Latest News

Sunday, July 1, 2018

နှလုံးသားလှဖို့ စာဖတ်ပါ

နှလုံးသားလှဖို့   စာဖတ်ပါ


စာဖတ်တဲ့လူဟာ မသေခင် အသက်ထောင်ပေါင်းများစွာကို ရှင်သန်စေတယ်။ စာမဖတ်တဲ့  လူကတော့ မသေခင် သူတစ်ဖို့သာကြည့်ပြီး ရှင်သန်နေထိုင်တယ်။

(George.R.R.Martin)

လူတွေမှာ ပင်ကိုသဘောအရ   နှလုံးသားအလှတွေ ရှိကြပါတယ်။ နိမ့်ပါးတဲ့လူကိုမြင်ရင် သနားကြင်နာတယ်။ မသန်စွမ်းတဲ့လူကိုမြင်ရင် ကူညီဖေးမချင်တယ်။ မကျန်းမာ တဲ့လူကိုမြင်ရင်   ကျန်းမာစေချင်တယ်။  ကျောင်းနေ အရွယ်ကလေးတွေ    လိုက်လံတောင်းရမ်းနေတာမြင်ရင် တိုင်းပြည်စီးပွားရေးနဲ့ပညာရေးကို တိုးတက်ကောင်းမွန် နေစေချင်တယ်။ စသဖြင့်ပါ။

ဒါပေမဲ့ ဒီလိုနှလုံးသားအလှတွေဟာ   လောကရဲ့      မာယာတွေကြား တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်လာ ကြပါတယ်။ တစ်ခါတစ်ခါ  ကိုယ်လိုချင်တဲ့အရာကိုရဖို့ အတွက် အများအတွက်ဆိုတာလည်း ထည့်မတွက်ဖြစ်ကြ တော့ပါဘူး။ အချိန်ကြာလာလေ ဘယ်သူနာနာကိုယ်သာရင် ပြီးရောလို့ တွေးဖြစ်သူက ပိုများလေလေ ဖြစ်လာပါတယ်။  ယနေ့  စာရေးသူတို့နိုင်ငံဟာ  အပြောင်းအလဲကာလကို ရောက်နေပြီ။   ဒါပေမယ့်  လူတော်တော်များများဟာ စိတ်ဓာတ်တွေ   မပြင်ကြသေးဘူး။   တရားရုံးတွေမှာပဲ ကြည့်ကြည့်၊   တချို့ဌာနဆိုင်ရာတွေမှာပဲ  ကြည့်ကြည့် အရင်လိုလာဘ်ပေးလာဘ်ယူစနစ်တွေ အနည်းနဲ့အများ ဆိုသလို ကျန်ရှိနေတုန်းပဲ။ အဆင့်ဆင့် လာဘ်စားပြီးမှသာ ကြီးတဲ့အမှု ငယ်အောင်၊   ငယ်တဲ့အမှုပပျောက်အောင် ပြုလုပ်ပေးနေကြတာပါ။

ဆိုရှယ်မီဒီယာတွေ တွင်ကျယ်စွာအသုံးပြုလာ၊ ဆိုရှယ် မီဒီယာတွေကြောင့်   အချိန်ကုန်၊  ငွေကုန်များလာ၊ အွန်လိုင်းဂိမ်းတွေများလာကြတဲ့  ယနေ့စာရေးသူတို့ရဲ့  နိုင်ငံမှာလူငယ်တွေရဲ့ စာဖတ်အားကျဆင်းမှုဟာလည်းအလွန်သိသာနေပါတယ်။   အွန်လိုင်းမှာ   စာဖတ်တာ မကောင်းဘူးလို့  မဆိုလိုပါဘူး။ ဒါပေမယ့် ပြည့်ပြည့်ဝဝ လေးလေးစားစား  စာဖတ်ဖို့ဆိုရင်တော့ အိမ်တိုင်းလိုလိုမှာ စာအုပ်စင်တွေ   ကိုယ်စီထားရှိသင့်ပါတယ်။  ဒါ့အပြင် ဆိုရှယ်မီဒီယာကတစ်ဆင့်  လိမ်လည်လှည့်ဖြားမှုတွေဟာ လည်း မှိုလိုပေါလို့လာနေပါတယ်။ စာမဖတ်၊စိတ်ကောင်း နှလုံးကောင်းမရှိတဲ့ လိမ်ညာလှည့်ဖြားသူတွေက အမျိုးမျိုး မက်လုံးပေးတာကို စာမဖတ်၊ အမြင်မကျယ်တဲ့ လူတချို့က အဟုတ်ကြီးထင်၊ အလွယ်တကူယုံကြည်  ပုံအောတယ်။ နောက်တော့ အလိမ်ခံရတယ်။ ဆုံးရှုံးနစ်နာသွားကြတယ်။

