ပူလောင်ပြင်းပြသည့်နွေအပူကို ကြောက်ရွံ့တတ်သည့် ကျွန်တော့်အဖို့ မိုးရာသီကာလကို နှစ်သက်ခဲ့သည်။ ကောင်းကင်တစ်ခွင်မှ တိမ်မဲညိုတို့ အုံ့ကာဆိုင်း၍ ရွာမလို ဟန်ပြင်သည်နှင့် ကျေနပ်ပျော်ရွှင်မိခဲ့သည်။ နံနက် နေပူ၊ ညနေရွာတတ်သည့် မိုးသဘာဝကြောင့် ပတ်ဝန်းကျင် တစ်ခွင် စွတ်စိုအေးမြသည့်အရသာကို နှစ်သက်ခဲ့ မိသည်။ မိုးတစ်ပြိုက် နေတစ်ပြိုက်ဖြင့် နေသာထိုင်သာရှိခဲ့ သည်။ တဖြောက်ဖြောက်ရွာသွန်းဖြိုးသည့် မိုးစက်မိုး ပေါက်များကြားဝယ် အတွေးနယ်ချဲ့တတ်သလို မိုးအေး အေးတွင် စာအုပ်စာပေတို့ဖြင့် ပျော်မွေ့ခဲ့ဖူးသည်။
ဤသည်မှာ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခု၊ သုံးခု မတိုင်မီကာလက မိုးဥတုသဘာဝနှင့် မိုးကိုချစ်သည့် ကျွန်တော်၏ ခံစားမှုဖြစ်သည်။ ယခုမိုးရာသီမှာ ဤသို့ မဟုတ်တော့ပြီ။ မိုးတစ်ပြိုက် နေတစ်ပြိုက်လည်းမဟုတ်။ စိုတစ်လှည့် ခြောက်တစ်လှည့်လည်းမဟုတ်။ ကောင်းကင် တစ်ခွင်တွင် တစ်နေ့လုံးအုံ့မှိုင်းငယ်ညိုပြီး ရွာချင်သလို ရွာခဲ့ပြီ။ တစ်ခါတစ်ရံတွင် သဲကြီးမဲကြီး၊ တစ်ခါတစ်ရံတွင် တဖွဲဖွဲနှင့် မိုးမစဲ။ ရှစ်ခွင်တိုင်းတစ်ခွင်တွင် မိုးရေတက်ရေ များဖြင့် ဖွေးဖွေးလှုပ်၍နေသည်။
ကျွန်တော်၏အတွေးများမှာ ယခင်ကလို မိုးအေး အေးတွင် စာအုပ်စာပေများနှင့်လည်း မမွေ့လျော်နိုင်။ မိုးအေးအေးတွင် အတွေးနွေးနွေးဖြင့် စိတ်ကူးတည့်ရာ ကိုလည်း အတွေးနယ်မချဲ့နိုင်။ ကျွန်တော်တွေးနေမိ သည်က သတင်းစာမျက်နှာများနှင့် လူမှုကွန်ရက်မျက်နှာစာ များပေါ်တွင် မြင်တွေ့နေရသည့် ရေတဖွေးဖွေးကြားမှ ရေဘေးဒုက္ခသည်များပင်။
ကျွန်တော်ချစ်သောမိုးသည် ယခင်လိုမဟုတ်တော့။ အပူဒဏ်ကို သက်သာအောင် ရွာသွန်းရုံသာမဟုတ်။ မိုးတအေးအေးနှင့် စိတ်နှလုံးမွေ့လျော်ဖွယ်လည်း မရွာ။ သောက်ရေ၊ သုံးရေ၊ စိုက်ရေးပျိုးရေး ဖူလုံလောက်ငရုံ လောက်လည်းမရွာသွန်း။ အငြိုးတကြီးနှင့် မရပ်မနား ရွာသွန်းဖြိုးသောအခါ ကျွန်တော်တို့ ပြည်သူအချို့ စားရေး သောက်ရေး၊ နေရေးထိုင်ရေး၊ သွားရေးလာရေးခက်ဖွယ် အစုံ ကြုံကြရသည်။ ရေဘေးဒုက္ခသည်များဘဝ ရောက်ကြ ရသည်။
