Latest News

Monday, July 30, 2018

အခါကြီးရက်ကြီး

အခါကြီးရက်ကြီး


မန္တလေးသည် ပဉ္စမသင်္ဂါယနာတင်ခဲ့သော မင်းတရား
ကြီး တည်ထားခဲ့သည့်မြို့မို့ ဘာသာသာသနာ ထွန်းပ
ရောင်လျှံ ထိန်ခဲ့သည်။ ၁၂၄၇ ခုနှစ်နောက်ပိုင်း ဘာသာ
သာသနာညှိုးနွမ်းပြီး မန္တလေး၏ ကြီးမားထင်ရှားလှ သည့်   ဘုန်းကြီးကျောင်းတိုက်ကြီးများမှ   တိုက်နေ သံဃာတော်များပင်  မန္တလေးကိုစွန့်ခွာကာ မြို့နယ် ကျေးလက်များဆီ  တိမ်းရှောင်ကြရသည်။ ထိုအခြေ
အနေတွင် အမြော်အမြင် ကြီးမားသော မြို့မိမြို့ဖကြီး
များကဦးဆောင်၍ ဘာသာရေး၊ သာသနာရေး အသင်းကြီးများ ဖွဲ့စည်းပြီး ပြန်လည်ခုခံကာကွယ်ကာ မူလအခြေ
မပျက်အောင် ကြိုးစားခဲ့ကြ၏။

မန္တလေး၏ ပြတိုင်းစေ့

ဤသို့ ကြိုးပမ်းခဲ့ကြမှုကြောင့်လည်း  ၁၂၆ဝ ပြည့်နှစ်
ဝန်းကျင် မန္တလေးသည် ယခင် ရတနာပုံနေပြည်တော်
ခေတ်ကို   မမီစေကာမူ   ဘာသာရေး၊
ယဉ်ကျေးမှုနှင့် ပတ်သက်၍ ကြံ့ခိုင်တောင့်
တင်းခဲ့သည့် အနေအထားသို့ ရောက်ရှိခဲ့
သည်။  မန္တလေးတွင် ကြီးမားခံ့ထည်သော
ဘုန်းကြီးကျောင်း တိုက်ကြီးများ၌ ရဟန်း
တော်များ    ပြန်လည်စိုပြည်လာသည်။
နံနက်အရုဏ်တက်သည်နှင့်  မန္တလေး၏
ပြတိုင်းစေ့တွင် ဆွမ်းခံထိုင် ကိုယ်တော်
များဖြင့် ဝါဝါထိန်ခဲ့သည်။ အိမ်များတွင်
ဆွမ်းခံထိုင်ကိုယ်တော်များ၊ ရပ်ကိုယ်တော်
များအပြင် ပြထိပ်ဝင်းထိပ်ထွက်ပြီး အိုးကြီး၊
အိုးငယ်အသွယ်သွယ်နှင့် ဆွမ်း၊ ဆွမ်းဟင်း
လောင်းလှူကြသည်။    ရပ်ကွက်အတွင်း
စုစည်း၍လည်း ဘုံဆွမ်းကို တစ်ပတ်တစ်ကြိမ်
အနည်းဆုံး လောင်းလှူကြ၏။

ဝါတွင်း ဝါပတ်

ဥပုသ်နေ့ဆိုလျှင် မနက်မိုးမလင်းမီကတည်းက နိဗ္ဗာန်ဆော်၏နှိုးဆော်သံ၊ ပရိတ်ရွတ်သံ၊ ကြေးစည်သံများစည်ဝေခဲ့သည်။ ဝါတွင်း ဝါပတ်ဥပုသ်နေ့တိုင်းသည်  မန္တလေး၏ အထင်ကရအလုပ်ပိတ်ရက်၊ ဆိုင်ပိတ်ရက်
များဖြစ်၏။ ဥပုသ်နေ့တွင် ဆိုင်ပိတ် အလုပ်နားခြင်းကိစ္စမှာ  မန္တလေး၌ ထုထည်အင်အားကြီးမားလှသဖြင့် အခြား
ဘာသာခြားများသည်ပင်လျှင် အပြန်အလှန်လေးစား
ကာ ဥပုသ်နေ့ကို အလုပ်ပိတ်ရက်အဖြစ်နားနေခဲ့ကြ သည်။ ထိုစဉ်က ဘာသာခြားများကိုယ်တိုင်ကလည်း အယူအဆအစွဲအလမ်း မကြီးမားကြဘဲ လူမျိုးနှင့် တိုင်းပြည်၏ ရိုးရာဓလေ့များကို နှစ်နှစ်သက်သက်လိုက်
နာစောင့်ထိန်းခဲ့ကြသည်။ ယခင်  မန္တလေးဈေးချိုတော် အရှေ့ဘက်တိုက်တန်းကြီး ဆိုင်နံပါတ် ၂၈ ယ၊ ၂၉ယ၊ ၃ဝ ရှိ 'ဖွာဇူလာနန်ဂျီ' ပန်းကန်ဆိုင်မှ ပန်းကန်သည် ဒေါ်မြသည် ဘာသာခြားပေမင့် ဘုန်းကြီး၊ ရဟန်းနှင့် ရိုးရာဓလေ့အပေါ် သိတတ်ရိုသေလိုက်လျောတတ်လှ
သည်မှာ စံနမူနာပြလောက်သည်ဟုဆို၏။

