၁
ချောင်းကမ်းစပ်တွင် အဝတ်လျှော်နေ သည့် ကောင်မလေးတစ်ယောက်၊ အသက် က ၉ နှစ်၊ ၁ဝ နှစ်ခန့် ရှိမည်ထင်သည်။ ထို အဝတ်လျှော်နေသည့် ကောင်မလေးကို လက်ညှိုးထိုး၍ တစ်စုံတစ်ရာပြောဆိုနေသူ ကတော့ အသက် ၃ဝ ကျော် မိန်းမတစ်ယောက် ဖြစ်သည်။ ပြောဆိုနေရင်းမှ ထိုမိန်းမသည် ကောင်မလေး၏ ပါးနှစ်ဖက်အား ဘယ်ပြန် ညာပြန် လွှဲရိုက်နေသည်ကိုလည်း မြင်တွေ့နေ ရသည်။ ထို့နောက်တွင်တော့ အရိုက်ခံရသည့် ဒဏ်ကြောင့် ခွေခွေလေးလဲကျနေသည့် ကောင်မလေးကို ထိုမိန်းမသည် ခေါင်းမှဆံပင် တို့အား လက်ဖြင့်ဆုပ်ကိုင်၍ ချောင်းရေထဲ နှစ်နေသည်ကိုလည်း တစ်ဆက်တည်း မြင်တွေ့ ရပြန်သည်။ ကောင်မလေး၏ ဦးခေါင်းကို ချောင်းရေထဲနှစ်လိုက်၊ ပြန်ဖော်လိုက်လုပ်နေ ပြီး နောက်ဆုံးတစ်ခေါက် အချိန်ကြာကြာ ရေထဲနှစ်ထားသည်ကို မြင်တွေ့ရပြီးလျှင်တော့ ကြောက်လန့်တကြားအော်ဟစ်ရင်း ပူစူးမ တစ်ယောက် အိပ်မက်ကနေ လန့်နိုးလာရမြဲ ဖြစ်သည်။
၂
''အား''
''ဟဲ့ ပူစူးမ၊ ဘာတွေ ထအော်နေပြန်ပြီလဲ။ ငါ့သားလေး နိုးတော့မှာပဲ''
အိပ်မက်က လန့်နိုး၍ တစ်ကိုယ်လုံး တုန်ရီနေသော ပူစူးမသည် မိထွေးဖြစ်သူကိုချက်ချင်းပြန်မပြောနိုင်။ ရေအိုးစင်မှရေကို တစ်ခွက်ခပ်သောက်ပြီးမှ
''သမီး အိပ်မက်ဆိုးတွေ မက်နေလို့ပါ အမေ''
''ညည်းဟာညည်း မက်ချင်ရာမက်တာ အရေးမကြီးဘူး။ ညည်းအော်သံကြောင့် ငါ့သားပါ လန့်နိုးရင် မလွယ်ဘူးနော်''
မိထွေးဖြစ်သူကတော့ ဒီအတိုင်းပင်။ပူစူးမကို ဘယ်တော့မှ မျက်နှာသာမပေး။တစ်ခုခုဆိုလျှင် ''ငါ့သားလေး၊ ငါ့သားလေး အတွက်''ဟုဆိုကာ အငယ်ကောင်ကို ဦးစား ပေးမြဲဖြစ်သည်။ အခုလည်း သူ့ကို ''ဘာတွေ မက်လို့လဲ၊ ဘာဖြစ်တာလဲ''ဟု တစ်ခွန်းမမေး။သူ့သား နိုးမည်ကိုသာ စိုးရိမ်နေသည်။ ဝမ်းနည်းအားငယ်စိတ်တို့ဖြင့် အိပ်ရာပေါ် အသာလေးပြန်လှဲရင်းမှ သူ၏ အိပ်မက် အကြောင်းကို ပူစူးမ ပြန်စဉ်းစားမိသည်။
