Latest News

Sunday, July 15, 2018

ကိုရီးယားကျွန်းဆွယ်ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရန် ဆွေးနွေးပွဲများ ကျင်းပသင့်ကြောင်း ပြုံယမ်းတောင်းဆို

ကိုရီးယားကျွန်းဆွယ်ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရန် ဆွေးနွေးပွဲများ ကျင်းပသင့်ကြောင်း ပြုံယမ်းတောင်းဆို


မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားလက်နက် စွန့်ပယ်ရန် ဖိအားများပေးခြင်းအပေါ် မြောက်ကိုရီးယားအစိုးရက အမေရိကန်နိုင်ငံအား ရှုတ်ချကြောင်းနှင့် ကိုရီးယားကျွန်းဆွယ်ဒေသတွင်း နိုင်ငံအချင်းချင်း တင်းမာမှုများကို အပြီးတိုင် အဆုံးသတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

မြောက်ကိုရီးယားနိုင်ငံပိုင်  ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှု အွန်လိုင်းအစီအစဉ်တွင် အမေရိကန်နိုင်ငံအား အထက်ပါအတိုင်း ရှုတ်ချခဲ့သည်။ ယင်းတိုက်ရိုက်ထုတ်လွှင့်မှုတွင် ယခုလအစောပိုင်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွမ်ပီယိုနှင့် မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ ဒုတိယဥက္ကဋ္ဌ ကင်ယောင်ချိုတို့ တွေ့ဆုံ ဆွေးနွေးခဲ့သည်ကို အလေးပေး ပြသခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယဥက္ကဋ္ဌ ကင်ယောင်ချိုတို့ ပြုံယမ်း၌ တွေ့ဆုံဆွေးနွေးစဉ် အမေရိကန်က ပြုံယမ်းအား နျူကလီးယားလက်နက် စွန့်ပယ်ရန် ပထမအဆင့်အနေဖြင့် တောင်းဆိုခဲ့ကြောင်းသိရသည်။

ပြုံယမ်းက ကိုရီးယားကျွန်းဆွယ်ဒေသတွင်း တည်ငြိမ်အေးချမ်းမှုလမ်းစဖော်ဆောင်ပေးသည့်တိုင် အမေရိကန် အနေဖြင့် တည်ငြိမ်အေးချမ်းမှုကို အလေးပေးလုပ်ဆောင်ခြင်းမရှိသည့်အတွက် အမေရိကန်နိုင်ငံအား ပြုံယမ်းက ရှုတ်ချခဲ့သည်။ ကိုရီးယားကျွန်းဆွယ်ဒေသတွင်း တင်းမာမှုများ လျှော့ချနိုင်မှသာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည်ဟု အဆိုပါရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်က ဆက်လက်ဖော်ပြခဲ့သည်။

အမေရိကန်အနေဖြင့် နှစ်နိုင်ငံယုံကြည်မှုနှင့် အပြန်အလှန်လေးစားမှုများကို ရှေးရှုကာ သိသာထင်ရှားပြီး အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ဆောင်သင့်ကြောင်း အဆိုပါရုပ်သံတင်ဆက်  မှုတွင် ဖော်ပြခဲ့သည်။

အမေရိကန်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းခဲ့သည့် ကိစ္စရပ်များကို အကောင်အထည် ဖော်ဆောင်ရန် နှောင့်နှေးမှုများရှိနေသေးကြောင်း ယခုရုပ်သံတင်ဆက်မှုက ပြသခဲ့သည်ဟု နိုင်ငံရေးစောင့်ကြည့် လေ့လာသူများက ဆိုသည်။

ပြုံယမ်းအနေဖြင့် နျူကလီးယားလက်နက်စွန့်ပယ်ပြီးသည့်တိုင် ပြုံယမ်းအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို အမေရိကန်က ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံအကြား အပြန်အလှန် လေးစားယုံကြည်မှုဖြစ်စေသည့် လုပ်ဆောင်ချက်များကို ပထမဦးစွာ အကောင် အထည်ဖော်ဆောင်သင့်သည်ဟု မြောက်ကိုရီးယားအစိုးရက ဆိုသည်။                           

Mirror

No comments:

Post a Comment