ဝါတွင်း ဥပုသ်နှင့် အရုဏ်တော်

မန္တလေးမှာ ယခင်က အရုဏ်တော်အသင်းကြီးများ ရပ်ကွက်တချို့တွင် ရှိခဲ့ဖူးသည်။ အစောဆုံး အရုဏ်တော်
အသင်းကြီးကတော့ မြောက်ပြင်က 'မီးပြအရုဏ်တော် ကြီး' ဖြစ်မှာပေါ့။ 'မီးပြ အရုဏ်တော်' က မဟာမုနိဘုရား
ကြီး အမရပူရမြို့သို့ ရခိုင်ပြည်နယ်မှ သယ်ယူပင့်ဆောင် သောအခါ ရှေ့ပြေး 'မီးပြ' ပေးရသော အသင်းအဖွဲ့ဖြစ်သည်ဟု ဆို၏။ မန္တလေးမှာ ဥပုသ်တော်ရပ် အရုဏ်တော်၊ မီးပြအရုဏ်တော်၊ ရွှေလှံအရုဏ်တော်၊ မိတ္တ
အရုဏ်တော်၊ ပေါက်ပေါက်တန်း အရုဏ်တော်များ
စသည်ဖြင့် ရှိခဲ့ဖူးပါသည်။ ယခု မိကျောင်းတံတားလမ်း ပေါ်က မိတ္တအရုဏ်တော် အသင်းကြီးကတော့ ယနေ့ထက်တိုင် တည်မြဲရှင်သန်နေဆဲဖြစ်ပါသည်။

အရုဏ်တော်အသင်းအဖွဲ့များသည် ရှေးမြန်မာ ရှင်ဘုရင်များ ထွက်တော်မူသည့်အခါ ပါဝင်မည့် ကျိုင်း၊ သိုင်း၊ တံခွန်၊ အလံ၊ ရွှေယပ်၊ ငွေယပ်၊ ကွမ်းတောင်၊ ပန်းတောင်စသည့် အဆောင်အယောင်များအတိုင်း စနစ်တကျ အစီအစဉ်အတိုင်း ထည့်သွင်းကာ ကြေးစည်၊ ထိုးနရီ၊ မောင်းစည် စသည့်တူရိယာပစ္စည်းများလည်း ပါဝင်၏။ ထို့ပြင် ဆိုင်းထမ်းကြီးများဖြင့် ရွှေဆွမ်းအုပ်၊ ငွေဆွမ်းအုပ်၊ မြသပိတ်၊ ရေတော်၊ ပန်းတော်များလည်း ပါရှိသည်။

အရုဏ်အဖွဲ့များသည်   ဝါတွင်းကာလရောက်
သောအခါ ပထမဆုံးဥပုသ်နေ့ဖြစ်သော ဝါဆိုလပြည့်
နေ့ကို မဟာမုနိ၊ ဒုတိယ ဥပုသ် ဝါဆိုလပြည့်ကျော် ၈ ရက်ကို ရွှေကျီးမြင်၊ တတိယဥပုသ် ဝါဆိုလကွယ် အိမ်တော်ရာ စသည်ဖြင့် ဥပုသ်နေ့တိုင်း အစီအစဉ် ဆွဲထားသည့် ဘုရားစေတီများသို့ နံနက် အရုဏ်
မတက်မီ ၃ နာရီခွဲလောက်မှစ၍ ဆီမီးတထိန်ထိန်၊ ကြေးစည်သံ တဝေဝေ၊ ထိုးနရီသံ မောင်းသံတဒူဒူဖြင့် တံခွန်ကုက္ကား၊ ကျိုင်း၊ ကသိုင်း၊ အောင်လံများ လွှင့်ထူကာအရုဏ်ဆွမ်း ကပ်ကြ၊ ဝတ်တက်ကြသည်။ နံနက် ၆ နာရီခန့်တွင် ဝတ်တက်ပြီးသောအခါ ထွက်လာစဉ်က အစီအစဉ်အတိုင်း အရုဏ်တော်အဖွဲ့ကြီး ပြန်လာကြသည်။