ဒီအိပ်မက်ကို အခုတလောတွင် မကြာခဏဆိုသလို ပူစူးမ မြင်မက်နေရသည်။အိပ်မက်ထဲမှ ကောင်မလေးသည် ပူစူးမနှင့် ရွယ်တူလောက်ဖြစ်ပြီး အခြားမိန်းမတစ်ယောက် ကတော့ သူမိထွေးနှင့် ရွယ်တူလောက်ရှိမည်ဟု လည်း ပူစူးမတွေးမိသည်။ တစ်ခုထူးဆန်းသည် က အိပ်မက်ထဲမှ လူနှစ်ယောက်၏မျက်နှာကို တစ်ခါမှ သဲသဲကွဲကွဲ မမြင်ရခြင်းပင်ဖြစ်သည်။အိပ်မက်က လန့်နိုးလာသည့် အခါတိုင်းတွင် တော့ တစ်ကိုယ်လုံးချွေးတွေရွှဲနစ်၍ ကိုယ်တိုင် ရေထဲအနှစ်ခံထားရသလိုမျိုး ပူစူးမခမျာ မွန်းကျပ်နေတတ်သည်။ မကြာခဏဆိုသလို မြင်မက်လာရတော့ ညဘက်အိပ်ရမည်ကိုပင် ပူစူးမကြောက်လာသည်။ ဒီအိပ်မက်သည် သူမနှင့် မည်သို့သက်ဆိုင်နေပါသနည်း၊ ဘာကြောင့်များ မကြာခဏ မြင်မက်နေရပါ သနည်း။
၃
ညက ဘယ်အချိန်အိပ်ပျော်သွားသည် မသိ။ အိပ်မက်ကနေ လန့်နိုးလာတော့ မိုးပင် လင်းလုနေပြီ။ အိမ်ရှေ့ခန်းမှ စကားပြောသံ တချို့ကြားရသဖြင့် အသာနားစွင့်မိသည်။
''နေပါဦး အေးကြည်ရယ်၊ ငါစဉ်းစားပါဦး မယ်''
''ကျုပ်ကလည်း ဖြစ်သင့်တာကိုပြောတာ ပါ။ မိန်းကလေးပဲရှင်၊ ရေးတတ်ဖတ်တတ်ဆို တော်ပြီပေါ့''
''ဟုတ်တော့ဟုတ်တာပေါ့။ ပူစူးမက စာလေးတော်သားဟ။ ငါလည်း ဘာလုပ်ရမှန်း မသိတော့ဘူး''
နားထောင်နေရင်းမှ သူနာမည် ပါလာ သဖြင့် ပူစူးမတစ်ယောက် အသာငြိမ်၍ ဆက်နားထောင်နေမိသည်။ ထို့နောက်တွင် မိထွေးဖြစ်သူက ဆက်၍ စကားဆိုသည်။
''တော့်သမီးက ဒီနှစ်လေးတန်းပြီးရင် ရှေ့နှစ်ကျ တစ်ဖက်ရွာမှာ ကျောင်းသွားတက်ရ မှာမဟုတ်လား။ အဲဒီအခါကျ ရွာအနောက် ချောင်းကနေ လှေနဲ့သွားရမှာ။ တော့်သမီးက လှေလည်းမစီးရဲ၊ ရေကလည်း ကြောက်တတ် တာနဲ့တော်''
''အေးဟာ၊ ပူစူးမကလည်း ငယ်ငယ်တည်း က ရေကြောက်တတ်တာလွန်ပါရော။ ဒီကောင် မလေး အရင်ဘဝက ရေနစ်ပြီးများ သေခဲ့လား မသိပါဘူး''
အိပ်ရာပေါ် အသာလေးပြန်လှဲရင်းမှ ပူစူးမ စဉ်းစားနေမိသည်။ ကြားရသည့် စကားများအရဆိုလျှင်တော့ ဒီနှစ်ပြီးလျှင် သူမကို ကျောင်းထုတ်ကြတော့ဖို့ ဖြစ်သည်။ထိုအကြောင်းကို လွန်ခဲ့သည့်သုံးလလောက် ကလည်း မိထွေးဖြစ်သူက တစ်ခါပြောဖူးသေး သည်။ ''အမေက ငါ့ကို နည်းနည်းမှမချစ်ဘူး။ သူမွေးထားရတဲ့ အငယ်ကောင်ကိုပဲ ဦးစား ပေးပြီး ချစ်နေတာ။ အင်းလေ ငါက သူ့သမီး အရင်းမှ မဟုတ်တာ။ နောက်ပြီးတော့ ငါ့အမေ အရင်းသာဆိုလည်း ဒီလိုလုပ်မှာ မဟုတ်ဘူး။ငါ့အမေအရင်းသာ ရှိနေခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ''
