ပန်းဖျက်မုဆိုး
(၁)
''ဂွတ်နိုက်ပါ နွယ်လေးရေ . . အိပ်မက် လှလှမက်ပါစေနော်''
နွယ်လေးကို မက်ဆင်ဂျာမှတစ်ဆင့် နှုတ်ဆက်ပြီးသည့်တိုင်အောင် ကျွန်တော် အိပ်မပျော်နိုင်ဘဲ အတွေးကမ္ဘာထဲတွင် ယောင် လည်လည် ဖြစ်နေသည်။ ပထမဦးစွာ ကျွန်တော်နှင့် နွယ်လေးကို ဆုံခွင့်ပေးခဲ့သည့် ဖေ့စ်ဘွတ်အား ကျေးဇူးတင်ရမည်။ ထို့နောက် ဒုတိယမြောက် ကျေးဇူးရှင်ကား မက်ဆင်ဂျာ။ ဟုတ်သည်။ ထိုနှစ်ဦး၏ ကျေးဇူးကြောင့်သာ ကျွန်တော့်ထက် အသက်ဆယ့်ငါးနှစ်နီးပါး ငယ်သော နွယ်လေးဟူသည့် ပန်းတစ်ပွင့်၏ အထိအတွေ့နှင့် ရနံ့ကိုမခံစားနိုင်သည့်တိုင် အမြင်အာရုံ မျက်ဝန်းအစုံဖြင့် ထိုပန်း၏ ဖေ့စ်ဘွတ်ပေါ်က အလှကိုလည်းကောင်း၊ အကြားအာရုံ နားအစုံဖြင့် ဖုန်းထဲမှ ထိုပန်း၏ အသံကိုလည်းကောင်း ကျွန်တော် အပြည့်အဝ ခံစားသုံးဆောင်ရင်း အရသာတွေ့လျက် ရှိနေ တော့သည်။ ထိုအရသာသည်ကား မည်ရွေ့ မည်မျှပင် ခံစားစေကာမူ မဝနိုင်အောင် ထူးကဲ လှပေစွ။
''ကို အိပ်တော့လေ မနက် အလုပ်သွား ရဦးမှာကို ဘာတွေတွေးနေတာတုံး''
တစ်ရေးနိုး ရေထသောက်ဟန်တူသော အေးမူက သတိပေးတော့မှ ကျွန်တော့်အတွေး စများ ပျက်သွားရ၏။ လက်ထဲကဖုန်း၏ ပါဝါ ခလုတ်ကို တစ်ချက်နှိပ်၍ ပိတ်လိုက်ပြီး ''အေးပါ မိန်းမရယ်၊ အခုပဲ အိပ်တော့မလို့ပါ''ဟု ကမန်းကတန်း ပြန်ဖြေကာ ပက်လက် ကုလားထိုင်ခုံမှ ကျွန်တော် ထလိုက်သည်။ ပြတင်းပေါက်မှတစ်ဆင့်ဝင်လာသော ညလေ အေးက စိမ့်ခနဲ ကျွန်တော့်မျက်နှာကို ရိုက်ခတ် သွား၏။ ငှက်ဆိုးတစ်ကောင်၏ စူးစူးဝါးဝါး အော်မြည်သံကိုကြားရ၍ အပြင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သောအခါ လမိုက်ညမို့ အရာအားလုံးသည် မည်းမှောင်နေလျက်။ ကျွန်တော်လည်း ပြတင်းပေါက်ကို ဆွဲပိတ် လိုက်ကာ ဖုန်းကိုအဝတ်ဗီရိုပေါ်တွင် တင်လိုက် ပြီး အေးမူဘေးတွင် ဝင်အိပ်လိုက်တော့သည်။
(၂)
''မောနင်းပါ နွယ်လေးရေ ကိုကတော့ အခု နွယ်လေးကို သတိရရင်း ကော်ဖီသောက် နေပြီ''
ကော်ဖီသောက်ရင်း မုန့်ဖိုးတောင်းရန် ချောင်းနေသော လေးတန်းကျောင်းသား သားငယ်ကို ဘေးနားထား၍ စာရိုက်နေရ သော်လည်း ကျွန်တော့်လက်ချောင်းများက ဖျတ်လတ်နေသည်။ အေးမူကတော့ ထမင်း ချိုင့်များ ပြင်နေရင်း အလုပ်ရှုပ်နေ၏။ နံနက် ခုနစ်နာရီအချိန်သည် ကျွန်တော်တို့ မိသားစု အတွက် နံနက်စာ သုံးဆောင်နေသည့် အချိန် ဖြစ်သော်လည်း နွယ်လေးအဖို့တော့ အိပ်ရာ ထခါစ အချိန်မျှသာရှိသေး၏။ မက်ဆင်ဂျာ တွင် စာမပြန်နိုင်သေးဘဲ အိပ်မှုန်စုံမွှားဖြင့် မျက်နှာသစ်၊ သွားတိုက်နေမည့် နွယ်လေးကို မြင်ယောင်ရင်း ကျွန်တော်ပြုံးမိသည်။
