Latest News

Monday, July 2, 2018

ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိတ်ဆွေကြီး အမေရိကန် ဆီးနိတ် ခေါင်းဆောင် မှ စီးပွားရေး ပိတ်ဆို့မှုမှ ကာကွယ်ပေးလျက်ရှိ


မြန်မာနိုင်ငံ ၏ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အရေး အတွက် ရာစုနှစ်၏ လေးပုံတပုံ ကျော် စီးပွားရေး ဒဏ်ခတ်မှုများ ချမှတ်ရေး အတွက် ရှေ့ဆုံးမှ တိုက်ပွဲဝင်ပေးခဲ့သော ဆီးနိတ် အထက်လွှတ်တော် ခေါင်းဆောင် မစ်ခ်ျ မက်ကွန်နယ် သည် ယခုတကြိမ်တွင်တော့ မြန်မာပြည်အား အရေးယူ ဒဏ်ခတ်မှု ပြုလုပ်ရန် အမေရိကန် လွှတ်တော် နှစ်ရပ်ပေါင်းမှ ကြိုးပမ်းလာနေသည့် အရေး အား ရှေ့မှ မားမားရပ် ကြံကြံခံ ရပ်တည်ပြီး ခုခံ ပေးနေခဲ့ကြောင်း ၀ါရှင်တန် ပို့စ် မှာ ရေးသားထားပါတယ်။

ထို့အတွက် ၀ါရှင်တန် ရှိ လူ့အခွင့်အရေး သမားတွေ အဖို့ အံ့အားတသင့် ဖြစ်သွားခဲ့ရပါတယ်။ ၎င်းတို့အဖို့ က မြန်မာပြည်ကို ဆန့်ကျင်ရေးမှာ ကင်တပ်ကီ က ရီပါတ်ဘလီကင် အမတ် ဖြစ်တဲ့ မစ်ခ်ျ မက်ကွန်းနယ်ကို မဟာမိတ်ကြီးသဖွယ် မှတ်ယူထားခဲ့ကြတာကြောင့် ဖြစ်ပါတယ်။

သို့သော် မက်ကွန်းနယ်က တော့ သူ လေးစားခဲ့ရသော မိတ်ဆွေဟောင်းကြီး ဒေါ်အောင်ဆန်းစုကြည်ဖက်က မားမားမတ်မတ် ရပ်တည် လိုက်ပါတယ်။

ဆီနိတ်တာ ဂျွန် မက်ကိန်း နဲ့ ဆီနိတိတာ ဘင်ဂျမင် အယ်လ် ကာဒင် တို့ ဦးဆောင်ပြီး မြန်မာ စစ်ဗိုလ်ချုပ်ကြီးများအား ပြစ်ဒဏ်ခတ်ဖို့နဲ့ ခရီးသွားလာခွင့် တွေ ကန့်သတ်ဖို့ ဥပဒေ ရေးဆွဲပြီး တင်သွင်းလာခဲ့ပါတယ်။ ထို့အတွက် ဖေဖေါ်ဝါရီလ မှာပဲ ဆီးနိတ် နိုင်ငံခြား ဆက်ဆံရေး ကော်မီတီ က အတည်ပြုပေးခဲ့ပါတယ်။ မေလ မှာ အောက်လွှတ်တော်က အလားတူ ဥပဒေမျိုးကို ရေးဆွဲပြီး အများစု မဲ နဲ့ အတည်ပြုခဲ့ပြန်ပါတယ်။

သို့သော်လည်း ၀ါရှင်တန် မှ အတွင်းလူများရဲ့ သတင်းအရ အဆိုပါ ဥပဒေ နှစ်ရပ်စလုံးကို မက်ကွန်းနယ်က အနှောက်အယှက် ပြုလုပ်လာခဲ့ပါတယ်လို့ ပို့စ် သတင်းစာကြီးက ရေးသားထားပါတယ်။

ဆီနိတ်တာ ဂျက် မာကလေး က ဆီးနိတ် ဥပဒေအား မက်ကွန်းနယ်ရဲ့ အလိုကျ ဆွေးနွေးမှုတောင် မလုပ်တော့ပဲ ပိတ်ပင်ခြင်း ခံလိုက်ရတယ်လို့ ဆိုပါတယ်။