တစ်ယောက်တည်း ကြေကွဲဝမ်းနည်း စိတ်တွေနှင့် ပူစူးမခမျာ သူကို မွေးပြီးပြီးချင်း မီးတွင်းထဲ၌ ဆုံးပါးခဲ့ရသည့် တစ်ခါမှမမြင် ဖူးသော မိခင်အရင်းဖြစ်သူကိုသာ တမ်းတ နေမိတော့သည်။
၎
အိပ်ရာထဲမှ အပြင်ကို ထွက်လာတော့ ဖခင်ဖြစ်သူက ပူစူးမကို
''သမီး နိုးလာပြီလား။ မျက်နှာသစ် စားသောက်ပြီးရင် အဖေတို့ ဟိုဘက်ရွာက သမီးဘကြီးဆီ သွားရအောင်။ အလှူတုန်းက သမီးတို့ပါ ပါမလာလို့တဲ့။ အလည်ခေါ်ခိုင်း လိုက်တယ်''
''အကုန်လုံး သွားကြမှာလား အဖေ''
''အင်းလေ သမီးရဲ့၊ တစ်မိသားစုလုံး သွားမယ်''
ဒီနေ့ စနေနေ့ ညအိပ်ပြီး တနင်္ဂနွေနေ့ကျ ပြန်လာမယ်လေ။ တနင်္လာနေ့ ကျောင်းတက် လို့ရအောင်''
''ကုန်းလမ်းကပဲ သွားမယ်နော် အဖေ။ သမီး လှေမစီးရဲဘူး''
ပူစူးမ၏ စကားကိုကြားတော့ မိထွေး ဖြစ်သူက ဝင်ရောက်၍
''အမယ်လေး မယ်မင်းကြီးမရယ်၊ လှည်းနဲ့ပဲ သွားမှာပါတော်။ တကတည်းမှပဲ''ဟု အပြစ်ဆိုစကားက ဆိုဖြစ်အောင် ဆိုလိုက် သေးသည်။
တကယ်တော့ ဘကြီးတို့ရွာနှင့် သူတို့ ရွာသည် အလယ်တွင် ချောင်းတစ်ခုသာ ခြားခြင်းဖြစ်သည်။ ရေနည်းပါးသွားသည့် ကာလမျိုးဆိုလျှင် ရွာရှိ လူကြီး၊ ကလေး အားလုံး ချောင်းကလေးထဲ ရေဆင်းကူးကြ၊ အဝတ်လျှော်ကြနှင့် ရှိတတ်ကြပေမယ့် ပူစူးမ ကတော့ ချောင်းစပ်နားသို့ပင် ယောင်၍မျှ မသွားခဲ့ချေ။ ယခုလည်း ဘကြီးရွာကို လှည်းနှင့်သွားမည်ဆို၍သာ သူမလိုက်ပါခြင်း ဖြစ်ပေသည်။ တကယ်တမ်းကျ ချောင်း ကလေးထဲမှ လှေနှင့်သွားမည်ဆိုလျှင် ခဏ လေးနှင့် ရောက်မည်ဖြစ်ပြီး ကုန်းလမ်းမှ လှည်းနှင့် သွားရသည့်အခါ အခြားရွာ နှစ်ရွာ၊ သုံးရွာခန့်ကို ကွေ့ပတ်၍ လှည်းနှင့်ဖြတ်၍ ရသော ချောင်းဖျားထိ ရောက်အောင် အချိန်ကြာကြာသွားရသည့် အတွက်လည်း မိထွေးဖြစ်သူက ပူစူးမကြောင့် ခရီးကြာရ သည်ဟုဆိုကာ ငြူစူခြင်းဖြစ်သည်။
ဘကြီးတို့ရွာရောက်တော့ နေပင် အတော်မြင့်နေချေပြီ။ ဘာပဲပြောပြော အိမ်မှာ မိထွေးနှင့် အတူနေရသည်ထက်စာလျှင် ဘကြီးတို့ဆီ အလည်လာရသည်မှာ အလွန် ပျော်စရာကောင်းသည်ဟု ပူစူးမထင်မိသည်။ဘကြီးရော ဘကြီးမိန်းမဖြစ်သူပါ သူအပေါ် ကြင်နာကြသည်။ အလည်ရောက်လာပြီဆို သည်နှင့် ပူစူးမ ဘာစားချင်လဲဟုမေးကာ စားချင်တာချက်ကျွေးသည်။ လိုချင်တာလည်း ဝယ်ပေးသည်။ တစ်ခုခုကို