မြို့သူမြို့သား၊ ရက်ကွက်သူ ရပ်ကွက်သားတွေက ဆွမ်းကပ်ပြန်လာသော အရုဏ်တော် အဖွဲ့ကြီး နံနက်
စောစောတွင် ကျက်သရေရှိတာ လှည့်လည်လာသည်ကို
ကြိုဆိုစောင့်ကြည့်ကြ၏။ အရုဏ်တော်အဖွဲ့တံဆိပ်နှင့် စာတန်းပါ ကတ္တီပါဆိုင်းဘုတ်ကြီးကို ဝတ်ဖြူစင်ကြယ်
ဝတ် လူငယ်နှစ်ဦးက ကိုင်ဆောင်ပြီး ¤င်းနောက် သာသနာ့အောင်လံများ၊ ရောင်စုံတံခွန်အလံများ၊ ယင်း နောက် အရုစ်တော်အဖွဲ့ နိဗ္ဗာန်ဆော်၊ ¤င်းနောက် အသင်းလူကြီးများက ရွှေစလွယ်၊ ငွေစလွယ်များဖြင့် မြသပိတ်၊ ရွှေဖလား၊ ငွေဖလားများ ပိုက်လျက် ယင်း
နောက် ထမ်းစင်ဖြင့် ပင့်ဆောင်လာသော ဗုဒ္ဓရုပ်ပွား
တော်၊ ယင်းနောက်၊ ကျိုင်းကိုင်၊ သိုင်းကိုင်၊ ရေတော်၊ ကွမ်းတောင်ကိုင်များ၊ ယင်းနောက် ကြေးစည်ထိုးနရီ၊ ရွှေမောင်း၊ ငွေမောင်းများ၊ ယင်းနောက် ပန်းကိုင် အရုဏ်
တော်အဖွဲ့သားများ၊ စနစ်တကျ လှည့်လည်ကြခြင်းဖြစ်သည်။

ဥပုသ်ပိတ်သော အစဉ်အလာ

ထို့ကြောင့်  မန္တလေးတွင် ထိုစဉ်ကတည်းက ဥပုသ်နေ့
ဆိုလျှင် ဆိုင်ပိတ်ရက်၊ အလုပ်ပိတ်ရက်များအဖြစ် အစဉ်တစိုက်လေးစားခဲ့သည်။ အစိုးရနှင့်ဆိုင်သော အရောင်းဆိုင်များပင်လျှင် စနေ၊ တနင်္ဂနွေမပိတ်ကြဘဲ ဥပုသ်သာပိတ်သော အစဉ်အလာလည်း ရှိခဲ့ဖူးသည်။ ၁၃ဝဝ ပြည့်ကာလ နယ်ချဲ့ဆန့်ကျင်ရေးဒီရေ ပြင်းထန်
နေသောကာလတွင်  မန္တလေးဈေးချိုတော်၌ ပုဒ်မ ၂၇ (၇)
ထုတ်ပြန်လိုက်သဖြင့် ဈေးချိုကို သပိတ်မှောက်ကာ
ဈေးချိုအနောက်ဘက် အိမ်တော်ရာဘုရားဝင်းအတွင်း
ဈေးထွက်ကြသောအခါ ဈေးချိုတော်ရှိ ဘာသာခြား
များကပင် အားတက်သရောလိုက်ပါဈေးထွက်ကာ
'အိမ်တော်ရာဘုရားဈေး' အား ကြီးကြပ်ကွပ်ကဲသည့် ဘုန်းကြီး၊ ရဟန်းများ၏အစီအမံနှင့် ပူးပေါင်းပါဝင်ခဲ့
ကြ၏။

