Latest News

Sunday, July 15, 2018

နှစ်သင်းရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်မယ့်ပွဲမှာ ပြင်သစ်ချန်ပီယံ ဖြစ်နိုင်ဖွယ်ရှိနေ

နှစ်သင်းရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်မယ့်ပွဲမှာ ပြင်သစ်ချန်ပီယံ ဖြစ်နိုင်ဖွယ်ရှိနေ

မော်စကိုမြို့က လုဇ်နီကီကွင်းကြီးမှာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ အကောင်းဆုံးသော လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြင်သစ် အသင်းက အိမ်ရှင်အဖြစ် ကျင်းပပြီး ဗိုလ်စွဲနိုင်ခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလား ပြိုင်ပွဲနောက်ပိုင်း ဒုတိယအကြိမ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်လှမ်းလာနိုင်တာ ဖြစ်ပြီး အားလုံးကတော့ ပြင်သစ်ဗိုလ်စွဲဖို့များတယ်လို့ ခန့်မှန်းနေကြပါတယ်။

ပြင်သစ်အသင်းက ရှေ့၊ လယ်၊ နောက် အစစ အရာရာ ပြီးပြည့်စုံနေတဲ့ အသင်းဖြစ်တာကတော့ ငြင်းလို့မရတဲ့ အချက်ပါ။ ဆီမီးဖိုင်နယ်ပွဲမှာ ပြင်သစ်က ဘယ်လ်ဂျီယံကို ခံစစ်မှူး အမ်မတ်တီရဲ့ ခေါင်းတိုက်သွင်းဂိုး တစ်ဂိုးနဲ့ အနိုင်ရပြီး ရထားတဲ့ တစ်ဂိုးတည်းကို ထိန်းကစားနိုင်တဲ့ ခံစစ်ကစားပုံ ကောင်းခဲ့တာကြောင့် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် သတ်မှတ်ခံရတာ ထိုက်တန်ပါတယ်။ ပြင်သစ်ကွင်းလယ်က ဟာဇက်နဲ့ ဒီဘရိုင်းတို့လို ဖန်တီးမှု အားကောင်းတဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်ကို ချုပ်ကစားနိုင်ခဲ့လို့ ဘယ်လ်ဂျီယံ ဘာမှမတတ်နိုင်ဘဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူလည်း လှုပ်မရအောင် ဖြစ်ခဲ့ရတယ်။ ပြင်သစ်အသင်း ဂိုးသမား ဟူဂိုလိုရစ်ကလည်းခံစစ်က အမှားလုပ်မိလို့ ပေါက်ထွက်လာမယ် ဆိုရင်ေ်တောင် တော်ရုံလောက်ကို ကာကွယ်နိုင်စွမ်း ရှိတာကြောင့် ခရိုအေးရှား အတွက် ဂိုးတစ်ဂိုး လောက်ရဖို့ ခက်ခဲစွာ ရုန်းကန်ကစားရမှာ သေချာပါတယ်။

ပြင်သစ်က ကွာတားဖိုင်နယ်ပွဲမှာလည်း ဥရုဂွေးကို ဂိုးမပေးရအောင် ထိန်းကစားနိုင်ပြီး နှစ်ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ခရိုအေးရှားအသင်း ဂိုးရနိုင်ဖို့ ခက်ခဲမယ်လို့ သုံးသပ်ရတာပါ။ ခရိုအေးရှား အသင်းကတော့ ရွှေရောင်မျိုးဆက်အတွက် နောက်ဆုံးသော ကြိုးစားခွင့်အဖြစ် ဗိုလ်လုပွဲကို သမိုင်းဝင်တက်ရောက်လာရာမှာ အဓိက ကစားသမားအဖြစ် ဝါရင့်ကွင်းလယ် ကစားသမား လူကာမိုဒရစ်ရဲ့ စွမ်းဆောင်ရည်ကြောင့်လို့ ဆိုရင် မမှားနိုင်ပါဘူး။ ရီးယဲလ်ကွင်းလယ် ကြယ်ပွင့် မိုဒရစ်က လူကောင်သေးပေမယ့် နိုင်ငံအတွက် စိတ်ဓာတ်ပြင်းစွာနဲ့ မနားတမ်း လိုက်ကစားပြီး အသင်းကို ဦးဆောင်နိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲကို တက်လာတာ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ ကစားတဲ့ ဆီမီးဖိုင်နယ် ပွဲမှာဆို ပွဲစပြီးငါးမိနစ်မှာ ဂိုးပေးခဲ့ရပေမယ့် ချေပဂိုးပြန်သွင်းနိုင်ပြီး နောက်ပိုင်းပွဲကို ထိန်းချုပ်ကစား နိုင်တာကြောင့် အချိန်ပိုမှာ ဝါရင့်တိုက်စစ်မှူး မန်ဇူကစ်သွင်းယူတဲ့ဂိုးနဲ့ အနိုင်ရပြီး သမိုင်းတစ်လျှောက် ပထမဆုံးသော ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်လှမ်းလာခဲ့ပါတယ်။

အင်္ဂလန်နဲ့ပွဲမှာ မိုဒရစ်ဦးဆောင်တဲ့ ခရိုအေးရှားကွင်းလယ်ကို မထိန်းနိုင်ခဲ့တာကြောင့် ရှုံးခဲ့ရတာဖြစ်ပေမယ့် ပြင်သစ်ကွင်းလယ်ကတော့ ခရိုအေးရှားကွင်းလယ်ကို ကစားရ ခက်အောင် ထိန်းချုပ်ကစားနိုင်မှာပါ။ ဘယ်လ်ဂျီယံနဲ့ပွဲမှာ ပြင်သစ်က ကွင်းလယ်မှာကတည်းက ဘောလုံးကိုဖျက်ပြီး ကစားလို့ ပြင်သစ် ဂိုးဧရိယာထဲကို ခရိုအေးရှား တိုက်စစ်မှူးတွေ ဝင်နိုင်ဖို့တောင် ခက်ခဲမှာပါ။ အင်္ဂလန်အသင်းက စတာလင်းကိုတောင် ခက်ခက်ခဲခဲ ထိန်းချုပ်နိုင်ခဲ့ရတဲ့ ခရိုအေးရှား ခံစစ်မှူး အီဗန်စထရီနစ် အခုပုပွဲမဲမှာာ ထိန်းချုပ်ရမယ့် ကစားသမားက မြန်နှုန်းမြင့် တိုက်စစ်မှူး  အမ်ဘပ်ပီဖြစ်နေလို့ အမှားကျူးလွန် လိုက်မိတာနဲ့ ဂိုးပေးရမှာပါ။ ဒီပွဲမှာ ပြင်သစ်နည်းပြ ဒက်ချမ့်က ပွဲထွက်အခင်းအကျင်း ပြောင်းလဲဖွယ် မရှိပါဘူး။ ညာနောက်ခံ ကစားသမားနေရာမှာာ ဆီဒီဘီ ရှိပေမယ့် ပါဗတ်ကိုပဲ ဦးစားပေး သုံးမှာဖြစ်ပြီး ဆီမီးဖိုင်နယ် ပွဲစဉ်က ဟာဇက်နဲ့ တိုက်မိပြီး ဒဏ်ရာအနည်းငယ် ရခဲ့တဲ့ ကွင်းလယ် ကစားသမား မာတိုင်ဒီလည်း ဒီပွဲမှာ ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်လည်ပါဝင် လာမှာပါ။ ခရိုအေးရှား အသင်းက အီဗန်စထရီနစ်နဲ့ မန်ဇူကစ်တို့ကလည်း အင်္ဂလန်နဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ဒဏ်ရာတွေရခဲ့ကြပေမယ့် အချိန်မီ ပြန်ကောင်းလာနိုင်တာကြောင့် ဒီပွဲက ပွဲထွက်စာရင်းကို နည်းပြဒါလစ်က အပြောင်းအလဲလုပ်ဖွယ် မရှိလောက်ပါဘူး။

ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွေမှာ သွင်းဂိုးတွေ သိပ်မများတတ်တဲ့ အစဉ်အလာလည်း ရှိတတ်ပါတယ်။ ခရိုအေးရှား အသင်းကွင်းလယ်မှာ မိုဒရစ်နဲ့ ရာကီတစ်တို့ ရှိနေပေမယ့် ပြင်သစ်ကွင်းလယ်က ကန်တီ၊ မာတိုင်ဒီနဲ့ ပေါ့ဂ်ဘာတို့က ကာယပိုင်းမှာ ပိုကောင်းတာကြောင့် ခရိုအေးရှား ကွင်းလယ်ကို ထိန်းချုပ်နိုင်မယ် ထင်ပါတယ်။ ခံစစ်ပိုင်းကို ယှဉ်ရင်လည်း ပြင်သစ်ခံစစ်က အမ်မတ်တီ၊ ဗာရာနီ၊ ဟာနန်ဒက်ဇ်နဲ့ ပါဗတ်တို့က ခရိုအေးရှား ခံစစ်ထက် ပိုကောင်းပါတယ်။ ဒါကြောင့် ဒီပွဲမှာ ခရိုအေးရှား ဂိုးသွင်းနိုင်ဖို့ ခက်ခဲဖွယ်ရှိနေပြီး ပြင်သစ်ကသာ ပွဲချိန်မိနစ် ၉၀ အတွင်း အနိုင်ယူပြီး ချန်ပီယံ ဖြစ်သွားနိုင်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

ပြင်သစ်နှင့် ခရိုအေးရှားတို့ နောက်ဆုံးငါးကြိမ်တွေ့ဆုံမှုတွင် ပြင်သစ်က သုံးပွဲအနိုင်ရကာ နှစ်ပွဲသရေကျခဲ့။ နှစ်သင်းအကြား ကမ္ဘာ့ဖလားပွဲတွင် တစ်ကြိမ်သာ တွေ့ဆုံဖူးရာ ၁၉၉၈ ကမ္ဘာ့ဖလားပွဲက ဆီမီးဖိုင်နယ်တွင် တွေ့ဆုံခြင်းဖြစ်ပြီး ပြင်သစ်က ၂ ဂိုး -၁ ဂိုး ဖြင့် အနိုင်ရခဲ့။ ထိုစဉ်က လက်ရှိပြင်သစ်နည်းပြ ဒက်ချမ့်သည့် ပြင်သစ်အတွက် မိနစ် ၉၀ စလုံး ကစားပေးခဲ့ပြီး ပြင်သစ် ကမ္ဘာ့ဖလား ချန်ပီယံဆု ရရှိခဲ့။

MWD

No comments:

Post a Comment