Latest News

Monday, July 23, 2018

ပုသိမ် ACလမ်း ပျက်စီးသွားသည့်နေရာများကိုလမ်းဦးစီးဌာနမှ တာဝန်ယူမှုတာဝန်ခံမှု ထားမည်


ပုသိမ် ဇူလိုင်၂၃ရက် ၂၀၁၈

ပုသိမ်တွင် မတ်လပိုင်းက ဧရာဝတီတိုင်းအစိုးရ ရန်ပုံငွေ သိန်းတစ်ထောင်ကျော်ဖြင့် ခင်းကျင်းခဲ့သော ကတ္တယာ ကွန်ကရစ် အမျိုးအစားဖြစ်သည့် ACလမ်းသည် မကြာခင်ကာလကမိုး ရွာသွန်းမှုများသောကြောင့် ကတ္တရာ အတွင်းသား ၂ရာခိုင်နှူန်းပျက်စီး ထိခိုက် သွားသည်ဟုပုသိမ် ခရိုင်လမ်းဦးစီးဌာန ရုံးမှသိရသည်။

အဆိုပါအကြောင်းအရာနှင့်ပက်သက်ပြီး ACလုပ်ငန်းဆောင်ရွက်ချက်များကို အစအဆုံး ဦးဆောင်လုပ်ကိုင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးဆောက်လုပ်ရေးဝန်ကြီးဌာန ပုသိမ်ခရိုင် လမ်းဦးစီးဌာနတို့မှ ပျက်စီးသွားသောနေရာအချို့ကို ပြန်လည် ပြုပြင်သွားမှာဖြစ်ပြီး ယင်းလုပ်ငန်းဆောင်ရွက်ချက်များကို ၎င်းတို့အနေဖြင့် ပြန်လည်ပြုပြင်ရေးတွင် တာဝန်ခံဆောင်ရွက်သွားမည်ဟု သတင်းရ ရှိသည်။

"ခု ဒီလမ်းပျက်စီးသွားတာက ကတ္တရာသားတက်ခါစအချိန်နဲ့ မိုး စောသွားတာနဲ့ မိုး များ သွားတာကြောင့်ပါ။ လုပ်ငန်းအတွင်း ဆောင်ရွက်ချက်တစ်စုံတစ်ရာမှ အမှားမရှိပါဘူး။ နောက် လမ်းဘေးမြောင်းတွေအနေနဲ့ ရေသိုနေတော့ အောက်ကအစိုဓာတ်နဲ့ မိုး များတာနဲ့တွေ့ပြီး ခုလိုဖြစ်သွားတာပါ။ အမှန်တော့မိုးများလည်ခံနိုင်ဝန်ရှိတယ်။ ခုဟာက အောက်ကအစိုဓာတ်ကြောင့်လဲပါနေလို့ပါ။ ဒါနဲ့ပတ်သက်ပြီး လုပ်ငန်းအပေါ်တာဝန်ယူဆောင်ရွက်နေတဲ့သူပေါ်မှာတာဝန်ရှိလို့ ဘယ်သူ့ဆီမှာမှ အကူအညီမယူဘဲဘတ်ဂျက်ထပ်မတောင်းဘဲ လမ်းဦးစီးဌာနအနေနဲ့အချိုးကျတွက်ချက်ပြီး ပြန်လည် ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။"ဟု ပုသိမ် ခရိုင် လမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီအောင်က တိုင်းဧရာကိုပြောသည်။

လက်ရှိတွင် ပထမဦးစားပေးအနေနဲ့ လမ်းသွားလမ်းလာအဆင်ပြေစေရေးအတွက် အပေါက်များကို သဲ များ ကျောက်များဖြင့် ယာယီ ပြုပြင်ထားမှာဖြစ်ပြီး ဒုတိယစီမံချက်အနေနဲ့ စက်နဲ့ လုပ်သွားရမှာမို့ မိုးတွင်းကာလအဆင်မပြေသေးသောကြောင့် ၂၀၁၈ ၉လပိုင်းတွင် ပျက်စီးသွားသည့်နေရာများကို ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

တိုင်းအစိုးရရန်ပုံငွေကျပ်သန်းပေါင်း၁၀၇၃.၈၄၁သန်းအကုန်အကျခံကာ ကတ္တရာ
ကွန်ကရစ်အမျိုးအစားဖြစ်သည့် ACလမ်းကို၂၀၁၈ခုနှစ်မတ်လ ပိုင်းက ပုသိမ်မြို့နတ်သမီးကြေးရုပ်ထုအဝိုင်းမှ မေတ္တာဦးတံတားထိပ်အထိ ၄၆ပေ ၂မိုင်၆ဖာလုံ ၂လက်မထု ခင်းကျင်းခဲ့ခြင်းဖြစ်ပါသည်။

"ဒီကိစ္စနဲ့ပက်သက်ပြီး ပုသိမ်ခရိုင်လမ်းဦးစီးဌာနကတာဝန်ယူ ခင်းခဲ့တာမို့သူတို့ ပြန်တာဝန် ယူရမှာပေါ့။ သူတို့လည်း ခု ပျက် ခု ပြင် နေပါတယ်။ ပြန်ပြင်ပြီးရင်တော့အဆင်ပြေသွားမှာပါ ။ အရေးယူတာကတော့ ပြောပြလို့မရသေးဘူး။ Report တက်မလာသေးလို့ သူတို့အနေနဲကတော့ ပြန်တာဝန်ယူနေကြပြီ လေ။ "ဟု ဧရာဝတီတိုင်း လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက တိုင်းဧရာကိုပြောသည်။

ပုသိမ်တွင် ACစနစ်ဖြင့် လမ်းခင်းခြင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒီဇိုင်းဆွဲထားသည့်အတိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းအတွင်းမှ ကျောက်များက ACစနစ်ဖြင့်မကိုက်ညီသောကြောင့် မန္တလေးတွင် မှာ ယူခဲ့ရကြောင်း လမ်းသုတေသနကို စစ်ဆေးဖို့ရန်အတွက် ပေးပို့ပြီးမှ ယခုလိုခင်းကျင်းခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်ခရိုင်လမ်းဦးစီးဌာန မှသိရသည်။

ACလမ်းသက်တန်းမပြည့်ခင် ပျက်စီးသွားသည့် ၂ရာခိုင်နှူန်းရှိသည့် နေရာများမှာ ကင်မလင်ကျွန်းမီးပွိုင့် တိုင်းအစိုးရ ရဲရုံးရှေ့ အောင်စင်္ကြာ ဘုရားစေတီအနီးတဝိုက်နှင့် ကမ်းနားလမ်းကွေ့များဖြစ်သည်။

ယခုလို ACစနစ်ဖြင့်လမ်းခင်းခြင်းမှာ သက်တန်းမပြည့်ခင် ပျက်စီးသွားသော်ကြောင့် ပုသိမ်ဒေသခံများ၏ ဝေဖန်မှုမြင့်တက်နေပြီး ယင်းတို့တာဝန်ခံပြန်လည်ပြုပြင်မှုများကို ပြည်သူများက စိတ်ဝင်တစားစောင့်ကြည့်နေကြောင်းသိရသည်။
သတင်း/ဓာတ်ပုံ=ရွှေရည်ဝင်း









No comments:

Post a Comment