ပူစူးမပူဆာလျှင် ချက်ချင်းမဝယ်ပေးနိုင်လျှင်တောင် ဘကြီးက မြို့တက်သည့်အခါ သတိတရနှင့် ဝယ်လာပေး ပြီး သူမတို့ရွာဆီ လူကြုံနှင့် ထည့်ပေးလိုက်မြဲ ဖြစ်သည်။ ထို့ကြောင့်လည်း ဘကြီးတို့ ဆီရောက်သည်နှင့် ပူစူးမတစ်ယောက် ကစားလိုက်၊ စားလိုက်နှင့် ပျော်ရွှင်နေမိသည် မှာ နောက်တစ်နေ့ညနေ ပြန်ခါနီးအချိန်ထိပင် ဖြစ်သည်။
၅
ပြန်ကြမည်ဆိုတော့ ပူစူးမနှင့် မိထွေး ဖြစ်သူတို့က အိမ်ပြန်သယ်ရမည့် ပစ္စည်းလေး တွေ လှည်းပေါ်တင်ကြသည်။ ဘကြီးက အငယ်ကောင်လေးကို ချီထားရင်းမှ ရုတ်တရက်သတိရသွားဟန်ဖြင့်
''ဟဲ့ အေးကြည်၊ နင့်ယောက်ျားကော ဘယ်မှာလဲ။ ပြန်ကြတော့မယ့်ဟာ။ ဒီကောင် က ဘယ်ထွက်သွားတာတုန်း''
ဘကြီး၏အမေးကို လှည်းပေါ် အထုပ် တစ်ထုပ် ပစ်တင်လိုက်ရင်းမှ မိထွေးဖြစ်သူက
''မသိဘူးလေ။ နေ့ခင်း ထမင်းစားပြီး ကတည်းက ရွာထဲခနဆိုပြီး ထွက်သွားတာပဲ။ ပြန်မယ့်အချိန် သူသိသားပဲ။ လာပါလိမ့်မယ်''
''နေစောင်းတော့မယ်ဟဲ့။ အခုနေပြန်ရင် တောင် ရွာကို မှောင်စပျိုးချိန်လောက်မှ ရောက်ကြမှာ။ ခက်တော့တာပဲ''
ပြောဆိုရင်းမှ ဘကြီးဖြစ်သူက မိထွေးထံ အငယ်ကောင်ကို လက်လွှဲပေးရင်း
''ကလေး ခဏပြန်ခေါ်ထား။ ငါသွားရှာ လိုက်ဦးမယ်။ ဘယ်နားသွား အလေလိုက်နေ လဲမသိပါဘူး''ဟု ပြောဆိုရင်း ခြံအပြင်ဘက် ထွက်သွားပါသည်။
ခဏမျှအကြာ ဘကြီးဖြစ်သူမှာ မောကြီး ပန်းကြီးနှင့် ပြန်ရောက်လာပြီး
''မတွေ့ခဲ့ဘူးဟေ့။ ရှာတာလည်း နှံ့နေပြီ။ဧကန္တတော့ ဟိုဘက်ချောင်းဖျားက ရွာမှာ နာရေးရှိတယ်လို့ကြားတယ်။ အဲဒီများ သွား လားမသိဘူး။ ဒီကောင်နဲ့တော့ ခက်တာပဲ''
''ဟုတ်မှာပါ။ ဒါကြောင့် သင်းလာချင်နေ တာ ရွပိုးကိုထိုးလို့။ ကျုပ်တို့ကို အကြောင်းပြပြီး လာတာပဲ ဖြစ်ရမယ်''
ဘကြီး၏စကားကို မိထွေးဖြစ်သူက ထောက်ခံပြောဆိုရင်း အိမ်ရှေ့ကွပ်ပျစ်ပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ သူတို့ ပြောဆိုနေကြသည်ကို နားထောင်နေရင်း ပူစူးမက မိထွေးကို
''အမေ ဘယ်လိုလုပ်ကြမလဲ။ သမီးက မနက်ကျောင်းတက်ရမှာလေ''
''အရေးထဲအေ၊ ညည်းကတစ်မျိုး။ ကျောင်းပျက်လိုက်ပေါ့အေ''
''ပျက်လို့မရဘူး အမေ။ လကုန်ရင် စာမေးပွဲဖြေရမှာလေ။ နီးနေပြီကို''
