Latest News

Monday, July 30, 2018

ဘိလပ်ပြည်သား မြန်မာ့သူရဲကောင်း

ဘိလပ်ပြည်သား မြန်မာ့သူရဲကောင်း

ME  (ယူကေ)

'စစ်မှုထမ်းကောင်းဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားလေး ကျင်းပမလို့ လေးလေး။ မြန်မာအသိုင်းအဝိုင်းက လူကြီး
တစ်ဦးအနေနဲ့ တက်ရောက်ပေးပါ လေးလေးခင်ဗျ'လို့ ဆိုပြီး ကျွန်တော့်ရဲ့ညီလို တူသားလို ရင်းနှီးခင်မင်သူက ဖိတ်ကြားလာပါတယ်။ ထူးထူးထွေထွေ ပြန်မမေးတော့ ပါဘူး။ 'အေးပါကွာ တက်ရတာပေါ့လို့'  တိုတိုပဲ ပြန်
အဖြေပေးလိုက်တယ်။ သူက ပွဲတိုင်းလိုလို ကျွန်တော့်
အား မပျက်မကွက် ဖိတ်ကြားတတ်သူ၊ ကျွန်တော်သာ တက်ရောက်ဖို့ ပျက်တဲ့အခါ ပျက်နေပြီး ဒီတစ်ခါတော့
သူပြောတဲ့ရက်မှာ  ကျွန်တော်လည်း အားနေ၊ ပင်စင်စား
တစ်ဦးပဲ အားရမှာပေါ့ ပြောလိုက ပြောနိုင်မည် ဖြစ်သော်
လည်း   ကျွန်တော့်မှာကား   မြေးနှစ်ဦး ရှိသည်။
သမီးငယ်က    မွေးထားသော    သားနှစ်ဦးပင်။  ဒီမြေး
နှစ်ယောက်ကြည့်ရတာ ကျွန်တော့်မှာ အလုပ်တစ်ခု
မက နှစ်ခုပင် ဖြစ်နေတော့တာပဲ။

အဲဒီနေ့က  လမ်းမှာလာရင်း   လန်ဒန်မြို့ရဲ့ ပြောစမှတ်တစ်ခုဖြစ်တဲ့   ယာဉ်ကြောပိတ်ဆို့မှုကြီးထဲမှာ   ကျွန်တော်တစ်ယောက်   ပိတ်မိနေပါပြီ။
ပွဲချိန်ကစတော့မယ်။ ဒီယာဉ်တန်းနဲ့တော့  ဘယ်လိုမှ
အချိန်မီရောက်ဖို့မမြင်။   အေးအေးလူလူ  အချိန်ကိုက်
ထွက်လာမိတာ  ငါ့အမှားပဲဟု ရေတွက်မိပါတယ်။
အင်း ...ခုမှ ပွဲအကြောင်း ဂဃနဏ မမေးမိလိုက်တာ
ခက်တော့တာပဲဟုလည်း  တွေးမိလိုက်တယ်။  သြော်
ကိစ္စမရှိလောက်ပါဘူး၊  စစ်မှုထမ်းကောင်းတံဆိပ်နဲ့
ငါနဲ့ ဘာဆိုင်တာမှတ်လို့၊ ငါက အငြိမ်းစားဆရာဝန်
အားလပ်ချိန် ဝါသနာအရ  စာလေးဘာလေးရေးတဲ့
စာရေးဆရာ   ငါ့ကိုခင်လို့    သက်သက်ဖိတ်တဲ့ပွဲပဲ
ဖြစ်မှာပါဟု တစ်ကိုယ်တည်း ဖြေသိမ့်လိုက်သည်။

