Latest News

Tuesday, July 24, 2018

မန္တလေးမြို့က ကျောက်ဆစ်တန်း

မန္တလေးမြို့က ကျောက်ဆစ်တန်း


မြန်မာပြည်အလယ်ပိုင်း မြို့တော် မန္တလေးသည် မြန်မာမှု အနုလက်ရာများ ထွန်းကားရာ မြို့ကြီးတစ်မြို့ဖြစ်သည်။ မြန်မာရှင်ဘုရင်၏နန်းစိုက်ခဲ့ရာ   ဖြစ်ခဲ့ခြင်းနှင့်    အနယ်နယ်အရပ်ရပ်မှ ပညာရှင်များ  မင်းနေပြည်တော် တွင် လာရောက်စုဝေး ရောက်ရှိလာကြခြင်းတို့ကြောင့် ပန်းဆယ်မျိုး လက်မှုပညာရပ်များအားလုံး ထွန်းကား သည့် ယဉ်ကျေးမှုမြို့တော်ကြီးလည်းဖြစ်သည်။ ယခု အချိန် မြန်မာမှုပညာရပ်များနှင့်ပတ်သက်၍     လေ့လာ လိုလျှင် မန္တလေးမြို့သို့သွားကာ လေ့လာနိုင်မည်ဖြစ်သည်။  ထိုသို့ ရိုးရာလက်မှုပညာများကို ထိန်းသိမ်းလုပ်ကိုင် လျက်ရှိသော မန္တလေးမြို့တော်ကြီးသို့ရောက်ရှိ ခိုက်တွင် ကျောက်သားထုကို   ဘုရားဆင်းတုတော်အဖြစ်သို့ ထွင်းထုလုပ်ကိုင် လျက်ရှိကြသည့် ပန်းတမော့ပညာရှင် များ၏ ကျောက်ဆစ်တန်းကို ဝင်ရောက်လေ့လာဖြစ်ခဲ့ ပါသည်။ စကျင်ကျောက်တုံးကို   ကျောက်စက်ဖြင့် ပွတ်သပ် အချောကိုင်ရာမှ ထွက်လာသော  အမှုန်များနှင့်  နေ့စဉ်ရင်းနှီးနေသည့် ကျောက်ဆစ်လုပ်ငန်းသမားများ၏ လုပ်ငန်းသဘာဝများကို  တင်ပြပေးလိုက်ပါသည်။

ကျောက်ဆစ်တန်း

မဟာမြတ်မုနိဘုရားကြီး    အနောက်မုခ်မှ      ကျောက်မှုန်များထောင်းထောင်းထနေသည့် ရပ်ကွက်သည် ကျောက်ဆစ်ရပ်ကွက်၊ ကျောက်ဆစ်တန်းဖြစ်သည်။ ရှေးမြန်မာဘုရင်လက်ထက်ကတည်းက ကျောက်ဆစ် လုပ်ငန်း တည်ရှိခဲ့ခြင်းဖြစ်ပြီး  ကျွန်းလုံးဥသျှောင်ရပ်ဟု အမည်ရသည်။ ကျောက်ဆစ်တန်းတွင် အဓိက ထုဆစ်ပြု လုပ်ကြသည်မှာ ကျောက်ဆင်းတု၊ မြတ်စွာဘုရားဆင်းတု တော် (ဥာဏ်တော်)အရွယ်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး တို့ ဖြစ်ကြသည်။ သစ်သားကို ပန်းပုပညာဖြင့် ဆင်းတု တော်၊ ရုပ်ပုံများထုလုပ်သကဲ့သို့  ကျောက်သားကို ပုံသဏ္ဌာန်ပီပြင်လာစေရန် ပြုလုပ်ရခြင်းမျိုးဖြစ်သည်။  ကျောက်သားမှာ မာကျောလေးလံသည့် အရာဖြစ်သဖြင့်  သုံးစွဲရသည့် လက်နက်ကိရိယာ၊ ဝိုင်းဝန်းလုပ်ဆောင်ရ သည့်   လူအင်အားက သစ်သားပန်းပုလုပ်ငန်းထက် ပိုမို အသုံးပြုရသည်။ ယခင်က ကျောက်သားကို စို့၊ ဆောက်၊ စူး စသည်တို့နှင့် ထုထွင်းခဲ့ကြသည်။ ပိုမိုပင်ပန်း လက်ဝင်ကာ အချိန်ကြာမြင့်စွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ရ သည်။ မန္တလေး-မူဆယ် လမ်းမကြီးကို အဆင့်မြင့်ပြုပြင် ဖောက်လုပ် ပြီးခဲ့သည့်နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ  ကုန်ပစ္စည်းမျိုးစုံ ဝင်ထွက်လာခဲ့သည်။ ထိုအထဲတွင် ကျောက်နှင့်ပတ်သက်သည့် ပညာရပ်များ၊ လက်နက် ကိရိယာများ ပါဝင်လာခဲ့သည်။ 