သူတို့နှစ်ယောက် ပြောဆိုနေကြသည်ကို ကြားရသည့်အခါ ဘကြီးဖြစ်သူက မနေနိုင် တော့ဘဲ
''ကဲ ဒါဖြင့် ဒီလိုလုပ် အေးကြည်မ။ နင်နဲ့ ပူစူးနဲ့ အရင်ပြန်နှင့်။ အငယ်လေးကို ထားခဲ့။ မနက်ကျမှ ဟိုအကောင်ကို ငါသွားခေါ်ပြီး ပြန်လွှတ်လိုက်မယ်။ အငယ်လေး ကျန်ခဲ့တယ် ပြောမှ သင်းပြန်မှာ။ နို့မို့ ပြန်မှာမဟုတ်ဘူး''
''ပြန်တာက ဟုတ်ပါပြီ။ ဒီအချိန်ကျမှ ကျုပ်တို့နှစ်ယောက်တည်း လှည်းနဲ့တော့ မပြန် ရဲဘူး။ အမြန်ရောက်အောင် ချောင်းထဲကနေ လှေနဲ့ဖြတ်ပြန်မှ ရတော့မယ်''
လှေနှင့်ပြန်ရမည်ဆိုတော့ ပူစူးမ တစ်ချက်တွန့်သွားသည်။ မိထွေးပြော သည်မှာလည်း အမှန်ပင်။ အဖေကို စောင့်ရ ရှာရသည်နှင့် အချိန်က လင့်နေပြီ မဟုတ်လား။ ထိုအချိန်မှ လှည်းနှင့် ပြန်ရ မည်ဆိုလည်း မလွယ်ကူတော့ပေ။ မိထွေး ပြောသလို လှေနှင့်ပြန်လျှင်ပြန်၊ မပြန်ချင်လျှင် မနက်ဖြန်မှ အဖေနှင့် အတူပြန်ဖို့သာ ရှိသည်။ မနက်ဖြန်မှ ပြန်မည်ဆိုလျှင်တော့ ကျောင်းတစ်ရက်ပျက်ရတော့မည် ဖြစ်သည်။ ဘယ်လိုလုပ်ရပါ့ဟု ပူစူးမတစ်ယောက် စဉ်းစားရခက်နေစဉ် မိထွေးက
''ဟဲ့ ပူစူးမ။ ပြန်မှာဆို။ ဘာတွေ ငေးနေ တာလဲ''
''ဟိုလေ၊ ဟိုဟာ''
''ဘာတုန်း တဟိုဟိုနဲ့။ ပြန်မှာလား မပြန်ဘူးလား''
''ဟိုတစ်နေ့က မိုးကြီးထားတာ။ ချောင်း ထဲ ရေလျှံနေမှာပေါ့နော်''
''ဟဲ့ အဲဒီတော့ ဘာဖြစ်လို့လဲ။ နင့်ကို ရေကူးပြီးပြန်ခိုင်းမှာလည်း မဟုတ်ဘူး။ လှေနဲ့ ပြန်မှာ။ ငါတစ်ယောက်လုံးပါတယ်''
တစ်ယောက်တည်း ချီတုံချတုံနှင့် ဆုံးဖြတ်ရခက်နေသည့် ပူစူးမကို မိထွေး ဖြစ်သူက စိတ်မရှည်တော့သလို ပြောဆိုလိုက် ရာ ပူစူးမ၏ ဘကြီးမှာ မနေသာတော့ဘဲ
''သမီးပူစူး၊ မပြန်ရဲရင်လည်း မနက်ဖြန်မှ ပြန်ပါလား။ ကျောင်းတစ်ရက် ပျက်လိုက် တော့ပေါ့။ အခုနေ ပြန်မယ်ဆိုရင်တော့ သမီး အမေပြောသလို လှေနဲ့ပြန်မှရတော့မှာ''
''ရပါတယ် ဘကြီး၊ ပြန်လိုက်တော့မယ်။ သမီး မနက်ကျ ကျောင်းမှာစာပြန်ရဦးမှာ''
''အင်းလေ၊ ဒါဆိုလည်း ပြန်ကြတော့။ချောင်းစပ်မှာ ငါ့လှေရှိတယ်။ နင်သိတယ် မဟုတ်လား အေးကြည်။ မနက်ဖြန်ကျမှ ဟို အကောင်နဲ့အတူ ငါပါလိုက်လာခဲ့မယ်။ နင်တို့ ဆီက ပြန်တော့မှပဲ လှေကို ငါပြန်ယူသွားတော့ မယ်''
၆