ထင်သည့်အတိုင်းပင် ပွဲပြီးချိန်နီးကာမှ ကပ်ရောက်
သွားပါတယ်။  ရုံးဝန်ထမ်းအားလုံးကတော့ ကျွန်တော့် အား 'ပြုံးရွှင်စွာပင် ဆီးကြိုကြတယ်။ သို့သော် နောက်ကျ
မှ ရောက်လာရသည်မို့ မျက်နှာ ဘယ်ထားရမှန်းမသိ။
အခန်းထဲက    လူတွေအားလုံး    ပွဲမပြီးခင်လေး
စကားလက်စသတ်နေကြပြီး      ကျွန်တော့်တူက
ကျွန်တော့်လက်ကိုဆွဲကာ    မိတ်ဆက်ပေးမလို့ဟု
ဆိုပြီး လူတစ်ဦးထံ ခေါ်သွားပါတယ်။    အရပ်ရှည်ရှည်
အသားဖြူဖြူဘိုတစ်ဦးပင်။       ရင်ဘတ်မှာ
လည်း တံဆိပ်ကြီးတွေနဲ့။ အဲ သေချာကြည့်တော့မှ လွတ်မြောက်ရေးတံဆိပ်နဲ့ နိုင်ငံတော်စစ်မှုထမ်းတံဆိပ်
တွေကို တပ်ဆင်ထားတာတွေ့ရတယ်။ ထိုအချိန်ကျမှ
သိလိုက်သည်။ သြော် ဆုပေးတာအင်္ဂလိပ်စစ်ဗိုလ်ကြီး တစ်ယောက်ကို ပေးတာကိုး။ သူကပဲ စတင်မိတ်ဆက်
သည်။ သူ့အမည်မှာ ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) Desmond
George Stephen Vertannes   ဖြစ်ကြောင်း၊  မြန်မာ့
တပ်မတော်မှာ  အမှုထမ်းဆောင်ခဲ့တဲ့အတွက်  တပ်
မတော်က  ¤င်းအား   ယခုလို   စစ်မှုထမ်းတံဆိပ်နှစ်ခု
ချီးမြှင့်ခဲ့တာကို ဝမ်းသာဂုဏ်ယူမဆုံးကြောင်း၊ လန်ဒန်
မြို့  မြန်မာသံရုံးမှာ  အခမ်းအနားနဲ့တကွ  စီစဉ်ပေး
ကြတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဦးကျော်
စွာမင်းနဲ့ စစ်သံမှူး  ဗိုလ်မှူးချုပ်  တင်မောင်ဆွေတို့ကို
လည်း ကျေးဇူးအထူးတင်ရှိကြောင်း၊   မြန်မာသံရုံး အဆောက်အအုံမှာလည်း  လန်ဒန်မြို့ရဲ့ သမိုင်းဝင်ရှေးဟောင်း အဆောက်အအုံတစ်ခုအဖြစ် မှတ်တမ်းတင်ထားတယ်လို့  သိရှိရပါကြောင်း၊ ဒီနေ့ဟာ  သူ့အတွက်
တော့  မမေ့နိုင်တော့မယ့်  အမှတ်တရနေ့လေးဖြစ် ကြောင်း၊ မြန်မာပြည်ကိုလည်း  မကြာခဏ  သတိရလျက်ရှိကြောင်းစသည်ဖြင့် သီကာပတ်ကုံး မရပ်မနား ပြောနေပါတော့တယ်။    ကျွန်တော့်တူတစ်ဖြစ်လဲ သံအမတ်ကြီးက ပြုံးပြုံးနဲ့ပဲ  နားထောင်ပြီးနောက် ကျွန်တော်နဲ့ မိတ်ဆက်ပေးပါတယ်။ ကျွန်တော်လည်း သူ့ အကြောင်း သေသေချာချာ မသိပါဘဲလျက် စစ်မှုထမ်း
ကောင်းတံဆိပ်ရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်
မိကြောင်း၊ ယာဉ်ကြောပိတ်မိနေသည့်အတွက် နောက်
ကျသွားတာ တောင်းပန်ကြောင်းဖြင့် လောကွတ်စကား ပြန်ဆိုရပါတယ်။