ယခင်  စို့ဖြင့် ထုထွင်းပုံဖော်ရသည့် ကျောက်ဆစ် ပညာရပ်နေရာတွင် ကျောက်စက်အရွယ်အစားမျိုးစုံက နေရာယူလာပြီဖြစ်သည်။ ကျောက်စိမ်းထည်များကို အချောထည်လုပ်ကိုင်ရာတွင် စက်ပစ္စည်းများအသုံးပြုမှု ရှိလာခဲ့ရာမှ စကျင်ကျောက်များ ထုဆစ်ရာတွင်လည်း  ထည့်သွင်း  အသုံးပြုလာကြခြင်းဖြစ်သည်။ လနှင့်ချီ ထုထွင်းပုံဖော်နေရသည့်   ကျောက်တုံးကြီးများကို ရက်ပိုင်းအတွင်း  အချောသပ်နိုင်ခဲ့သည်။ လက်မှုကို စက်မှုနှင့် ပေါင်းစပ်လုပ်ကိုင်ကြခြင်းလည်းဖြစ်သည်။ ဆင်းတုတော်အရွယ်အစားပေါ်လိုက်ကာ လူအင်အား အသုံးပြုကြပြီး  ထုတ်လုပ်နိုင်စွမ်းများ တိုးလာခဲ့သည်။ ထို့အတွက်ကြောင့် ကျောက်ဆစ်လုပ်သားများ ဝင်ငွေ တိုးလာသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း ကုန် ပစ္စည်းကို တိုးတက် ထုတ်လုပ်ကာ ဈေးကွက်နေရာ ပိုမို ရှာဖွေလာနိုင်ကြသည်။ လုပ်ငန်းတွင်ကျယ်မှု ပိုမိုရှိ လာသကဲ့သို့ ကျောက်ကို စက်ဖြင့်ပွတ်တိုက်ရာမှ  ထွက် လာသောအမှုန်များက အချိန်တိုင်းအတွက် မွန်းကျပ်နေ စေသည်။   ကွင်းပြင်ကျယ်ကျယ်တွင်   လုပ်ကိုင်ခွင့်ရလျှင် အနည်းငယ်သက်သာမည်ဖြစ်သော်လည်း လုပ်ငန်းတူ များကပ်လျက်ရှိနေသည့် ရပ်ကွက်အတွင်းဖြစ်နေသော ကြောင့် အလုပ်ချိန်တိုင်း ကျောက်မှုန်များနှင့် ရောထွေး နေရပေသည်။