အစောပိုင်းက မွန်၊ တနင်္သာရီ၊ နောက် ကရင် ပြည်နယ်နှင့်ရခိုင်၊ ယခုဆယ်စုနှစ်များစွာ ရေမတိုးခဲ့သည့် ပဲခူးမြစ်ရေတိုးလာပြန်၍ ရေဘေးဒုက္ခကြုံတွေ့ကြရသည်။ ရေဘေးသင့်ပြည်သူများ ရေဘေးလွတ်ရာသို့ ရှောင်ပြေး ကြရသည်။ ပြည်သူများရေဘေးသင့်သည်နှင့် သက်ဆိုင်ရာ နယ်မြေဒေသအလိုက်မှ အသင်းအဖွဲ့များ ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်တပ်ဖွဲ့များက အလျင်အမြန် ကူညီ ကြသည်ကိုတွေ့ရသည်။ ရန်ကုန်-ဘားအံ-မော်လမြိုင် လမ်းပိုင်းနှင့် ပတ်ဝန်းကျင်ဒေသများတွင် ရေဘေးအန္တရာယ် ကို ဆိုးဆိုးရွားရွားကြုံတွေ့နေရသည်။ ခရီးသွားများလည်း လမ်းခရီးတွင် ပိတ်မိနေကြသည်။
မိုးမှာဆက်လက်ရွာသွန်းနေဆဲဖြစ်၍ ယခုအချိန် အထိ ရေမကျသေးချေ။ နောက်သုံးရက်အထိ မိုးလေကြီး၍ မြစ်ရေတိုးဦးမည်ဟု သိရသဖြင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအတွက် စိတ်မသက်သာ ဖြစ်မိသည်။ မိုးများသည်နှင့် မြို့ရွာများတွင် ရေနုတ်မြောင်းများ မကောင်းခြင်း၊ ပိတ်ဆို့နေခြင်းတို့ကြောင့် ရေကြီးရေလျှံ ပိုမိုဖြစ်ကြရသည်။ မြစ်ချောင်းများမှာလည်း တိမ်ကော လာသဖြင့် ယခုနောက်ပိုင်းနှစ်ကာလများတွင် မြစ်ချောင်း မြောင်းများ ရေကြီးရေလျှံ ဖြစ်ပေါ်နေသည်မှာအစဉ်အလာ ကဲ့သို့ ဖြစ်နေသည်။ ရထားလမ်း၊ ကားလမ်းများရေနစ်မြုပ် မှုများမှာလည်း ထုံးစံလိုဖြစ်နေသည်။ မြစ်ချောင်းများအနီး ပတ်ဝန်းကျင်ရှိ အနိမ့်ပိုင်းကျေးရွာများမှာမူ မြေနိမ့်ရာလှံ စိုက်သကဲ့သို့ ဒုက္ခသည်ဘဝဖြင့် ရက်ရှည်နေထိုင်ကြ ရသည်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်တစ်ခွင် ရေကြီးသည်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရတာဝန်ရှိသူ များက ဖြစ်ပွားရာဒေသများသို့ အလျင်အမြန်လာရောက် ကူညီထောက်ပံ့ အားပေးနှစ်သိမ့်ခဲ့ကြသည်။ ဆိုင်ရာ ဆိုင်ရာ အဖွဲ့အစည်းဌာနများကလည်း နိုင်သည့်ဘက်မှ တတ်နိုင်သမျှကူညီပေးလျက်ရှိသည်။ တစ်ဆက်တည်းတွင် စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်နှင့် ဘီးလင်းမြစ်များ စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိ နိုင်ကြောင်း မိုးလေဝသက အသိပေးထားသည်။ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဘားအံမြို့နယ်၊ ပဲခူးမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် မဒေါက် မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင် ကြသူ ပြည်သူများအနေဖြင့် မြစ်ရေကြီးမှုဘေးအန္တရာယ်နှင့် တောင်ငူမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့အတွင်း မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်း၌ နေထိုင်ကြသော ပြည်သူများ အထူးသတိပြုနေထိုင်ကြရန် အကြံပြုထားသည်။
