Latest News

Saturday, July 7, 2018

မော်လမြိုင် ရှမ်းငါးပေါင်း

မော်လမြိုင် ရှမ်းငါးပေါင်း


ရှမ်းငါးပေါင်းဟင်းကို နာမည်သာကြားဖူးနေပေမယ့် တကယ်တမ်းစားဖူးသွားတာက မော်လမြိုင် က  မိတ်ဆွေတစ်ဦးအိမ်မှာပါ။  အုန်းနို့နံ့လေးသင်းနေတဲ့  ငါးဆုပ်လိုဟင်းမျိုးမို့ မေးကြည့်တော့ ငါးဖယ်ခြစ်ကို အသားလုံးပြီး အုန်းနို့၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ထားတာလို့ပြောပါတယ်။ ငါးဖယ်အစား ငါးကြင်း၊ ငါးတန်တို့လို အသားပေါတဲ့ငါးတွေနဲ့လည်း ချက်လို့ရပါသတဲ့။

ငါးအသားကိုခြစ်ပြီး ဆား၊ နနွင်း၊ ချင်း၊ စပါးလင်တို့နဲ့ရောကာ အသားမာသွားအောင် ထောင်းရပါ တယ်။ ထောင်းပြီးသားငါးအသားကို အပြား (သို့မဟုတ်) အလုံးလုံးပြီး ခပ်ပျော့ပျော့အနေလေး ကြော်ရ တယ်လို့ ပြောပါတယ်။ အကြော်နာလို့မာသွားရင် အရသာပျက်တယ်လို့ဆိုပါတယ်။ ဟင်းလှချင်ရင်တော့ ဂုံညင်းဒိုးပြား ခပ်ကြီးကြီးအရွယ်ကြော်ကာ ထက်ခြမ်းခြမ်းပြီး ချက်ရတယ်လို့ပြောပါတယ်။

ရှမ်းငါးပေါင်းဟင်းချက်လို့အကောင်းဆုံးက ငါးဖယ်ပါတဲ့။ ငါးဖယ်ခြစ်ကိုထောင်းရင် စေးပိုင်တဲ့ သတ္တိရှိလို့ ငါးအသားကကျစ်ပြီး ဝါးလိုက်ရင် တထုတ်ထုတ်နဲ့ အရသာရှိလှပါတယ်။ ဥတုဘောဇန ဆေးကျမ်းမှာလည်း ငါးဖယ်ရဲ့အကျိုးဂုဏ်ကို ''ငါးဖယ်သည် ချိုဆိမ့်၏။ ကြေခဲ၏။ ဆူ၏။ သုက်ကို ပွားစေတတ်၏။ အားကိုဖြစ်စေ၏''လို့ ဖော်ပြပါရှိပါတယ်။ ငရုတ်၊ ကြက်သွန်ဖြူနီထောင်းပြီးသား အရောကို ကြွပ်နေအောင် ဆီသတ်၊ ကြော်ပြီးသားငါးဖယ်ပြားများကို ထည့်မွှေပြီးတာနဲ့ အုန်းနို့ရည် လောင်းပြီး ချက်ရတာပါ။

အုန်းနို့ရည်ဆူလာရင် ကြက်သွန်နီဥကြီးနှစ်ဥလောက် အကွင်းလိုက်လှီးထည့် ဆီပြန် ရေကျန် လောက်အနေမှာ ငရုတ်သီးစိမ်းတောင့်ထက်ခြမ်းခွဲနဲ့ ရှမ်းနံနံ လက်တစ်ဆစ်လောက်ဖြတ်ပြီး အုပ်၊ အပေါ့ အငန်မြည်းပြီးရင်တော့ မီးဖိုမှချလို့ စားဖို့အဆင်သင့်ဖြစ်ပါပြီ။ စပါးလင်၊ ချင်း၊ ရှမ်းနံနံနဲ့ အုန်းနို့မွှေးမွှေးရနံ့တွေ ရောထွေးနေတဲ့ ရှမ်းငါးပေါင်းဟင်းက ထိုင်းဟင်းလျာဆန်လှပါတယ်။

မေးမြန်းကြည့်တော့ ထိုင်းလူမျိုးတွေကို မွန်ပြည်နယ်က တိုင်းရင်းသားတွေက ရှမ်းတွေလို့ ခေါ်ကြပါသတဲ့။ မွန်ပြည်နယ်နဲ့ ထိုင်းနိုင်ငံက နယ်နိမိတ်ချင်းမဝေးလှတာကြောင့် ယဉ်ကျေးမှုချင်း၊ ဘာသာအယူဝါဒချင်း ကူးလူးဆက်ဆံမှုရှိကြကာ အစားအသောက်ဟင်းလျာတွေ ချက်ပြုတ်တဲ့ပုံစံ တွေလည်း နီးစပ်သွားတာဖြစ်မှာလို့ စဉ်းစားမိပါတယ်။ ရှမ်းငါးပေါင်းကို တချို့က အုန်းနို့ရည်ဆမ်းပြီး အုန်းဆီဥလေးတွေတက်လာသည်အထိ ဆီပြန်အောင်ချက်ကြတာမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် အရေစပ်စပ်နဲ့ အခုလိုဆီပြန် ရေကျန်တဲ့ပုံစံကိုအကြိုက်များကြပါသတဲ့။

စံလွင်(ငါးဦးစီး)

No comments:

Post a Comment