ကုန်ကြမ်း

ကျောက်ဆစ်လုပ်ငန်းအတွက်   အဓိကကုန်ကြမ်းကို    မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်တောင်မှ ထုတ်ယူရရှိနိုင်သည်။ မန္တလေးမှ မတ္တရာသို့ ၂၁ မိုင် အကွာအဝေးတွင် သွားရောက်နိုင်သည်။ ယင်းမှတစ်ဆင့် စဥ့်ကူး၊ လက်ပံလှ၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်များသို့ သွားသည့်လမ်းပေါ်တွင်ရှိသော စကျင်ကျေးရွာသို့ ထပ်မံ သွားရောက်ရခြင်းဖြစ်သည်။ စကျင်ရွာတွင် ကျောက်တောင်ကြီး များရှိပြီးယင်းကျောက်တောင်များမှ အရည်အသွေးကောင်း သော စကျင်ကျောက်များကို ထုတ်လုပ်ရရှိခြင်းဖြစ်သည်။ ယင်းစကျင်ကျောက်တောင်မှ မြန်မာပြည်အရပ်ရပ် မှ ကိုးကွယ်နေသည့် ကျောက်ဆင်းတုတော်များ၊ စေတီတော် များတွင် နေပူခံကျောက်ပြားအဖြစ်  ခင်းထားသော ကျောက်ပြားများ၊ အလှူဒါနများပြုကြရာတွင်   ကမ္ပည်း မော်ကွန်းထိုးကြသည့် ကျောက်ပြား၊ ကျောက်တုံးများကို ထုတ်လုပ်ရယူနေခြင်းဖြစ်သည်။ မြန်မာဘုရင် မင်းတုန်း မင်းကြီး၏ ကောင်းမှုတော်၊   မန္တလေးမှ  ကျောက်တော်ကြီး ဘုရားကြီးမှသည်  တပ်မတော်အစိုးရလက်ထက် တည်ထား ခဲ့သော ရန်ကုန်မြို့မှ ကျောက်တော်ကြီးဘုရားအထိ စကျင် တောင်မှ ကျောက်သားထုကို ထုတ်လုပ်ခဲ့ကြခြင်းဖြစ်သည်။

ယခု  အရပ်သား အစိုးရလက်ထက်တွင်လည်း ထိုကျောက်တောင်ကြီးကို မိုင်းဖြင့်ခွဲကာ စကျင်ကျောက် အရွယ်အစား  မျိုးစုံထုတ်လုပ်လျက်ရှိသည်။  သတ္တုတွင်း ဝန်ကြီးဌာနမှ    ကျောက်ထုတ်လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီများမှ ကျောက်ထုတ်လုပ်ပြီး တစ်ဆင့်ပြန်လည် ရောင်းချလိုသူ၊ အသုံးပြုလိုသူများကို  ရောင်းချပေးခြင်း ဖြစ်သည်။   စကျင်တောင်ခြေရှိ ကျောက်တဲများက ကုမ္ပဏီမှဝယ်ယူကာ  မန္တလေးကျောက်ဆစ်သမားများထံ ပုံကြမ်းထုဆစ် ရောင်းချကြခြင်းဖြစ်သည်။ ကျောက်တုံး အရွယ်အစားအသေးများကိုလည်း ကျောက်ဆစ်တန်းမှ ပြန်လည်အသုံးပြုနိုင်ရန်အတွက်  နေ့စဉ်လာရောက် ပို့ဆောင်   ရောင်းချပေးလျက်ရှိသည်။  သေးငယ်လွန်း သည့်  ကျောက်တုံးများကို ဆင်ရုပ်၊  မြင်းရုပ် စသည်ဖြင့် လက်ဆောင်အရုပ်ငယ်များ  ထုလုပ်ရောင်းချပေးလျက် ရှိသည်။ ရန်ကုန်မြို့ ကျောက်တော်ကြီးဆင်းတုတော်ကို  ထုဆစ်ပြုလုပ်သော ပညာရှင်မှာ မန္တလေးကျောက်ဆစ် တန်းမှ  ဦးတော်တော်ဆိုသည့်  ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ဆရာကြီးမှာ  ကွယ်လွန်လေပြီဖြစ်ပြီး   ဆရာကြီး၏ တပည့်သားမြေးများက   ကျောက်ဆစ်ပညာရပ်ကို     ဆက်လက်ထိန်းသိမ်းပြုလုပ်လျက်ရှိသည်။