အခမ်းအနားက ပြီးဆုံးသွားပါတယ်။ ဧည့်သည်တွေ
ကလည်း ပြန်ကြပြီ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့်
အခုမှ အစပျိုးပါတယ်။  မြန်မာ့တပ်မတော်မှာ စစ်မှု ထမ်းခဲ့တဲ့ အင်္ဂလိပ်စစ်ဗိုလ်ကြီးဆိုတာ   ကျွန်တော့် အတွက်တော့ စိတ်ဝင်စားဖွယ်အပြည့်။ သူက ဘယ်သူ ဘယ်ဝါလဲ။   မြန်မာ့တပ်မတော်မှာ   ဘယ်တုန်းက ဘာတာဝန်ထမ်းဆောင်ခဲ့တာလဲ။ ဘယ်လိုစွမ်းဆောင်ရည်ကြောင့် စစ်မှုထမ်းကောင်းတံဆိပ်ကို ချီးမြှင့်ခံရတာလဲ။ စာရေးဆရာပီပီ အတွေးများစွာနဲ့ ကျွန်တော့်
တူတော်မောင်ကို မေးခွန်းထုတ်နေမိသည်။ သူ့ခမျာလည်း
 အခမ်းအနား ဖြစ်မြောက်ရေး စီစဉ်ညွှန်ကြားနေခဲ့ရလို့ မောနေရောပေါ့။ ကျွန်တော်သိချင်သည်များကို  တစ်ခွန်းတည်းပဲ ဖြေရှာတယ်။ လေးလေး သိချင်ရင် သူကိုယ်တိုင်ရေးပေးထားတဲ့ ကိုယ်ရေးမှတ်တမ်း ကျွန်တော့်မှာရှိ တယ်။ လေးလေးကိုပေးမယ်တဲ့။

စာရေးဆရာဆိုတာ တေးသွားလေးတစ်ပုဒ်၊ စာလေး
တစ်ပိုဒ်၊ အပြုံးလေးတစ်ပွင့်၊ ပန်းလေး တစ်ဖူးတစ်ငုံကို ပင် ဂန္ထဝင်တေးသွား၊ သမိုင်းဝင်ဝတ္ထု၊ မှော်ဝင်အပြုံး၊ 'မြိုင်ဝန်ဟေနန်းသဖွယ် ရေးတတ် ဖွဲ့တတ် ကြတာဘဲလေ'     ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)   Desmond George Stephen Vertannes(ကြည်း ၅၁၉၄) ၏ ကိုယ်ရေးမှတ်တမ်းလေးက စာရေးဝါသနာပါလှတဲ့ ကျွန်တော့်အတွက်တော့ တစ်သက်တာ မှတ်တမ်းပင်။ ဆေးထိုးအပ်သာ ကိုင်ခဲ့သော ကျွန်တော့်ရဲ့ ကလောင်လက်မှာ
ဘဝတစ်လျှောက် သေနတ်ကိုင်ခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး
ဆိုသူ အကြောင်းကို အလိုအလျောက်ပင် သီကုံးရေးဖွဲ့ ခဲ့မိပါတော့တယ်။

၁၉၄၄ ခုနှစ်၊ ဇန်နဝါရီလ

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ဘန်ဂလောမြို့

အိန္ဒိယနိုင်ငံ တောင်ဘက်ပိုင်းရှိ ဘန်ဂလောမြို့လေး
မှာ ဗြိတိသျှတို့အုပ်ချုပ်စဉ်အချိန် ၁၈၃၁ ခုနှစ်မှ
၁၈၈၁ ခုနှစ်အထိ အုပ်ချုပ်ရေးဆိုင်ရာဌာနချုပ် တည်ရှိ
ရာ မြို့လေးဖြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး
ရခဲ့သည့် ၁၉၄၇ ခုနှစ်အထိ ဗြိတိသျှတို့က အုပ်ချုပ်ရေး နှင့် ကာကွယ်ရေးရုံးဌာနများကို ဖွင့်လှစ်ထားရှိခဲ့သည်။ ထိုဘန်ဂလောမြို့လေးရှိ ဗိုလ်သင်တန်းကျောင်းတွင် သင်တန်းတက်ရန် ဗိုလ်လောင်း Vertannes  တစ်ယောက် ရောက်ရှိလာခဲ့သည်။ ထိုစဉ်က သူ၏ အသက်မှာ
၁၉ နှစ်။  အိန္ဒိယ ဘာသာစကားတတ်မြောက်ခြင်း မရှိ
သဖြင့် အိန္ဒိယ၏ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရ
ခဲ့။ အမှန်တော့ ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) Vertannes 
သည် အိန္ဒိယနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သူမဟုတ်သလို အင်္ဂလန်ပြည်တွင် မွေးဖွားခဲ့သူလည်းမဟုတ်ပါပေ။

