သဘောကျချင်ဖွယ်မျက်နှာလေးကို ပိုင်ဆိုင် ထားသည်။ ချစ်သူကိုလည်း လက်ထပ်ချင်သည်။ အားကျခဲ့ သည့်ဆရာငြိမ်းချမ်းလိုလည်း ဖြစ်ချင်သည်။သိန်းငါးဆယ် က ဒိုင်းခနဲ စိတ်ထဲရောက်လာပြန်သည်။
''ကိုနိုင် ကြိုးစားပါ့မယ် နှင်းရယ်''
နှင်းစိတ်ချမ်းသာအောင်သာ ပြောလိုက်ရသည်။စိတ်ထဲမှာ လေးလံနေဆဲ။
(၃)
အလုပ်ခန့်စာများကျလာသည့်အတွက် နိုင်ဦး ပျော်သည်။ ရွှေတောင်မြို့နယ်အတွင်းရှိ ရွာလေးတစ်ရွာ တွင် တာဝန်ထမ်းဆောင်ရသည်။ ဧရာဝတီမြစ်နှင့် နီးသည်။ စာသင်ကျောင်းကိုရောက်ရန် တောင်ဆင်းတောင်တက်များ လုပ်ရသည်။ ကျောင်းအုပ်ဆရာမကြီး၏ ခွင့်ပြုချက်နှင့် နေထိုင်ရန် အခန်းကျဉ်းလေးတစ်ခု ကျောင်းတွင်း၌ရသည်။မူလတန်းကျောင်းဖြစ်သော်လည်း အနီးအနားရွာများကကျောင်းသားများပါ လာရောက်တက်ရသည့်အတွက် ကျောင်းသားဦးရေများသည်။ ကျောင်းအပ်လက်ခံသည့် နေ့တွင် မိဘများက နိုင်ဦးအား သူတို့သားသမီးကို ဆုံးမရန် လက်ထဲအပ်ကြောင်း တရိုတသေပြောကြသည်။
''ဆရာလေးရယ် ကျွန်တော့်သားကို ဆရာလေး လက်ထဲအပ်ပါတယ်၊ မလိမ္မာတာရှိရင် ဆုံးမပါ၊ ရိုက်ပါနော်''
''ဆရာလေးကိုယုံကြည်ပါတယ်၊ သမီးလေး ပညာ တတ်အောင် သင်ပေးပါနော် ဆရာ''စသည်ဖြင့် အမျိုးမျိုး ပြောဆိုပြီး အပ်ကြလေသည်။ မိဘများနှင့်ဆုံတွေ့ရပြီး ဆရာလေးဟု အခေါ်ခံရခြင်းသည် နိုင်ဦးအဖို့ ဒီတစ်ခါ ပထမဆုံးဖြစ်သည်။ နိုင်ဦး ပီတိဖြစ်မိသည်။ သို့သော် ''ကျူရှင်''သည် သူ့စိတ်ကို ဝါးမျိုလိုက်ပြန်သည်။ ''ကျူရှင် လာတက်ဖို့ ဘယ်လိုစပြောရပါ့မလဲ''နိုင်ဦး စဉ်းစားရသည်။ ''သိန်းငါးဆယ်''ကျောင်းသားမိဘများမသိအောင် စိတ်ထဲက ရေရွတ်လိုက်သည်။ ကျောင်းမဖွင့်ခင်ကြားနေ့များ၌ ကျူရှင် သင်ဖို့အကြောင်းတွေသာ နိုင်ဦးစဉ်းစားနေသည်။ နှင်းနှင့် နီးစပ်ချင်သည် မဟုတ်ပါလား။
(၄)
ကျောင်းအုပ်ဆရာမကြီးက နိုင်ဦးကို တတိယတန်း သင်စေသည်။ ကျောင်းစဖွင့်ချိန်တွင် နိုင်ဦး အလွန်ပျော် သည်။ ကျောင်းတက်ခေါင်းလောင်းသံသည် ရင်ခုန်သံကို မြန်စေသည်။ သူဝါသနာထုံသည့်အလုပ်ကို လုပ်ရတော့ မည်။ ကလေးတွေကို ချစ်သည်။
''ဆရာလေး သားကိုစာအုပ်ပေး ယူသွားတော့မယ် နော်''
''အေးအေး ကလေး''
နိုင်ဦး ပီတိဖြစ်မိသည်။ မိမိသည် ကလေးများ လေးစားသည့် ကျောင်းဆရာဖြစ်နေသောကြောင့် ဝမ်းသာ မိပြန်သည်။ စာသင်ကျောင်းလေး၌ နံနက် စာမသင်ခင် ဘုရားရှိခိုးရသည်။ ဘုရားရှိခိုးပြီး အမျှဝေသည့်အခါ၌ နိုင်ဦး အံ့သြသွားသည်။