လုပ်ငန်းအဆင့်ဆင့်

ဘုရားတစ်ဆူဖြစ်ပေါ်လာစေရန်    ဥာဏ်တော် အရွယ်အစားအလိုက်  ပညာရှင်များကို အဆင့်ဆင့် အသုံးပြုရသည်။ စက်ပစ္စည်းမည်မျှခေတ်မီပါစေ မြန်မာ့ လက်မှုကျောက်ဆစ်ပညာကို  ချန်ထားခဲ့၍ မရသည်ကို တွေ့ရသည်။ စက်မှုလုပ်ငန်းအချို့တွင် မိုနှင့်ပတ်သက်၍ လေ့လာခဲ့ဖူးသည်။ မိုကိုအသုံးပြုပြီး ကုန်ပစ္စည်းထုတ်လုပ် ရခြင်းဖြစ်သည်။ ယင်းမိုကို လက်ဖြင့် ထွင်းထုပြုလုပ်ရာမှ နောက်ပိုင်းတွင်  ခေတ်မီမိုပြုလုပ်သည့် စက်များကို အသုံး ပြုလာကြခြင်းဖြစ်သည်။ မိုပြုလုပ်သည့် စက်အတွင်းသို့ ကုန်ကြမ်းသံတုံးကို   ထည့်သွင်းလိုက်ခြင်းဖြင့် မိုတစ်ခုကို အလွယ်တကူပြုလုပ်နိုင်ပြီဖြစ်သည်။ သို့သော် ကျောက်တုံး ကို စက်အတွင်းထည့်ကာ ရုပ်တုပြုလုပ်နိုင်ခြင်းကိုကား  မတွေ့ရသေးပေ။ ကျောက်ဆစ်ပညာ ကို အသုံးပြုပြီး ဘုရားဆင်းတုတော်တစ်ဆူပြုလုပ်ရန် ပညာရှင်ခုနစ်ဦး အနည်းဆုံးလိုအပ်သည်ဟု သိရသည်။ ဘုရားတစ်ဆူ ပွင့်ရန်ဟု ဒေသခံများက ပြောဆိုကြပြီး ထိုကဲ့သို့ ဘုရား တစ်ဆူပွင့်ထွန်းနိုင်ရန်အတွက် (၁) စကျင် တောင်ကို ဖြိုခွဲ၍ ကုန်ကြမ်းထုတ်ရခြင်း၊ (၂) စကျင် ကျောက်တုံးကို ပုံကြမ်းအဖြစ်သို့ ထုဆစ်ရခြင်း၊ (၃) မျက်နှာတော် ပုံဖော်ရခြင်း၊ (၄) ဆံတော်ထိုးရခြင်း (ဆံပင် ပုံစံထွင်းထု ခြင်း)၊ (၅) ခန္ဓာတော်ကိုပုံဖော်ရခြင်း (ကျောက် စက်ဖြင့် စား၍ ပုံဖော်ရခြင်း)၊ (၆) ကျောက်လေးမျိုး၊  ကော်ပတ် လေးမျိုးဖြင့်     ရုပ်လုံးတော်တစ်ခုလုံးကို တိုက်ချွတ် ဆေးကြောရခြင်း၊ (၇) (ရွှေရေး) ပန်းချီပညာဖြင့် လိုအပ် သည့်နေရာများကို ရေးဆွဲခြင်းဟူသည့် အဆင့်များ ကို လုပ်ကိုင်ဆောင်ရွက်ရသည်။  ကျောက်ဆစ်လုပ်ငန်းတွင် အမျိုးသားများသာမက  အမျိုးသမီးများပါ ဝင်ရောက် လုပ်ကိုင်နေကြရသည်ကို တွေ့ရသည်။

ဆင်းတုတစ်ဆူတွင် ဦးခေါင်းတော်၊ မျက်နှာတော်နှင့် ကိုယ်ခန္ဓာတို့ကို ထုဆစ်ပုံဖော်ပြီးသည်နှင့် ကျောက်ခဲလေးမျိုး၊ ကော်ပတ်လေးမျိုးဖြင့်    အချောကိုင်သည့်အဆင့်ကို အမျိုးသမီးများက  ပြုလုပ်ပေးလေ့ရှိသည်။  ဥာဏ်တော် အလိုက်  ဆင်းတုတစ်ဆူလျှင် နှစ်ဦးမှ ငါးဦးအထိ ဝင်ရောက် လုပ်ကိုင်ကြသည်ကိုတွေ့ရသည်။  ဆင်းတုတော် ဥာဏ်တော်အငယ်များတွင် တစ်ဦးတည်း ဆောင်ရွက် နိုင်ကြသည်။  နောက်ဆုံးအဆင့်မှ ဝင်ရောက်ရသည့် ရွှေရေးခြင်းဆိုသည်မှာ ကျောက်ဆင်းတုအပေါ်၌ ပန်းချီ ရေးဆွဲရသည့် ပညာရပ်ပင်ဖြစ်ပြီး    ဆင်းတုတော်၏  မျက်ခုံးတော်၊ မျက်လုံးတော်၊ နှုတ်ခမ်းတော်၊ သင်္ကန်းတော် စသည်များတွင် လိုအပ်သည့်အရောင်များအား ထည့်သွင်း ရေးဆွဲပေးရသည်။ ရွှေရေးပညာရှင်သည် ပန်းချီဆေးရေး ပညာကို   စိုက်ထုတ်အသုံးပြုခြင်းဖြစ်ပြီး   လုပ်ငန်းရှင်က ဆေးရေးပစ္စည်းများကို စိုက်ထုတ်ပေးရသည်ကို တွေ့ရ သည်။ ထို့အတူ ကျန်သည့်ပညာရှင်များအတွက် လိုအပ် သည့် လက်နက်ကိရိယာ ကုန်ကြမ်းပစ္စည်းအားလုံးကိုလည်း  စိုက်ထုတ်ထားရခြင်းဖြစ်ပြီး ဝင်ရောက်လုပ်ကိုင်သူများ အတွက်  ပညာကြေးရရှိနိုင်ကြသည်။