''ဖေဖေ ဘာရယ်နေတာလဲ၊ သားကို မုန့်ဖိုးပေးတော့ ကျောင်းကား လာတော့မယ်''
အခွင့်ကောင်းရသွားသော သားငယ်က လိမ္မာပါးနပ်စွာ လက်ဖြန့်လာသည်။ အေးမူ ကတော့ ကျွန်တော့်ရှေ့တည့်တည့်ရှိ ထိုင်ခုံ အလွတ်တွင် ဝင်ထိုင်ကာ ကော်ဖီခွက်ကို ဆွဲယူရင်း မျက်စောင်းထိုး၏။
''အွန်လိုင်းပေါ်က မနက်ခင်း ဟာသတွေ လေ၊ ရယ်ရတယ် သားရဲ့''
သူခိုး လူမိသွားသဖြင့် ကျွန်တော်က မထူးဇာတ်ခင်းကာ ရယ်ရင်း အိတ်ကပ်ထဲမှ ပိုက်ဆံတစ်ရွက်ကို ထုတ်ပြီး သားငယ်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ သားငယ်က ထိုပိုက်ဆံအား လွယ်အိတ်၏ အတွင်းအိတ် ကပ်ထဲသို့ ထိုးထည့်ပြီး အေးမူ ပြင်ပေးသော ထမင်းချိုင့်အိတ်ကို လက်တစ်ဖက်မှ ဆွဲ၊ ပခုံး တစ်ဖက်ပေါ်တွင် လွယ်အိတ်ကို စလွယ်သိုင်း လွယ်ကာ အိမ်ရှေ့သို့ မြူးထူးစွာ ထွက်သွား၏။
''မောနင်းပါရှင်၊ သတိလေးဆက်ရပြီး ကော်ဖီလေးပဲ ဆက်သောက်နေပါရှင်၊ နွယ်လေးကတော့ အခုမှ မျက်နှာသစ်ပြီးတာ ကျောင်းနောက်ကျမှာစိုးလို့ အမြန်ပြင်ဆင်ရ ဦးမယ်၊ မအားသေးဘူး၊ နောက်မှ တွေ့မယ် နော်''
တတောင်တောင် မြည်သံများနှင့်အတူ နွယ်လေးထံမှ စာများဝင်လာသည်။ ''နောက် မှ တွေ့မယ်နော်'' ဟူသည့် စကားထက် ''နောက်မှ ပြောမယ်နော်'' ဟူသည့် စကားကို သုံးမှသာ နွယ်လေးအတွက် တိကျမှန်ကန် လိမ့်မည်။ နွယ်လေးသည် သိပ်ကို ဖြူစင်လှ သည်၊ အယုံလွယ်လှသည်။ ကျွန်တော်သည် နွယ်လေးကို လူကိုယ်တိုင် အပြင်မှာဖြစ်စေ၊ အွန်လိုင်းပေါ်တွင် ဓာတ်ပုံလေးတစ်ပုံဖြင့် ဖြစ်စေ ဘယ်တော့မှ တွေ့ခွင့်ပေးလိမ့်မည် မဟုတ်။ မဝယ်သော်လည်း အတိုင်းအတာ တစ်ခုအထိ ပိုင်ဆိုင်နေရသော ပန်းတစ်ပွင့် အပေါ် ကျွန်တော် မည်သို့သဘောထား တွက် ချက်ထားသည်ကို နွယ်လေး မသိပေ။ အနု အလှ သမုဒယများနှင့် စီခြယ်ကာ သကာဖုံး ထားသော ကျွန်တော့်စကားလုံးများနှင့် တစ်ခါတစ်ခါ ကြားခွင့်ပေးလိုက်သော ကျွန်တော့်အသံများကို ခံစားရင်း နွယ်လေး ဟူသည့် ပန်းတစ်ပွင့်က မခူးလိုသော်လည်း ကျွန်တော့်ဘက်သို့ ကိုင်းကိုင်းညွှတ်ကျပေးနေ တော့၏။
''ဖေဖေ သား သွားပြီနော်၊ မေမေရေ တာ့တာ''
အိမ်ရှေ့တွင် ထိုးရပ်လာသော ကျောင်း ကားပေါ်သို့ တက်သွားသော သားငယ်၏ အသံက ထမင်းစားခန်းထဲသို့တိုင်အောင် စူးရှစွာ တိုးဝှေ့ဝင်ရောက်လာသည်။
''အေး . . အေး . . သားရေ''