ထို့နောက်တွင်တော့ ဘကြီးတို့လင်မယား နှင့် အငယ်ကောင်လေးကို နှုတ်ဆက်၍ ပူစူးမ နှင့် မိထွေးဖြစ်သူတို့မှာ အိမ်ပြန်ရန်အတွက် ချောင်းစပ်ရှိ လှေဆိပ်သို့ ဆင်းလာခဲ့ကြသည်။လှေဆိပ်ရှိ ဘကြီးဖြစ်သူ၏ လှေပေါ် နှစ်ယောက်သားတက်ပြီးသည်နှင့် ပူစူးမမှာ မိထွေးအား
''အမေ ဖြည်းဖြည်းပဲလှော်ပါနော်။ သမီး ကြောက်လို့ပါ''
''ဟဲ့ ဖြည်းဖြည်းလှော်လို့မရဘူး။ ဟိုမှာ တွေ့လား။ နင့်အဘမိုးတွေက ညို့လာပြီ။ အိမ်အမြန်ရောက်မှ ဖြစ်မှာ''
သူမ မိထွေးပြောမှ မော့ကြည့်မိတော့ ခပ်စောစောကပင် ကြည်လင်နေသေးသည့် ကောင်းကင်ပြင်တွင် ချက်ချင်းပင် မိုးရိပ်တို့ဖြင့် မည်းမှောင်လာသည်ကို ပူစူးမတွေ့လိုက်ရ သည်။ မိုးမရွာပါစေနှင့်လို့ စိတ်ထဲမှ ဆုတောင်း နေမိသော်လည်း ပူစူးမ၏ ဆုတောင်းမပြည့်ဝ ခဲ့ပါချေ။ သူမတို့လှေကလေး ကမ်းစပ်မှခွာပြီး သိပ်မကြာခင်ပင် မိုးက သဲကြီးမဲကြီး ရွာချလာတော့သည်။ ထို့အပြင် မိုးနှင့်အတူ လေကပါ ခပ်ကြမ်းကြမ်း တိုက်ခတ်လာ၍ လေဒဏ်မိုးဒဏ်ကြားတွင် ဘယ်ညာယိမ်းထိုး နေသော လှေလေးပေါ်၌ ပူစူးမခမျာ လှေနံ နှစ်ဖက်ကို လက်ဖြင့် ဆုပ်ကိုင်ထားရင်း ဆောက်တည်ရာမရ ကြောက်လန့်နေရှာသည်။
သို့သော်လည်း လေတစ်ချက်အဝေ့၌ မျက်နှာကို လာရောက်ထိမှန်သည့် မိုးစက် များအား လက်ဖြင့်သပ်ချလိုက်မိသည့်ခဏ လှိုင်းအပုတ်နှင့် လှေက လူးလွန့်သွားသည်တွင် ပူစူးမမှာ အရှိန်လွန်၍ လှေလေးပေါ်မှ ချောင်းရေထဲသို့ ပြုတ်ကျသွားပါတော့သည်။
''ဝုန်း''
''အား အမေ''
''ဟဲ့ ဟဲ့ ပူစူးမ''
မိထွေးဖြစ်သူက ကမန်းကတန်းလှမ်းဆွဲ သော်လည်း လူးလွန့်နေသော လှေလေး ကြောင့် ပူစူးမကို ဆွဲ၍မမိခဲ့ချေ။ ထိုအချိန်တွင် ရုတ်တရက် လေကလည်း ခပ်ပြင်းပြင်းတိုက် ခတ်လာသောကြောင့် လှေလေးမှာ ပူစူးမနှင့် ဝေးရာဘက်ကို မျောပါသွားသည်။ အတန် ငယ် ဝေးသည်အထိ မျောပါသွားပြီးမှ မိထွေး ဖြစ်သူမှာ ပူစူးမနှင့် နီးနိုင်သမျှနီးအောင် လှေကိုကြိုးစား လှော်ခတ်လာရင်း အနားသို့ ရောက်မှ လှေကို ရုတ်တရက်ဆိုသလို ပူစူးမ နှင့် ဝေးရာဘက်သို့ ပြန်လှည့်လိုက်ရာ ချောင်း ရေထဲတွင် ကြောက်လန့်တကြား ရုန်းကန်နေ သော ပူစူးမမှာ