ကျောက်ဆစ်လုပ်ငန်း

မြန်မာတစ်နိုင်ငံလုံးတွင် ကျောက်ကိုထုဆစ် ပုံဖော် သည့် ကျောက်ဆစ်တန်းဟူ၍ မန္တလေးတစ်ခုတည်း သာရှိသည်။  မန္တလေးကျောက်ဆစ်တန်း မှတစ်ဆင့် ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးသို့ ပို့ဆောင်ရောင်းချနေခြင်း ဖြစ်သည်။ ကျောက်ဆင်းတုတော်များကို အမှာရှိသည့် အတွက် ထုလုပ်ခြင်းရှိသလို ကိုးကွယ်လိုသူများအတွက် အဆင်သင့် ပြုလုပ်ထားပေးခြင်းလည်း  ရှိကြသည်။ မြန်မာ ပြည်အနှံ့မှ ကိုးကွယ်လိုသည့် ဘာသာဝင်များက လာရောက်  ဝယ်ယူကြခြင်းဖြစ်ကြသည်။  စကျင်ကျောက်ကို အတန်းစား သုံးမျိုးခွဲပြီး ဈေးသုံးမျိုး သတ်မှတ် ပြုလုပ် ကြသည်။  ကျောက်အရည်အသွေး  ကောင်းပြီး အနုစိတ်လက်ရာများ ပုံဖော်ပြုလုပ်ထားသည်ကို ပထမ တန်းစားဟု သတ်မှတ် ရောင်းချသည်။ ပထမတန်းစား ကျောက်သည် အရည်အသွေးကောင်းပြီး အနုအနွဲ့ လက်ရာများကို  ဖန်တီးပြုလုပ်နိုင်သဖြင့်  ဈေးကောင်းရ သည်။ ပထမတန်းစား ကျောက်သားဖြင့်ဥာဏ်တော် ငယ်လွန်းသည်များကို ထုလုပ်လေ့မရှိဘဲ အသေးဆုံး တစ်ပေနီးပါးအရွယ်မှ  ပြုလုပ်ကြသည်။