ဒါ့ကြောင့် နှလုံးသားလှဖို့ စာဖတ်ခြင်းဆိုတာမဖြစ် မနေလိုအပ်လာပါပြီ။ ယနေ့ခေတ်အခါမှာ သုတ၊ ရသနှော ထားတဲ့ လူငယ်စာပေတွေလည်းများစွာထွက်ရှိလာနေပါတယ်။ ဒါ့ကြောင့် လူငယ်တွေအနေနဲ့ စာမှန်မှန်ဖတ်လာပြီ ဆိုရင် နှလုံးသားတွေလှလာဖို့၊   ကိုယ်ချင်းသူချင်းစာနာ ထောက်ထားတတ်ဖို့၊ တစ်ဖက်သတ်ချောင်ပိတ် အတွေး အမြင်တွေကိုကျော်လွန်ပြီး  ရှုထောင့်ပေါင်းစုံကကြည့်တတ် လာဖို့  အသိသုတတွေက လက်တစ်ကမ်းမှာရှိနေပါပြီ။ လူငယ်တွေကိုယ်တိုင် စာဖတ်ဖို့သာလိုတော့တာပါ။

လောကရဲ့မာယာတွေဟာ    လောဘတရားတွေ၊ လူသားမဆန်မှုတွေစတဲ့ မောင်းနှင်အားတွေကို မွေးထုတ် ပေးနေတယ်ဆိုရင် စာဖတ်ခြင်းဟာ အရှိန်မလွန်အောင် ထိန်းပေးမယ့် ကိရိယာတစ်ခုဖြစ်ပါလိမ့်မယ်။ လောကရဲ့ မာယာတွေဟာ လူသားအချင်းချင်း နိုင်ထက်စီးနင်းပြုဖို့၊ သတ်ဖြတ်ဖို့၊  ဖိနှိပ်ချုပ်ချယ်ဖို့၊ မလိမ့်တပတ်လုပ်ဖို့စတဲ့ အမှောင်ကမ္ဘာထဲကို တွန်းပို့နေတယ်ဆိုရင် စာဖတ်ခြင်းဟာ အလင်းကမ္ဘာထဲကို ပြန်ရောက်ဖို့  လမ်းစတစ်ခု ဖြစ်ပါ လိမ့်မယ်။ လူတွေရဲ့   စဉ်းစားဆင်ခြင်နိုင်စွမ်းဖြစ်တဲ့ ဘယ်အရာကောင်းတယ်၊   မကောင်းဘူး။  ဘဝမှာ ဘယ်အရာအရေးကြီးတယ်၊  မကြီးဘူးဆိုတာကိုလည်း သိသာပေါ်လွင်စေပါလိမ့်မယ်။

ဒါ့အပြင်    စာတွေပုံမှန်ဖတ်လာတဲ့   နိုင်ငံရေး သမားဟာလည်း  နိုင်ငံရေးဆိုတာစစ်မှန်တဲ့   ပရဟိတ  အလုပ်တစ်မျိုးပဲဆိုတာ နားလည်လာမယ်။ အဲဒီနားလည်မှု နဲ့အတူ  အမှန်တကယ် ကိုယ်ကျိုးစွန့်ပြီး အများအတွက် အလုပ်မလုပ်နိုင်သေးသမျှ ရပ်ကွက်အုပ်ချုပ်ရေးမှူးကစလို့ နိုင်ငံတော်သမ္မတအထိ နေရာအားလုံးဟာလည်း သူ့အတွက် မထိုက်တန်သေးဘူးဆိုတာ နားလည်လာမယ်။ စာတွေပုံမှန် ဖတ်လာတဲ့လုပ်ငန်းရှင်ဟာလည်း မိမိစီးပွားဖြစ်ဖို့တစ်ခုသာ မကြည့်တော့တဲ့သူ၊  မိမိအကျိုးဖြစ်ထွန်းမှု တစ်ခုတည်းသာ အလေးမထားတဲ့သူ၊ ဝန်ထမ်းတွေကိုလည်း မိသားစုသဖွယ် အလေးထားဖေးမပေးတဲ့သူ၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိုလည်း  တစ်တပ်တစ်အား အားဖြည့်ကူညီပေးလာတဲ့သူ ဖြစ်လာမယ်။ စာတွေပုံမှန်ဖတ်တဲ့  မျိုးဆက်သစ်လူငယ် တစ်ယောက်ဟာလည်း မှန်ကန်ကောင်းမွန်စွာတိုးတက် အောင်မြင်အောင်  ကြိုးပမ်းလာသလို  တစ်ဖက်မှာလည်း လူသားဆန်မှု၊ ချစ်မြတ်နိုးတန်ဖိုးထားမှုစတဲ့ အရည်အသွေး ကောင်းတွေကိုလည်း  လက်ကိုင်ပြုလာမယ်။ မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့  မကောင်းတဲ့ဒုစရိုက်မှုတွေကို လည်းရှောင်ရှားလာမယ်။ စာပုံမှန်ဖတ်လာတဲ့  အရောင်း သမားဟာလည်းမိမိကုန်ပစ္စည်းရောင်းရရေးကိုသာ ဦးမတည် တဲ့သူ၊ ဝယ်သူတွေကို ထိုက်တန်တဲ့အရာတွေနဲ့စေတနာ၊ မေတ္တာပေါင်းစပ်ပြီး ပေးစွမ်းနိုင်အောင် ကြိုးပမ်းလာတဲ့သူ၊ သင့်တင့်မျှတတဲ့ အကျိုးအမြတ်ကိုသာ ရယူသူဖြစ်လာ ပါလိမ့်မယ်။  စာဖတ်တဲ့ကျောင်းဆရာနဲ့  စာမဖတ်တဲ့ ကျောင်းဆရာ၊  စာဖတ်တဲ့သူနာပြုဆရာမနဲ့  စာမဖတ်တဲ့ သူနာပြုဆရာမတို့ရဲ့ နှလုံးသားအလှတွေ၊ ပြုမူပြောဆို ဆက်ဆံပုံတွေဟာလည်း သိသိသာသာကွားခြားနေပါ လိမ့်မယ်။    စာဖတ်တဲ့ကျောင်းဆရာတွေ  စာသင်ရင် ကျောင်းသူကျောင်းသားတွေ    ပိုမိုစိတ်ဝင်စားကြသလို စာဖတ်တဲ့သူနာပြုဆရာမတွေရဲ့ ယဉ်ကျေးပျူငှာ၊ လိမ္မာ ပါးနပ်စွာပြောဆိုမှု၊  အားပေးမှုတွေကြောင့်လည်း ရောဂါ သည်ပင် ဝေဒနာတစ်ဝက် သက်သာသွားသလို ခံစားတတ် မြဲဖြစ်လို့ပါပဲ။