''အမေ သမီးကို ကယ်ပါဦး။ သမီး ဒီမှာ လေ''ဟု သူမ မိထွေးအား လှမ်းခေါ်ပါသော် လည်း မိထွေးဖြစ်သူကတော့ လှေကို ပူစူးမနှင့် ဝေးရာဘက်သို့သာ ပြန်လှော်ခတ်ရင်း မိုးသံ လေသံတို့နှင့်အပြိုင် ပူစူးမကြားအောင်
''နင့်ထိုက်နဲ့နင့်ကံပဲ ပူစူးမရေ။ နေခဲ့ပေ တော့။ နင်မရှိမှ ငါ့လင်နဲ့ငါ့သားနဲ့ အေးဆေး နေရမှာ။ ရှေ့လျှောက် နင့်အတွက်လည်း စိတ်ညစ်စရာမလိုတော့ဘူး။ နေခဲ့ပေတော့'' ဟု အော်ဟစ်ပြောဆိုရင်းမှ လှေကို ပူစူးမနှင့် ဝေးသထက်ဝေးအောင်သာ လှော်ခတ်သွား တော့သည်။ စိတ်ထဲမှလည်း ''နင့်ဘာသာ သေနေ့စေ့လို့ သေရတာ ပူစူးမရေ။ ငါတွန်းချ တာလည်း မဟုတ်ဘူး။ သူများတွေမေးတော့ လည်း လှေပေါ်ကပြုတ်ကျတာ လိုက်ဆယ် ပေမယ့် မမီတော့ဘူးလို့ ပြောလိုက်ရုံပဲ''ဟု တွေးတောနေတော့သည်။
ထိုအချိန်တွင် ပူစူးမတစ်ယောက်မှာတော့ မိထွေးဖြစ်သူက သူမကိုထားခဲ့ပြီဟူသော အသိနှင့်အတူ ကြောက်ရွံ့ထိတ်လန့်စိတ်တို့နှင့် ကြိုးစားရုန်းကန်နေပါသော်လည်း အရှိန် အဟုန်နှင့် စီးဆင်းနေသော ချောင်းရေထဲတွင် မြုပ်တစ်ခါ ပေါ်တစ်လှည့်နှင့် တရွေ့ရွေ့ မျောပါသွားတော့သည်။ ကြောက်လန့် တကြားနှင့် ရုန်းကန်လိုက်တိုင်းလည်း သူမ၏ ပါးစပ်နှင့် နှာခေါင်းတို့မှတစ်ဆင့် အဆုတ်ထဲ သို့တိုင် ရေများက အဆက်မပြတ် ဝင်ရောက် လာ၍ တဖြည်းဖြည်း မွန်းသထက်မွန်းကျပ် လာပြီး သူမခန္ခာကိုယ်နှင့် အသိစိတ်တို့ ကွဲကွာ မသွားခင် နောက်ဆုံးအနေနှင့် သူမအာရုံထဲ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရပါသည်။
ထိုအရာကတော့ သူမ ညစဉ်မြင်မက်နေ ကျ အိပ်မက်ထဲမှ အဖြစ်အပျက်များသာ ဖြစ်ပြီး ယခုအချိန်မှာတော့ အိပ်မက်ထဲမှ လူနှစ်ယောက်ကို ထူးဆန်းစွာပင် ပြတ်ပြတ် သားသား မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ အိပ်မက်ထဲမှ ရေထဲအနှစ်ခံရသည့် ကောင်မလေးသည် သူမ၏ မိထွေးဖြစ်သူနှင့် မျက်နှာချင်း ဆင်တူနေပြီး ထိုကောင်မလေး အား ရေထဲနှစ်သတ်ခဲ့သော မိန်းမ၏ မျက်နှာ မှာ သူမနှင့်ဆင်တူနေသည်ကို သေငယ် ဇောနှင့်မျောနေသည့် နောက်ဆုံးအချိန်လေး၌ ပူစူးမတစ်ယောက် အံ့သြထိတ်လန့်ဖွယ် မြင်တွေ့လိုက်ရပြီးနောက်မှာတော့ အရာ အားလုံး မှောင်အတိကျသွားပါတော့သည်။
သက္ကရာဇ်
No comments:
Post a Comment