''ယခုပြုရ ကုသိုလ်အဖို့ကို ဆရာ ဆရာမများ၊ ရုံးဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသား ကျောင်းသူများ၏ မိသားစုဝင်များကို အမျှအမျှ ပေးဝေငှ ပါ၏။ ကွယ်လွန်ပြီးဖြစ်သော ဆရာလေးတင့်နိုင်အားလည်း အမျှအမျှ ပေးဝေငှပါ၏။ သာဓု သာဓု သာဓု''
နိုင်ဦးပါ ဝမ်းမြောက်စွာ သာဓုသုံးကြိမ် ခေါ်လိုက် သည်။
''ဆရာလေးတင့်နိုင်က ဘယ်သူလဲ'' နိုင်ဦး သိချင် သည်။ ကွယ်လွန်သွားရှာပြီဟုလည်း ပြောသည်။ ကွယ်လွန် သွားသည့်ဆရာကို နာမည်တပ်ပြီးအမျှဝေသည်။ နိုင်ဦး စဉ်းစားရင်း ကျောင်းအုပ်ဆရာမကြီးကို မေးကြည့်ရင် ကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။
(၅)
''မင်္ဂလာပါ ဆရာလေး''
''မင်္ဂလာပါ ဆရာလေး''
လမ်းလျှောက်သွားသောကလေးများက လက်အုပ် ချီပြီး နှုတ်ဆက်သွားကြသည်။ စာသင်ခန်းထဲဝင်လိုက်သည်။
''မင်္ဂလာပါ ဆရာလေး''
တစ်တန်းလုံးက ပြိုင်တူနှုတ်ဆက်ကြသည်။ နိုင်ဦး အတိုင်းမသိ ဝမ်းသာသည်။ ''မင်္ဂလာပါ''ပြိုင်တူနှုတ်ဆက် သံကြောင့် ''ကျူရှင်၊ သိန်းငါးဆယ်''ကို မေ့သွားသည်။ ကလေးများနှင့် ပျော်ပျော်ရွှင်ရွှင်စာသင်ပြီး အတန်းပြီး နှုတ်ဆက်ကာမှ ''ကျူရှင်''ကို သတိရသည်။ ''နောက် တစ်နေ့မှ ပြောပါတော့မယ်လေ''ဟု ဆုံးဖြတ်ကာ ကျောင်းအုပ်ဆရာမကြီးရုံးခန်းသို့ ဝင်လိုက်သည်။ ဆရာလေးတင့်နိုင်အကြောင်း နိုင်ဦး သိချင်သည်။
''ဆရာမကြီး မနက်က ဘုရားရှိခိုးအမျှဝေတော့ ဆရာလေးတင့်နိုင်ဆိုတာ ကြားမိတယ်ဗျ ဘယ်သူလဲ မသိဘူး''
''ဟုတ်သားပဲ ဆရာလေးနိုင်ဦးက ခုမှရောက်လာ တော့ ဆရာလေးတင့်နိုင်အကြောင်း ဘယ်သိပါ့ဦးမလဲ လာထိုင်ကွယ် ဆရာမကြီးနဲ့ အေးအေးဆေးဆေး စကား ပြောရအောင်'' နိုင်ဦး စားပွဲရှေ့ကထိုင်ခုံပေါ် ထိုင်လိုက် သည်။
''ဆရာလေး တင့်နိုင်အကြောင်း ပြောပါဦး ဆရာမကြီး'' ကျောင်းအုပ်ဆရာမကြီး မျက်နှာမကောင်း၊ ဝမ်းနည်းသလိုဖြစ်သွားသည်။
''ဆရာလေးတင့်နိုင်ဆိုတာ ဆရာလေးမရောက်ခင် မနှစ်ကပဲဆုံးသွားတာ၊ သူ့ကိုကျောင်းသားတွေက သိပ်ချစ် တာ နောက်ပြီးသူကြိုးစားလို့ ဒီကျောင်းသစ်ကလေးကို ခုလိုဆောက်နိုင်တာ''
''ဗျာ ဒါဆို သူကဒီကျောင်းသစ်လေးရဲ့ အလှူရှင်ပေါ့''
''မဟုတ်ဘူးဆရာလေး ကျောင်းသစ်လေးဆောက်ဖို့ ငွေလိုတော့ သူကိုယ်တိုင် အနီးနားကရွာတွေကိုလိုက်ပြီးအလှူခံတယ်၊ ကံကဆိုးပါတယ်၊ ဟိုဘက်ရွာကအလှူခံပြီး အပြန်လမ်းမှာ ပိုးထိပြီးဆုံးသွားတယ်''
ကျောင်းအုပ်ဆရာမကြီးက ဝမ်းနည်းသံနှင့် ပြောရင်း မျက်ရည်ကျလာသည်။ နိုင်ဦး ဝမ်းနည်းမိသည်။