ဖခင်ဖြစ်သူ Vertannes Stephen Vertannes မှာ ရန်ကုန်မြို့တွင် အခွန်အရာရှိအဖြစ် ၁၉၃၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ရာ ¤င်းအား ရန်ကုန်မြို့၌ပင် ၁၉၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။
လူငယ်လေးVertannes  မှာ ၁၉၄၁ ခုနှစ် ဂျပန်စစ် မဖြစ်
ပွားခင်အထိ ရန်ကုန်မြို့၌ ပညာသင်ကြားခဲ့သည်။ ထို့နောက် ၄င်း၏ဖခင်မှာ အိန္ဒိယအရန်တပ်ဖွဲ့တွင် ဗိုလ်မှူးအဖြစ် တာဝန်ကျသဖြင့် အိန္ဒိယနိုင်ငံသို့ ၁၉၄၂ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့သည်။ လူငယ်လေး Vertannes
လည်း ကော်လ်ကတ္တားမြို့တွင် ၁၈ လ ကြာ ပညာသင်
ကြားခဲ့သည်။ ယခုနောက်ဆုံးတော့ ဗိုလ်သင်တန်း ကျောင်းသို့ ၁၉၄၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ
လအထိ တစ်နှစ်နီးပါးခန့် တက်ရောက်ကာ အိန္ဒိယ
မြောက်ပိုင်းရှိ  Burma Regimental Centre   ၌
ခြေလျင်တပ်ရင်းသင်တန်းသို့ ဆက်လက် တက်ရောက် ခဲ့သည်။ သင်တန်းပြီးသောအခါBurma Intelligence
Corps ၌ တာဝန်ကျသည်။ ထို့နောက် 2nd British Division
နှင့် 17th Indian Division of the 14th Armyတို့တွင်
အဆင့်ဆင့် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းသို့ တာဝန်များ ထမ်းဆောင်နေချိန်ပင် ဒုတိယ
ကမ္ဘာစစ်ကြီးလည်း ဆုံးခန်းတိုင်ခဲ့သည်။ ဗိုလ်ကြီးအဆင့်
ရာထူး ရရှိပေပြီ။

၁၉၄၆ ခုနှစ်၊ မတ်လ

မြန်မာနိုင်ငံ၊ မြစ်ကြီးနားမြို့

စစ်ဟူသည် 'မီး' ဟု ဆိုလျှင် မီးကိုငြှိမ်းနိုင်သည့် ရေမှာ
ငြိမ်းချမ်းရေးသာ ဖြစ်သည်။ ပထမကမ္ဘာစစ်ဖြင့် တစ်
ကမ္ဘာလုံး တောက်လောင်အပြီးတွင် ဒုတိယကမ္ဘာစစ် ဆိုသည်က လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်များ
ကို ထပ်မံလောင်မြိုက်စေခဲ့သည်။ ယခုတော့ ကမ္ဘာစစ်
ကြီး ပြီးဆုံးခဲ့ပြီ။ မီးသည် ရေနှင့်တွေ့က ငြိမ်းရသည်သာ။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသဖြင့် အပျော်ရဆုံးထဲတွင် စစ်သားတစ်ယောက်ဖြစ်သည့် ဗိုလ်ကြီး Vertannes
ကိုယ်တိုင်လည်း အပါအဝင်ပင်။ ထပ်ဆင့်ပျော်ရသည်က
ပြန်တမ်းဝင်အရာရှိအဖြစ် သူမွေးဖွားရာ မြန်မာပြည်တွင်
တာဝန်ထမ်းဆောင်ခွင့်ရခြင်းကြောင့်တည်း။

ဗိုလ်ကြီး Vertannes
 မှာ ၁၉၄၆ ခုနှစ် မတ်လမှ
၁၉၄၈ ခုနှစ်အထိ ကချင်သေနတ်ကိုင် တပ်ရင်း (၂)တွင်
တာဝန် ထမ်းဆောင်ရသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ
၎ ရက်နေ့တွင် မြန်မာပြည်ကြီး လွတ်လပ်ရေးရပြီ။
လွတ်လပ်ရေးနှင့်အတူ ရောင်စုံသူပုန်သောင်းကျန်းမှု ကား ယှဉ်တွဲပါလာခဲ့သည်။ ဂိုဏ်းဂဏ၊ နိုင်ငံရေး အယူ
ဝါဒများ ကွဲလွဲမှုကြောင့် ကွန်မြူနစ်များက ပုန်ကန်ကြ
သည်။  ပုန်ကန်ထြ<ွကမှုများမှာ မြန်မာပြည်အနှံ့  မီးခိုး
ြ<ွကက်လျှောက်ပမာ ပျံ့နှံ့လျက်ရှိသည့်အချိန်တွင် သူ့
အနေဖြင့် ဗမာ့သေနတ်ကိုင် တပ်ရင်း (၆)တွင် ဆက်
သွယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိ သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ (Burma
Communist Party-BCP) တောခိုပြီ။

မီးလောင်ရာလေပင့်ဆိုသကဲ့သို့ သူပုန်ထကြွရာ နေရာတိုင်းတွင် ဝါဒမှိုင်းမှာ တိုက်လျက်ရှိတော့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ခံသူ စစ်သားများ
မှာ ဗမာ့သေနတ်ကိုင် တပ်ရင်းမှ နုတ်ထွက်ကုန်ကြသည်။
တပ်မှနုတ်ထွက်သည့် ဦးရေမှာ တစ်နေ့တခြား များပြား
လာရာ အစိုးရသစ္စာခံ အမာခံတပ်ဖွဲ့များ၏ အင်အားကို
တိုးချဲ့ရန် လိုအပ်လာခဲ့သည်။ လွတ်လပ်ရေးခရီးလမ်း သည် မခူးခင်က ညွတ်၍ ကြွေသည့် ပန်းပမာရှိချေပြီ။ ထိုအချိန်တွင် ဗိုလ်ကြီး Vertannes မှာ ဗိုလ်မှူးကြီးလဇွန်တန်အား ကူညီအားဖြည့်ရန် တာဝန်ကျ ရောက်ခဲ့
သည်။ ဗိုလ်မှူးကြီးလဇွန်တန်မှာ မြစ်ကြီးနားမြို့ရှိ ကချင်
သေနတ်ကိုင်တပ်ရင်း (၃) နှင့် တပ်ရင်း (၄) တို့ကို ကြီးကြပ်
ကွပ်ကဲနေရသူဖြစ်သည်။  ၁၉၄၈ ခုနှစ်  သြဂုတ်လမှ
စတင်ကာ တပ်ရေးဗိုလ်ကြီးအဖြစ် ဗိုလ်မှူးကြီးလဇွန်တန်
၏ တပ်ရင်းနှစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

အမိန့်

ပြင်ဦးလွင်မြို့မြောက်ပိုင်းစစ်ဌာနချုပ်အား ပြန်လည်သိမ်းပိုက်ရန်

၁၉၄၉ ခုနှစ် အစောပိုင်းတွင်ဖြစ်သည်။ ကရင်တပ်ဖွဲ့ တောခိုခဲ့ပြီး ပြင်ဦးလွင်မြို့ရှိ မြောက်ပိုင်း စစ်ဌာနချုပ်
အား သိမ်းယူခဲ့သည်။ သို့ဖြစ်၍ ယခုအမိန့်အရ ကချင်
သေနတ်ကိုင်တပ်ရင်း (၃) မှာ ရန်သူ့လက်မှ စစ်ဌာနချုပ်
ကို ပြန်လည်သိမ်းပိုက်ရမည်ဖြစ်သည်။

စစ်ဆင်ရေး စတင်ခဲ့ပြီ

တပ်ရင်း (၃) အင်အားကို စုစည်းပြီးနောက် မြစ်ကြီးနား
မြို့မှ လားရှိုးမြို့သို့ လေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး လားရှိုးမှ
တစ်ဆင့် ပြင်ဦးလွင်မြို့သို့ ချီတက်ခဲ့သည်။ ပြင်ဦးလွင်မြို့
တွင် ကရင်တပ်ဖွဲ့နှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့
သည်။ ရန်သူတပ်မှာ အသာစီးရသည့် အနေအထား ဖြစ်သော်လည်း စစ်တွင် ဗျူဟာသည် အဓိကကျရာ မဟာဗျူဟာမြောက်မှု၊ တပ်ဖွဲ့ဝင်များ၏ ရွပ်ရွပ်ချွံချွံ တိုက်ထုတ်မှုတို့ကြောင့် နောက်ဆုံးတွင် ရန်သူတပ်များ
လက်နက်ချ အရှုံးပေးခဲ့ရသည်။ ပြင်ဦးလွင်မြို့ မြောက်
ပိုင်းစစ်ဌာနချုပ်အား ပြန်လည်သိမ်းပိုက်ရရှိခဲ့သည့် အောင်ပွဲမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့သည်။

ME  (ယူကေ)

ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment