ရန်ကုန် ဇူလိုင် ၂၆
ယခုပညာသင်နှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) တို့၌ ၀င်ခွင့်လျှောက်ထားသူများပြားသော်လည်း ယင်းတက္ကသိုလ်နှစ်ခုအတွက်ကျောင်းသား၊ ကျောင်းသူ ၁၄၀၀ ဦးခန့်သာခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) တာဝန်ခံပါမောက္ခချုပ် ဒေါက်တာထွန်းအောင်ထံမှသိရသည်။
ယခုနှစ်တွင် စနစ်သစ်တက္ကသိုလ်ဝင်ခွင့်နှင့်အတူ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) နှင့် (လှိုင်နယ်မြေ) တို့၌တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဇွန်တတိယပတ်မှ ဇူလိုင်တတိယပတ်အထိလက်ခံခဲ့ပြီးဖြစ်သည်။
"ဒီနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်တဲ့အထဲက ကျွန်တော်တို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်အနေနဲ့ နယ်မြေနှစ်ခုအတွက် ကျောင်းသားတွေကို ခေါ်ယူပါမယ်။ရွာသာကြီးနယ်မြေအတွက် ကျောင်းသားဦးရေ ၁၂၀၀ ခေါ်ယူမှာဖြစ်ပြီး လှိုင်နယ်မြေအတွက် ၂၀၀ ဦးခေါ်ယူမှာပါ။
ကျွန်တော်တို့ တက္ကသိုလ်အပါအ၀င်တက္ကသိုလ် ၁၁ ခုက ကိုယ့်အစီအစဉ်နဲ့ကိုယ်လက်ခံတယ်။ စိစစ်ရွေးချယ်ပြီးခေါ်ကြတယ်။ ဒီအပေါ်မှာ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်အပြင် နှုတ်ဖြေရမှတ်ကိုပါပေါင်းထည့်ပြီး စိစစ်ရွေးချယ်မှာပါ" ဟု ဒေါက်တာထွန်းအောင်ကပြောသည်။
ယခုနှစ် ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ၀င်ခွင့်အမှတ်ကို အနည်းဆုံးတက္ကသိုလ်ဝင်စာမေးပွဲရမှတ် ၄၀၀ ရရှိရမည်ဖြစ်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ) အတွက် တက္ကသိုလ်ဝင်စာမေးပွဲရမှတ် ၄၅၀ သတ်မှတ်ထားသည်။
ထို့ပြင် လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်သည်။သတ်မှတ်ချက်အတိုင်း အောင်မြင်မှသာ ယင်းတက္ကသိုလ်များ၌ တက်ရောက်ခွင့်ရှိမည်ဖြစ်ပြီး ဘွဲ့ကြိုအတွက် လေးနှစ်တက်ရောက်ရမည်ဖြစ်သည်။
"ဒီလိုစနစ်တွေ ပြောင်းလဲသွားတဲ့အတွက်ကိုယ်တက်ချင်တဲ့ ကြိုက်တဲ့ကျောင်း၊ကြိုက်တဲ့တက္ကသိုလ်ကို လျှောက်လို့ရပြီပေါ့။အမှတ်အပြင် နှုတ်ဖြေပါပါလာတော့ စိတ်ဝင်စားလို့ ကြိုးစားချင်စိတ်ရှိတဲ့သူတွေအတွက် အခွင့်အလမ်းတွေ ပိုပြီးရလာတာပေါ့" ဟု ဒေါက်တာထွန်းအောင်ကပြောသည်။
ယခုအခါ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ၌ ဆရာ၊ ဆရာမစုစုပေါင်း ၂၅၀ ဦးနှင့် ၀န်ထမ်း ၂၅၀ ဦးဖြင့် ပထမနှစ်မှ စတုတ္ထနှစ်အထိ စာသင်နှစ်အလိုက် သင်ကြားပေးနေကြောင်း သိရသည်။
MWD
No comments:
Post a Comment