မက်ကွန်းနယ်ကတော့ မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ အကျပ်အတည်းကြီးကြောင့် သူအဖို့ စိတ်မကောင်း အတော် ဖြစ်ခဲ့ရပေမယ့် အမေရိကန် လွှတ်တော်က ဥပဒေပါ စကားတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရ ကို ထိခိုက်စရာ ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးများကလည်း သူမရဲ့ မိတ်ဆွေကြီး အမြင်ကိုထောက်ခံကြောင်း တလေသံတည်း ထွက်ခဲ့ကြပါတယ်။

သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က နှစ်ပေါင်းများစွာ ကြာသည့်အထိ သစ္စာရှိရှိ နဲ့ ခင်မင်စွာ ဆက်ဆံလာခဲ့တဲ့ သမိုင်းကြောင်းက ရှိနေခဲ့ပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် အဖို့ စစ်တပ်နဲ့ တင်းမာတဲ့ ဆက်ဆံရေးကို အဆင်ပြေအောင် လုပ်နေရတာ ဆိုတာကို သူ နားလည်တယ်လို့ နီးစပ်သူများက ဆိုပါတယ်။

ဝါရှင်တန် ပို့စ် က မေးလာတဲ့ မေးခွန်းကို အခုလို ဖြေကြားသွားခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်အတွင်း ဒီမိုကရေစီ ထွန်းကားရေး အတွက် ဘ၀တလျောက်လုံး အနစ်နာ ခံလာခဲ့သူ ဖြစ်ပါတယ်။ ထို့အတွက် သူမသည်သာ သူမနိုင်ငံအတွက် အကောင်းဆုံး မျှော်လင့်ချက် အဖြစ် ဆက်ရှိနေတုန်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် စစ်မှန်တဲ့ ပြည်သူ ကိုယ်စားပြု လုံးလုံးလျားလျား ပေါ်ပေါက်ရေး ကျွနူပ်ကာလကြာမြင့်စွာ မျှော်မှန်းခဲ့တာလည်း ဖြစ်တာကြောင့် အမေရိကန် အတွက် ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံနေဖို့ လိုပါတယ်”

ထို့အတွက် အမေရိကန် အစိုးရ အနေနဲ့ မြန်မာပြည်အပေါ် ဘယ်လို တညီတညွတ်တည်း မူဝါဒ ချမှတ်နိုင်ရေး ဆိုတဲ့နေရာမှာ အကျပ်တွေ့လာခဲ့ရပြီ ဖြစ်ပါတယ်။

အီးယူ နဲ့ ကနေဒါက မြန်မာ စစ်ဗိုလ်ချုပ် ခုနှစ်ယောက်ကို အပြစ်ဒဏ် ခတ်ခဲ့ပေမယ့် အမေရိကန်ကတော့ ခုထိ တယောက်ပဲ ရှိပါသေးတယ်။

ထရန့် အစိုးရ ကလည်း မြန်မာပြည်ကို တရုတ် သြဇာ စက်ဝန်းထဲ ရောက်မသွားစေရေး အတွက် ထိမ်းထားဖို့ လိုတယ်လို့ ယူဆနေကြပြန်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ လမ်းကြောင်း ပေါ် မြန်မာပြည် ဆက်လျောက်နိုင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်သာ မျှော်လင့်ချက် အလင်းရောင်အဖြစ် ဆက်လက် ကပ်ထားဖို့ လိုတယ်လို့လည်း မဟာဗျုဟာ နှင့် နိုင်ငံတကာ လေ့လာရေးဌာန၏ အရှေ့တောင်အာရှ ပရိုဂရမ် မှ အထက်တန်း အရာရှိ မော်ရေး ဟိုင်းဘတ် က ပြောခဲ့ပါတယ်။

တဖက်မှာကျပြန်တော့ ကွန်ဂရက်က လူတွေကျပြန်တော့ ရိုဟင်ဂျာ ဆိုသူများကို ဆက်ဆံခဲ့မှုသည် လွန်စွာ ရံွံရှာဖွယ် ကောင်းတဲ့ အတွက် တာဝန်ရှိသူများကို အပြစ်ပေးသင့်တယ်လို့ ယူဆနေကြတယ်လို့ ဆိုပါတယ်။