ဥာဏ်တော်ကို  တိုင်းထွာရာတွင်  ပုံတော်ကိုသာ တိုင်းထွာပြီး ပုံတော်အောက်မှ ပလ္လင်ကိုထည့်သွင်းခြင်း မရှိပေ။  ဈေးနှုန်းမှာ တစ်ပေအရွယ်တွင်  တစ်လက်မ  ကျပ်  ၆ဝဝဝ ဈေးရှိသည်။ ဥာဏ်တော်ကြီး ကျောက်သား ကောင်းဆိုလျှင် ပုတ်ပြတ်ဈေးနှုန်းဖြင့် ထုလုပ်ပေးလေ့ရှိ သည်။  အလတ်စား ကျောက်ဆင်းတုဈေးမှာ တစ်လက်မ ကျပ် ၄ဝဝဝ နှုန်းဖြစ်ပြီး  တတိယတန်းစား ကျောက်ဆင်းတု မှာ တစ်လက်မ ကျပ် ၂၅ဝဝ ဈေး ဖြစ်သည်။ တတိယတန်း စား ကျောက်သားသည် အကြမ်းခံပြီး ဈေးနှုန်းသက်သာ သည်။ ယင်းကိုလုပ်ငန်းခွင်အတွင်း ပိတ်သားဟုခေါ်ကြပြီး စေတီတော်များရှိ ဂြိုဟ်တိုင်မှ ဆင်းတုတော်များ ထုလုပ် ရာတွင် အများဆုံးအသုံးပြုကြသည်။ ကျောက်ဆင်းတု တော်များကို လူနေအိမ်များတွင် ထုလုပ်ကိုးကွယ်ခြင်းမှာ   နည်းပါးပြီး အများသူငါ ကိုးကွယ်ရန်အတွက် ဘုန်းကြီး ကျောင်းများ၊ စေတီတော်များ၌သာ တည်ထားခြင်းက များသည်။ အိမ်တွင်ထား၍ မကိုးကွယ်ကောင်းဟု အချို့ ကလည်း အယူအဆရှိကြသည်။ ကျောက်ဆစ်တန်းတွင် ဘုရားဆင်းတုတော်များသာမက လာရောက်အပ်နှံသည့် ကိုးကွယ်ရန် နတ်ပုံတော်များ၊ ဘိုးတော်၊ မယ်တော်ပုံများ စသည်တို့ကိုလည်း  ထုလုပ်ပေးလျက်ရှိသည်။ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ဝန်းကျင် တစ်ဝိုက် ဘုရားပစ္စည်းများ ရောင်းချသည့်ဆိုင်များတွင်   ကျောက်ဆစ်လက်ရာများကို မြင်တွေ့ရပြီး လောကနတ်၊ သမ္မတ၊ နေလ၊ ရွှေလရောင် စသည့် နိဗ္ဗာန်ကုန်ဆိုင်ကြီး များ၌ ကျောက်ဆစ်လက်ရာ အရွယ်စုံ   ပုံသဏ္ဌာန်မျိုးစုံကို    ဝယ်ယူရရှိနိုင်ပါ           သည်။

ကျောက်ဆစ်တန်းမှ အပြန်

ကျောက်ဆစ်လုပ်ငန်းခွင်တွင် ဆင်းတုတော်များကို သစ်သားတန်းများဖြင့် ထုပ်ပိုးပြီး မှာယူသည့်နေရာသို့ ပို့ဆောင်ပေးနေသည်မှာလည်း စိတ်ဝင်စားဖွယ်ရာဖြစ် သည်။ ကျောက်ဆစ်တန်း၏ လမ်းဘေးဝဲ၊ ယာတွင် ထုဆစ်ပြီးသား ရုပ်ပွားတော်များ၊ ပုံကြမ်းကိုင်ထားသည် များ၊ ဆင်းတုတော်ထုဆစ်နေကြသည်များ၊ သက်ဆိုင်ရာ  ကဏ္ဍအလိုက် ဆောင်ရွက်နေကြသည့် ကျောက်ဆစ်ပညာ ရှင်များကို  မြင်တွေ့နေရသည်။   နယ်အမှာရှိသည့် ဆိုင်များကလည်း ပို့ဆောင်ရမည့် ပုံတော်များကို စနစ် တကျ ထုပ်ပိုးပြင်ဆင်နေကြသည်။ ကျောက်ဆင်းတုများ  ဖြစ်သည့်အတွက် အလေးချိန်များသောကြောင့် အနီး အနားဝန်းကျင်လုပ်ငန်းတူများက    ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးနေကြသည်မှာ   မြန်မာတို့၏  တန်ဖိုးရှိ သည့် ဓလေ့တစ်ခုဖြစ်သည်။  ယဉ်ကျေးမှုမြို့တော်ဖြစ်သည့် မန္တလေးတွင်  မြန်မာမှု၊ မြန်မာဟန်၊ မြန်မာ စရိုက်များကို  တစ်နေရာတစ်ဝင်းတည်း    စုစည်းတွေ့မြင်ရသည်မှာ စိတ်ကျေနပ်ဖွယ်ဖြစ်ပါသည်။ ဆက်လက်၍ ယခုကဲ့သို့ မြန်မာ့ဓလေ့ထုံးတမ်းများနှင့် ရိုးရာအမွေအနှစ်များကို   သားစဉ်မြေးဆက်  လက်ဆင့်ကမ်း သယ်ဆောင် သွားနိုင် ပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။     ။

လင်းသူ

No comments:

Post a Comment