ဆိုလိုသည်မှာ  မန္တလေးသည် ဥပုသ်နေ့ကို အား
လပ်ရက်အဖြစ်သတ်မှတ်ကာ ဘာသာသာသနာနှင့်
ဆက်စပ်ပတ်သက်သည့် ကုသိုလ်ရေးကိစ္စများကို ဆက်တိုက်ဆောင်ရွက်ခဲ့သည့် အစဉ်အလာသည်
သံမဏိသား၊ ကျောက်သားကျောက်စိုင်ကြီးအလား
ခိုင်ခံ့ဝင့်ထည်ခဲ့သည်။ ကဆုန်လပြည့်၊ သီတင်းကျွတ်
လပြည့်၊ တန်ဆောင်မုန်းလပြည့်၊ တပို့တွဲလပြည့်၊
တပေါင်းလပြည့်ကဲ့သို့သော အခါကြီး၊ ရက်ကြီးများ
ဆိုလျှင် တစ်မြို့လုံးရှိ ဆိုင်တံခါး၊ အလုပ်တံခါးအားလုံး ပိတ်ကာ မန္တလေးတောင်၊ မဟာမုနိဘုရားကြီး၊ ရန်ကင်းတောင်၊ ရွှေကျီးမြင်၊ သကျသီဟ၊ အိမ်တော်ရာ၊ ရှင်ပင်ပက်လက် ရေစက်လက် စသောဘုရားများ၌ စည်ကားခဲ့သည်။ ကဆုန်လပြည့်နေ့တွင် ရွှေကြက်ယက်၊ ရွှေကြက်ကျ၊ ဗောဓိကုန်းတို့ တိုးမပေါက်၊ စတုဒိသာများ၊ တီးဝိုင်းများ၊ ညောင်ရေသွန်း  လှည့်လည်ပွဲများဖြင့်
ယဉ်ကျေးသိမ်မွေ့လှသည်။ ဝါဆိုလပြည့်နေ့မှာရော လူတိုင်းလက်မှာ   ဝါဆိုပန်းစည်းလေးတွေကိုင်ကာ  မန္တလေးတောင် ခြင်္သေ့ကြီးနှစ်ကောင်အတက်တွင် ပြည့်ကျပ်နေသည်။ မဟာမုနိဘုရားကြီးတွင်လည်း
အရုဏ်တက်  မျက်နှာသစ်တော်ရေအမီ နရည်းဗုံ
တောင်တီးသံကြားသည်နှင့် ဂန္ဓကုဋီတိုက်တံခါးဝ၌ ကျိတ်ကျိတ်တိုးစည်ကားနေ၏။ လူရွယ်လူငယ်
အားလုံးမှာ သေသပ်သောဆံပင်၊ မြန်မာဆန်ယဉ်ကျေး သော အဝတ်အစားများဖြင့် တစ်ဦးနှင့်တစ်ဦး လေးစား
ချစ်ကြည်စွာ ဘုရားသွားကျောင်းတက်ကြသည်။

ပြည့်ဝန်းသောလပြည့်၏အေးမြမြလရောင်အောက်မှာ

သီတင်းကျွတ်လပြည့်နေ့ကား ကျောက်တော်ကြီး
ဘုရားပွဲဖြင့် ပျော်ပွဲရွှင်ပွဲပါဝင်သော်လည်း စန္ဒမုနိဘုရား
စိန်တောင်ဝန်းရံသည့် ရင်ပြင်တွင် နာနတ်ယို၊ စွံပလွန်
ယို၊ ဆီးဖြူသီးငါးပိကြော်၊ ရေနွေးကြမ်းတို့ဖြင့် လုံမပျို
များက ဧည့်ခံ၊ လုလင်လေးများက ယဉ်ကျေးစွာ စား
သောက်ရင်း လူငယ်ဘာသာဘာဝ ရင်ခုန်ကြည်နူးခဲ့
ကြ၏။ ပြည့်ဝန်းသောလပြည့်၏ အေးမြမြလရောင် သည် အမှတ်ရဖွယ်ညချမ်းအဖြစ် သိမ်မွေ့စွာ ကန့်လန့် ကာဖွင့်ပေးခဲ့သည်။

တန်ဆောင်မုန်းလပြည့်နေ့မှာရော  မန္တလေး၏ပြတိုင်းစေ့ ကထိန်တွေမှာ
လှူကြတန်းကြ၊ တီးဝိုင်း၊ အငြိမ့်များ ကပြ
ကြ၊ ကြည်နူးကြ။ တန်ဆောင်မုန်းလဆန်း
၁၄ ရက်နေ့ (အဖိတ်နေ့)တွင် နေ့လယ်
စာ စောစောစားသောက်ပြီး စစ်ကိုင်းသို့
ကူးကြသည်။ စစ်ကိုင်း-မန္တလေးကား  လမ်းမ
ကြီးတွင် ကားတွေအားလုံး အနောက်
ဘက်ကမ်းဆီ ဦးတည်ကြသည်။ တံတား
အတက် ရွှေကြက်ယက်လမ်းခွဲကတည်း
က များပြားလှသည့် ကထိန်ကားတွေ
က အတောင့်လိုက်ဖြစ်နေသည်။ တံတား
ပေါ်မှာလည်း ကားတန်းကြီးမဆုံးသေးပေ။
ထိုကားတန်းကြီးသည် တောင်ရိုးသရက်
ပင်ဆိပ်ထိ အဆက်မပြတ်တော့၊ အဖိတ်
နေ့ညချမ်း စစ်ကိုင်းတောင်ပေါ် ကားသံ၊ လူသံ၊ တူရိယာ
သံ၊ အသံချဲ့စက်အသံတို့ဖြင့် စီစီညံလို့။ အလင်းပေါက်
တောင်ရိုးရှိ ချောင်တိုင်းကို လှည့်ပတ်သွားလာကြ
သည့် မိန်းမပျိုလေးတိုင်း မှဲ့တစ်ပေါက်မစွန်းခဲ့၊ စောင့်ရှောက်ကြ၊ ကူညီကြသည်။