''ဆရာလေး တင့်နိုင်ကို ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေက သိပ်ချစ်တာ မြို့ကျောင်းတက်နေ တဲ့ သူ့တပည့်တွေကိုလည်း ညဘက်အင်္ဂလိပ်စာ သင်ပေး သေးတယ်၊ ကျူရှင်လခပေးတာတောင် သူမယူဘူး၊ ကလေး တွေ ပညာတတ်ရင် သူပျော်ပါတယ်တဲ့၊ သူဆုံးသွားတော့ တစ်ကျောင်းလုံးငိုလိုက်တာ သူ့ကိုသင်္ဂြိုဟ်တဲ့နေ့ အနီးနား ရွာတွေက ကျောင်းသားမိဘတွေပါလာကြတာ၊ ဆရာမကြီး တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမမြင်ဖူးတဲ့ အသုဘပါပဲ ဆရာလေးရယ်၊ အဲ့နောက်ပိုင်း ဘုရားရှိခိုးပြီး အမျှဝေရင် သူ့တပည့်တွေက ဆရာလေးတင့်နိုင်ကိုပါထည့်ပြီး အမျှ ဝေတော့တာပါပဲ''
ဆရာမကြီးပြောပြနေသည်ကိုကြားတော့ နိုင်ဦး ဝမ်းနည်းမိသည်။ မိမိအဖြစ်ကိုမိမိသိပြီး ရှက်မိသည်။ ဆရာလေးတင့်နိုင်ကို အားကျမိသည်။ စိတ်မကောင်း ဖြစ်ကာ မျက်ရည်များပါကျလာသည်။
''ဆရာမကြီး ကျွန်တော့်ကို ခွင့်ပြုပါဦး''
ကျောင်းအုပ်ဆရာမကြီးကိုနှုတ်ဆက်ပြီး ရုံးခန်းထဲက ထွက်လာခဲ့သည်။ ဆရာလေးတင့်နိုင် အလှူခံရငွေနှင့် ဆောက်ထားသော ကျောင်းဆောင်သစ်ကလေးကို ကြည့်လိုက်သည်။
''ဆရာလေးတင့်နိုင် ရောက်ရာအရပ်က သာဓု ခေါ်ပါဗျာ သာဓု သာဓု သာဓု''ဟုရေရွတ်လိုက်သည်။
(၆)
ညနေကျောင်းဆင်းချိန် နိုင်ဦးသည် ဧရာဝတီ မြစ်ကမ်းပါးကို လမ်းလျှောက်ထွက်လာခဲ့သည်။ သိန်းငါးဆယ်၊ ချစ်သူနှင်း၊ ဆရာလေးငြိမ်းချမ်း၊ ယခု ဆရာလေး တင့်နိုင်၊ စိတ်ထဲထွေပြားနေသည်။ ဧရာဝတီ မြစ်ရေပြင်ကျယ်ကြီးကို ကြည့်လိုက်သည်။ ''ဟင်းခနဲ'' သက်ပြင်းချလိုက်သည်။ ''သိန်းငါးဆယ်၊ သိန်းငါးဆယ်'' ရေရွတ်လိုက်သည်။
''တောင်းပန်ပါတယ် နှင်း၊ နှင်းကိုချစ်ပါတယ် ဒါပေမယ့် ကိုနိုင် သိန်းငါးဆယ်မရှာတော့ပါဘူး၊ ကိုနိုင် ကျောင်းဆရာဘဝကို မြတ်နိုးတယ်၊ ဆရာငြိမ်းချမ်းနဲ့ ဆရာလေးတင့်နိုင်ကို အားကျတယ်၊ ကလေးတွေကို ချစ်တယ်၊ မွန်မြတ်တဲ့ မနုဿဥယျာဉ်မှူးဘဝလေးထဲမှာနေပါတော့မယ်၊ ကလေးတွေရဲ့အပြုံးက သိန်းငါးဆယ်ထက် ပိုတန်ပါတယ်နှင်းရယ်၊ ရိက္ခာနှင့် သိက္ခာဆို ကိုနိုင့်လိပ်ပြာ သိက္ခာပေါ်ပဲ နားပါရစေ''လို့ ဧရာဝတီမြစ်ရေပြင်ကိုကြည့်ရင်း စိတ်ထဲက တိုးတိုးလေးရေရွတ်လိုက်သည်။ မြစ်ပြင်ထက်၌ ငှက်ကလေးတစ်ကောင်တည်း ပျံသန်းလျက်၊ ဧရာဝတီ မြစ်ပြင်၌ လှိုင်းခေါင်းဖြူများဖွေးလျက်၊ နိုင်ဦး ပါးပြင်မှာ လည်း မျက်ရည်များဖွေးလျက် ရှိနေသည်။ ။
အနော်မင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment