ရန်ကုန် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီးသို့ ဆန်ကုန်သည်များ ပုံမှန်အဝယ်ဆင်းနေသဖြင့် ပြည်တွင်းဆန်ဈေးကွက်၌ ဈေးနှုန်းမြင့်တက်မလာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း(ဘုရင့်နောင်ကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးသန်းဦးထံမှ သိရသည်။
ရန်ကုန်မှ ဆန်ကုန်သည်များက ဧရာဝတီတိုင်းဒေသကြီးသို့ဆင်း၍ တစ်နေ့လျှင် ဆန်တစ်တင်းခွဲအိတ်ရေ ၁၅ဝဝ ခန့်အထိ ပုံမှန်အတိုင်း ဝယ်ယူနေသည့်အတွက် ဆန်ဈေးနှုန်းထပ်မံမြင့်တက်ရန် မရှိခြင်းဖြစ်သည်။
''ပြည်တွင်းဆန်ကတော့ ပုံမှန်ပါပဲ။ အရမ်းအဝယ်လိုက်တာရော လျော့သွား တာပါ မရှိပါဘူး။ ဧရာဝတီတိုင်း ဒေသကြီးကို အဝယ်ဆင်း နေကြတယ် ဆိုတာကလည်း စားသုံးသူ လိုအပ်ချက်အရ ဝယ်တာပဲရှိပါတယ်။ အရမ်းအဝယ်လိုက်တဲ့ ဝယ်နည်းမဟုတ်တဲ့ အတွက် ဈေးထပ်မတက်နိုင်ပါဘူး'' ဟု ဦးသန်းဦး ကပြောသည်။
ရန်ကုန်မြို့ရှိ ဆန်ကုန်သည်များအနေဖြင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ပုသိမ်၊ ဖျာပုံ၊ မော်လမြိုင်ကျွန်းနှင့် ကျိုက်လတ် စသည့်မြို့တို့ရှိ ကုန်သည်များနှင့် ချိတ်ဆက်၍ ဆန်ဝယ်ယူနေခြင်းဖြစ်သည်။
ထိုသို့ဝယ်ယူနေသည့်အတွက် လယ်သမားတချို့က ဈေးနှုန်းထပ်မံ မြင့်တက်ရန် မျှော်လင့်နေကြသော်လည်း လာမည့်လအတွင်း စပါးသစ်များ ပေါ်လာမည်ဖြစ်သော ကြောင့် ဆန်ဈေးထပ်မံမြင့်တက်ရန် မဖြစ်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ကြသည်။
အဆိုပါဒေသများမှ ပြည်တွင်း၌ စားသုံးသည့် ဖျာပုံပေါ်ဆန်း၊ တောင်ပြန်၊ ဘေးကြား၊ မနောသုခ၊ ဆင်းသုခ၊ ဇီယာနှင့် ဆင်းသွယ် စသည့် ဆန်များထွက်ရှိပြီး ဆန်တစ်တင်းခွဲ တစ်အိတ်လျှင် ငွေကျပ် ၂၄၅ဝဝ မှ ၄၇ဝဝဝ အထိ ရှိကြောင်း သိရသည်။
NWD
No comments:
Post a Comment