ပုညရှင်ရင်ပြင်၊ ဥမင်သုံးဆယ်ရင်ပြင်များတွင် ဝိုင်းဖွဲ့
သီချင်းဆိုတီးမှုတ်ကခုန်ကြ၏။ လပြည့်နေ့ ကထိန်
သင်္ကန်းကပ်၊ ရေစက်ချပြီးမှ  မန္တလေးပြန်ကြသည်။ ထိုညမန္တလေးမှာ ပြတိုင်းစေ့မုန့်လုံးရေပေါ်ကျွေးကြသည်။ ပံ့သကူပစ်ကြသည်။ တစ်ပြဝင်တစ်ပြထွက် ခြေ
ကျင်အုပ်လိုက် ပျော်ပျော်ပါးပါးမုန့်လုံးရေပေါ်စားကြ၊ ပံ့သကူရှာကြ၊ ကျီးမနိုးပွဲကို သိမ်မွေ့စွာကစားကြနှင့်လင်းသည်အထိ။


အခါကြီးရက်ကြီး

သည်ဘက်နှစ်ပိုင်းတွေမှာ  မန္တလေး၌ ဥပုသ်နေ့
ပိတ်သော ဆိုင်တွေ၊ အလုပ်တွေ အလွန်နည်းပါးသွား သည်။ မြို့ခံတွေလောက်သာ သည်အစဉ်အလာကို
မပျက်မယွင်း  စောင့်ထိန်းကြ၏။ မြို့ခံတွေကလည်း
ဆင်ခြေဖုံးမှာ မြို့သစ်တွေမှာဆိုတော့ လူမြင်ကွင်း မြို့
လယ်ကောင်တွင် ဥပုသ်ပိတ်သော ဆိုင်မရှိသလောက်ရှား
သွား၏။ ဝါတွင်း အရုဏ်တော်အသင်းများလည်း အနည်းငယ်သာကျန်တော့ရာ မနည်း အားခဲ အသက်
ဆက်နေကြရ၏။ ဝါတွင်းဥပုသ်နေ့တွင် မနက်စောစော ဓမ္မာရုံပြေးကာ သီလယူ၊ ထို့နောက် လုပ်ငန်းခွင်ဆီသို့ ကိုယ်စီ အရောက်ပြေးကြရသည်ချည်း။ ဝမ်းတစ်ထွာ
အရေးက နိစ္စဓူဝ ထက်ကြပ်မကွာ ရိုက်ပုတ်နေသည့်
သဘော။ သည်တော့လည်း ဝါတွင်းဝါပတ် မပြောပါ
နှင့် အခါကြီး၊ ရက်ကြီး လပြည့်လိုနေ့မျိုးပင်လျှင် ဆိုင်
ဖွင့်ဈေးရောင်း သွားလာရောင်းဝယ်ကြကာ မသိလိုက်
မသိဘာသာ ဖြတ်သန်းသွားကြသည်။ တစ်ခုတော့ရှိ သည်။ တရုတ်နှစ်သစ်ကူးဆိုလျှင်တော့ ဘာမှဝယ်မရ တော့၊ ရောင်းမရတော့၊ အားလုံးရပ်နား၊ တိတ်ဆိတ်၊ လမ်းပေါ်ရှင်းလင်း။

တကယ်တော့  မန္တလေး၊  မန္တလေးနှင့် တသသ
လုပ် လွန်းလှသော မိမိကိုယ်တိုင်ပင် 'အခါကြီး ရက်ကြီး'
ဟူသော သတ်မှတ်ချက်များ ပျောက်ကွယ်ခဲ့ သည့်ကာလ
အတော်ရှည်ကြာခဲ့ပေပြီ။

ဆူးငှက်

No comments:

Post a Comment