ရေကြီးရေလျှံမှုများမှာ ဖော်ပြပါဒေသများတွင် ဖြစ်ပွားနေပြီး နောက်ရက်များအတွင်း ဆက်လက်ရှိ နေဦးမည်ဖြစ်၍ အစိုးမရသော မိုးကိုစဲပါစေတော့ဟု ဆုတောင်းမိတော့သည်။ ပဲခူးမြစ်သည် နှစ်ပေါင်းများစွာ ရေမကြီးခဲ့သည်မှာကြာခဲ့ပြီဖြစ်သည်။ ယခုနှစ်တွင်မူယခင် နှင့်မတူ ထူးထူးကဲကဲမိုးများလာသောကြောင့် ပဲခူး မြစ်လည်း ရေကြီးရေလျှံ ဖြစ်လာပြန်သည်။ ပဲခူးမြို့ပေါ် နှင့်တကွ ပတ်ဝန်းကျင်ရပ်ရွာများအားလုံးနီးပါး ရေဖုံးလွှမ်း နေသည်ကို မြင်တွေ့နေရသည်။ ပြည်သူများအလုပ်ပျက် အကိုင်ပျက်၊ ကျောင်းသား ကျောင်းသူများ စာသင်ပျက် ဖြစ်ကြရသည်။ ပဲခူးရေကြီးမှုဖြစ်ပွားလျှင် ဖြစ်ပွားချင်း နိုင်ငံတော်သမ္မတနှင့် အစိုးရတာဝန်ရှိသူများက ရေဘေး ရှောင်စခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများ အား အားပေးစကားပြောကြားပြီး လှူဒါန်းထောက်ပံ့ငွေ များ ပေးအပ်ခဲ့သည်ကိုလည်း ဝမ်းမြောက်ဖွယ်တွေ့ရသည်။
ယခုနှစ်မိုးရာသီတွင် မိုးအလွန်ကောင်းနေသော ကြောင့် မြစ်ချောင်း အင်းအိုင် ချောင်းမြောင်းများ ရေလျှံပြီး အနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူအများ ရေဘေးဒုက္ခခံစားကြရသည်။ ဒုက္ခမျိုးစုံကြုံတွေ့ကြရ သည်။ ရေဘေးသင့်ပြည်သူများအတွက် စိတ်မကောင်း ဖြစ်ရသည်။ ကျွန်တော်ချစ်သော မိုးကို အပြစ်မမြင်၊ ကျွန်တော်ချစ်သောမိုးကို ဖောက်လွဲဖောက်ပြန်ဖြစ်အောင် ဖျက်ဆီးကြသူများကိုသာ အပြစ်မြင်မိသည်။ သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်းကြောင့် ရာသီဥတုဖောက်လွဲ ဖောက်ပြန်ဖြစ်ပြီး ကျွန်တော်ချစ်သောမိုးမှာ ရွာချင်သလို ရွာခဲ့ချေတော့သည်။ နောင်တွင်လည်း ရေကြီးရေလျှံ ဖြစ်မှုများ ဖြစ်နေဦးတော့မည်။
ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ကျွန်တော်တို့ ပေါ့ပေါ့တန်တန်နေ၍ မဖြစ်တော့ပြီ။ နှစ်စဉ်ကြုံတွေ့ နေရသည့် ရေဘေးအန္တရာယ်မှ ပြည်သူများ လွန်မြောက် နိုင်အောင် အဖြေရှာကြရတော့မည်။ ကြိုးပမ်းအားထုတ် ကြရမည်။ ကျွန်တော်ချစ်သောမိုး ပုံမှန်ရွာသွန်းဖြိုးပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် သဘာဝပတ်ဝန်းကျင် ကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့ အလေးအနက် တိုက်တွန်းချင်ပါသည်။
မောင်မောင်ကျော်
No comments:
Post a Comment