ရန်ကုန် ဇူလိုင် ၂၃
ဇူလိုင်လအတွင်းကျရောက်မည့် ဒုတိယ ဝါဆိုလပြည့်နေ့ အပါအဝင် သုံးညဆက်တိုက် လပြည့်နေသည့်ပုံရိပ်ကို ထူးထူးခြားခြား တွေ့မြင်ရမည်ဖြစ်ကြောင်း နက္ခတ်ဝါသနာရှင်များ အဖွဲ့မှ ဒေါက်တာ သန့်ထူးအောင်၏ ပြောကြားချက် အရ သိရသည်။
ဒုတိယဝါဆိုလပြည့်နေ့သည် ဇူလိုင် ၂၇ ရက်ညတွင် ကျရောက်မည်ဖြစ်ပြီး ယင်းရက်မတိုင်မီ ဇူလိုင် ၂၆ ရက်နှင့်လပြည့်ပြီး နောက်နေ့ဖြစ်သော ဇူလိုင် ၂၈ ရက်တို့တွင် သုံးညဆက်တိုက် လပြည့်နေသည့် ပုံရိပ်ကို တွေ့မြင် ရမည်ဖြစ်သည်။
''သုံးညဆက်တိုက် လပြည့်ညကြုံပေမယ့် လပြည့်နေ့ဖြစ်တဲ့ ဇူလိုင် ၂၇ ရက်ညမှာတော့ လကြတ်တဲ့ဖြစ်စဉ်ကို ကြုံရမှာပါ။ လအပြည့်ကြတ်တာမျိုးပါ။ အဲဒီမှာလည်း ထူးခြားတာ တစ်ခုက လကြတ်တဲ့ကြာမြင့်ချိန်က သမိုင်း တစ်လျှောက် အချိန်အကြာမြင့်ဆုံးကြုံရမှာ ဖြစ်ပါတယ်'' ဟု ဒေါက်တာသန့်ထူးအောင်က ပြောသည်။
လကြတ်သည့်ဖြစ်စဉ်ကို ဇူလိုင် ၂၇ ရက် ည ၁၁ နာရီခွဲမှ ဇူလိုင် ၂၈ ရက် နံနက် ၅ နာရီခန့်အထိ ကြုံမည်ဖြစ်ပြီး ၂၁ ရာစု၏ သမိုင်းတစ်လျှောက်တွင် အချိန်အကြာမြင့်ဆုံး လကြတ်မှုဟု ဆိုနိုင်သည်။
''လက ကမ္ဘာကို ဘဲဥပုံစံလမ်းကြောင်းအတိုင်း နာရီလက်တံ ပြောင်းပြန်လည်သလို လှည့်ပတ်နေပါတယ်။ သူ့ရဲ့ပတ်လမ်းကြောင်းက ၅ ဒီဂရီလောက် တိမ်းစောင်းပြီး တစ်နာရီကို ၂၂၈၈ မိုင်နှုန်းနဲ့ ရွေ့လျားပါတယ်။ ဘဲဥပုံစံ လမ်းကြောင်းကို တာဝေးပြေးလမ်း တစ်ခုလို့ သတ်မှတ်ကြည့်ရင် ပုံမှန်ပြေးနှုန်းအတိုင်း ပြေးနေတယ်ဆိုပေမယ့် ကမ္ဘာနဲ့အနီးဆုံး အချိန်မှာ ခရီးရောက်မြန်ပြီး အဝေးဆုံးအချိန်မှာ အချိန်ကြာကြာ ပိုပြေးရမှာပါ။ ဒုတိယ ဝါဆိုလပြည့်ညမှာတော့ လက ကမ္ဘာနဲ့ အဝေးဆုံး အကွာအဝေးကို ရောက်ရှိနေပြီး အင်္ဂလိပ်လိုတော့ Apogee လို့ခေါ်ပါတယ်။ အဝေးဆုံးနေရာကို ရောက်နေတာကြောင့် အရွယ်အစားကလည်း မြင်ရတဲ့မြင်ကွင်းမှာ ပုံမှန်ထက် သေးငယ်နေမှာဖြစ်ပြီး အဝေးဆုံးပတ်လမ်းကြောင်းနဲ့ ပတ်နေရတဲ့အတွက် ပုံမှန်ထက် နှေးကွေးနေမှာဖြစ်ပါတယ်'' ဟု ဒေါက်တာသန့်ထူးအောင် ကပြောသည်။
MWD
No comments:
Post a Comment