လူတချို့က စာဖတ်ခြင်းလို့ပြောရင် လတ်တလော အကျိုးတွေနဲ့ ချိန်တိုင်းတတ်ကြပါတယ်။ ဥပမာအားဖြင့် စာဖတ်ခြင်းဖြင့် ငွေဘယ်လောက်ရမှာလဲ၊  ဘယ်တော့ ချမ်းသာမှာလဲလို့ မေးခွန်းထုတ်ကြတာမျိုးပါ။  စာရေးသူ အဖြေပေးလိုတာကတော့ စာဖတ်ခြင်းကြောင့်  ငွေ ဘယ်လောက်ရမှာလဲ၊ ဘယ်တော့ချမ်းသာမှာလဲဆိုတာ ထက် ငွေထက်တန်ဖိုးကြီးတဲ့၊ ငွေနဲ့ဝယ်ယူလို့ မရနိုင်တဲ့ ကြီးမြတ်မှုတွေအားလုံးကို ရရှိနိုင်တယ်လို့ပါ။ စာဖတ်သူ တွေ အားလုံးချမ်းသာဖို့  မဖြစ်နိုင်ပေမယ့် နှလုံးသား အလှနဲ့အတူချမ်းသာနေသူတွေ အားလုံးဟာစာဖတ်သူ တွေပါ။ စာဖတ်သူတွေအားလုံး လူချမ်းသာတွေ မဟုတ်ကြ ပေမယ့် ဖတ်မှတ်တုပြင်ကျင့်သုံးရင်း စိတ်ချမ်းသာသူတွေ ဖြစ်နိုင်ပါတယ်။ စာဖတ်သူတွေအားလုံး လူကျော်လူမော် တွေ မဖြစ်နိုင်ပေမယ့် ဘဝကိုစိတ်အေးချမ်းစွာ ဖြတ်သန်း ရင်း ဘဝနေနည်းကို စောစီးစွာသိရှိနားလည်နေသူတွေ ဖြစ်နိုင်ပါတယ်။ စာဖတ်ခြင်းဖြင့် နှလုံးသားများလှသည်ထက် လှကြပါစေ။ အဲဒီနှလုံးသားအလှတွေနဲ့အတူ တိုင်းပြည်ရဲ့ တိုးတက်မှုအလှကိုလည်း ဝိုင်းဝန်းထုဆစ်ပုံဖော်နိုင်ကြပါစေ။

''စာဖတ်ပါ။ အတွေးတွေ လေးနက်လာမယ်။ စကားလုံး တွေ ကျစ်လျစ်လာမယ်။   လုပ်ငန်းစွမ်းဆောင်ရည်တွေ မြင့်တက်လာမယ်။ နှလုံးသားတွေ လှလာမယ်။''

ကောင်းစံသာ (ရေကြည်)

No comments:

Post a Comment