မက်ကွန်းနယ်က ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ ကတည်းက တလျှောက်လုံး ထောက်ခံခဲ့သူ ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ ဒီပဲယင်း အရေးအခင်း ဖြစ်သွားပြီးနောက် စစ်ဗိုလ်ချုပ်တွေကို ထိရောက်စွာ ဒဏ်ခတ်ခဲ့ပြီး မြန်မာနှင့် ကုန်သွယ်ရေး ကို ထိရောက်စွာ ဒဏ်ခတ်နိုင်ခဲ့ပါတယ်။ ထိုအချိန်က မြန်မာပြဿနာသည် အမေရိကန်အဖို့ အစွန်အဖျား ကိစ္စလို့ သဘောထားနေချိန် ဖြစ်ပါတယ်။ သို့သော်လည်း မက်ကွန်းနယ်က တကူးတက ဥပဒေကို ရေးဆွဲပြီး တနှစ်တကြိမ် ပုံမှန် သက်တမ်းတိုးဖြစ်အောင် အားထုတ်ခဲ့သူလည်း ဖြစ်ပါတယ်။ သို့မှသာ မြန်မာအရေး ကို အမေရိကန်အစိုးရ မှ အာရုံစိုက်နေမှာဖြစ်တယ်လို့ ယူဆပြီး လုပ်ခဲ့သူ ဖြစ်ပါတယ်။

ထို့အတွက် နွေဦးပေါက်ရင် မြန်မာရာသီ ရောက်ပြီလို့ ဆီးနိတ်မှာ ပြောစမှတ် ဖြစ်ကျန်ခဲ့တယ်လို့ သူရဲ့ လက်ထောက်တဦးက ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံက ၂၀၁၂ အစောပိုင်း ပြင်ပ ကို တံခါး စဖွင့်ပေးတဲ့ အချိန်မှာ မက်ကွန်းနယ်က မြန်မာပြည်ကို စောစီးစွာ ရောက်ရှိလာပြီး သူအဝေးကနေ တချိန်လုံး လေးစားခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့ခဲ့ပါတယ်။

ထိုသို့ တွေ့ဆုံခဲ့သည့် ဓါတ်ပုံကြီးကို ပုံကြီးချဲ့ပြီး သူ၏ ဧည်ခန်းထဲတွင်သာမက ဆီးနိတ်၏ အစည်းအဝေးခန်းများထဲမှာပါ မှန်ဘောင်ထဲ့ပြီး ချိတ်ဆွဲထားပါတယ်။

ထိုနှစ်ကုန် လောက်မှာ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ကို အလည်ရောက်လာပြီး မြန်မာ အသိုက်အ၀န်း အပြင် ၀ါရှင်တန်က ပေါ်လစီ ရေးဆွဲသူတွေနဲ့ တွေ့ဆုံဆွေးနွေး ဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အချိန်ယူပြီး မက်ကွန်းနယ်ရဲ့ ကင်တပ်ကီ က မြင်းခြံကို တကူးတက သွားရောက်ကြည့်ရှု့ခဲ့တဲ့အပြင် လူဝစ်ဗီးလ် တက္ကသိုလ်ရှိ မက်ကွန်းနယ် စင်တာမှာ ဆီနိတ်တာကို ကျေးဇူးတင်ကြောင်း မိန့်ခွန်း ပြောသွားခဲ့ပါတယ်။

မြန်မာပြည် သံအမတ် ဒဲရက် မစ်ခ်ျချယ်က အိမ်ဖြူတော် နဲ့ မက်ကွန်းနယ်ဆီကို နေ့စဉ် သုံးနာရီတိုင်း သတင်းမပြတ် ပေးပို့ နေရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ရခိုင်အရေး အရှိန် အမြင့်ဆုံး ဖြစ်နေချိန်မှာ မက်ကွန်းနယ်က ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်း ဆက်ပြီး အားပေးခဲ့တဲ့ အပြင် ဒေါ်အောင်ဆန်းစုကြည်သည် အရင် သူမသိခဲ့သည့် အတိုင်း မပြောင်းလဲဟု သူ၏ လုပ်ဖေါ်ကိုင်ဖက်များကို ကြုံရင် ကြုံသလို ပြောပြလေ့ရှိပါတယ်။

ဒါကို ကြည့်ရင် ဘယ်သူမျက်နှာကြောင့် တိုင်းပြည်အတွက် အကျိုးယုတ် နိုင်တဲ့ အမေရိကန် စီးပွားရေး ဒဏ်ခတ်မှု မြန်မာပြည် မခံရခဲ့တာလည်း ဆိုတာ သိသာ လှပါတယ်။
လှစိုးဝေ

No comments:

Post a Comment