ကျွန်တော်နှင့် အေးမူ၏ အသံကလည်း ပြိုင်တူ ထွက်ပေါ်လာသည်။ ထို့နောက် အင်တာနက်ကို ပိတ်၍ နံနက်စာစားခြင်းကို လက်စသတ်လိုက်ပြီး ကျွန်တော်က ရုံးသွားရန် ပြင်ဆင်၏။ အေးမူကလည်း ပန်းကန်များကို အပြေးအလွှား ဆေးကြောပြီး အလုပ်သွားရန် ပြင်ဆင်၏။ မကြာမီ ကျွန်တော်က လွယ်အိတ် တစ်လုံးကို စလွယ်သိုင်းလွယ်ပြီး အေးမူက လည်း ပိုက်ဆံအိတ်လေးလွယ်ကာ လက်တစ် ဖက်စီက ထမင်းချိုင့်တစ်လုံး ကိုယ်စီကိုင်၍ တခြားလက်တစ်ဖက်ဖြင့် တစ်ယောက်လက် တစ်ယောက်ဆွဲကာ သက်ဆိုင်ရာ လုပ်ငန်းခွင် ကိုဝင်ရန် ကားဂိတ်ဆီသို့ လျှောက်လှမ်းလာပါ တော့သည်။
(၃)
''ဟိုင်း ကိုကတော့ ရုံးရောက်ပြီ၊ နွယ်လေး ရော ကျောင်းရောက်ပြီလား၊ မနက်စာရော သေချာစားခဲ့ရဲ့လား၊ စာကို သေချာလိုက်နား ထောင်နော်၊ အတန်းနားချိန်ကျရင်လည်း ကို့ကို စာပို့ဦး''
ရုံးရောက်သည်နှင့် စားပွဲပေါ်တွင် လွယ်အိတ်ချပြီး နွယ်လေးဆီသို့ ဝတ္တရားမပျက် နှုတ်ချိုဆက်လိုက်၏။
''ဟေ့ ဘိုဘို မမတင်အကြောင်း မင်းကြား ပြီးပြီလား''
သူငယ်ချင်း ညီသစ်က ဆုံလည်ထိုင်ခုံကို ကျွန်တော့်ဘေးသို့ တွန်းလာပြီး ထိုင်ရင်း မေးခွန်းထုတ်၏။ ကျွန်တော်လည်း အင်တာနက် မပိတ်သေးဘဲ ဖုန်း၏ ပါဝါခလုတ်ကို တစ်ချက် ဖိလိုက်ပြီး ညီသစ်ဘက်သို့ မျက်နှာလှည့်လိုက် သည်။
''အေးကွာ ငါ ကြားပြီးပြီ ငါလည်း စိတ်မ ကောင်းဘူး၊ မမတင်ဆိုတာ ငါတို့ရဲ့ အထက် လူကြီးလည်း ဟုတ်တယ်၊ ငါတို့ရဲ့ ကျေးဇူးရှင် လည်း ဟုတ်တယ်ကွ၊ မမတင်က သူဌေးကို ပြောပေးလို့ ငါတို့ လစာတိုးတာလေ၊ မင်း မှတ်မိတယ် မဟုတ်လား''
''အေး ငါ အခုပြောချင်တာလည်း အဲ့ သူဌေးပဲ၊ အဲ့သူဌေးကြောင့် မမတင်က သူ့ကိုယ်သူ သတ်သေတာလေ''
ကျွန်တော့်စကားကို တုံ့ပြန်ရင်း ညီသစ် ၏ မျက်နှာတွင် ဒေါသမီးတို့ဖြင့် နီမြန်းသွား လေသည်။ ထိုမီးပွားတို့သည် ကျွန်တော့်ကိုပါ ကူးလောင် တိုက်စားရန် အားယူနေသကဲ့သို့ ရှိ၏။
''အဲ့ သူဌေးနဲ့ မမတင်ကို ငါတို့ကလည်း အောင်သွယ်ပေးသလို ဖြစ်ခဲ့တာဆိုတော့ ငါတို့ အပြစ်လည်းမကင်းဘူးပေါ့ကွာ၊ မင်း လည်း မသိဘူးမဟုတ်လား၊ ဘိုဘို သူက နိုင်ငံခြားမှာ မယားကြီးနဲ့ကွ၊ မယားကြီးက ချမ်းသာလို့ ဒီမှာ ကန်ထရိုက်တာ လာလုပ်နေ တာတဲ့လေ၊ မမတင်ကတော့ သူ့ကို လူပျို ထင်ပြီး လက်ခံထားတာပေါ့ကွာ၊ အခုတော့ မမတင်လည်း ရှက်ပြီး''
ညီသစ်က ပြောရင်းပြောရင်း အသံတိမ် ဝင်သွားသည်။ ကျွန်တော့်ရင်ထဲ၌လည်း တစ်ခုခု ဆို့နစ်လာသကဲ့သို့ ဖြစ်လာ၏။ ဆိုက်ထဲ၌ ယောက်ျားလေးများကို အုပ်ချုပ်နေရသော် လည်း ဣနြေ္ဒသိက္ခာကို တန်ဖိုးထားဟန်တူ သော အပျိုကြီးမမတင်ကို ကျွန်တော့် မျက်ဝန်းထဲတွင် ပြန်မြင်ယောင်လာသည်။
''မင်း သိလား ဘိုဘို ပန်းဆိုတာ လှပြီး ရနံ့သင်းတဲ့ပန်းလည်းရှိတယ်၊ ရနံ့မသင်းဘဲ လှတဲ့ပန်းလည်း ရှိတယ်၊ မလှဘဲ ရနံ့သင်းတဲ့ ပန်းလည်း ရှိတယ်၊ မလှလည်း မလှ၊ ရနံ့လည်း မသင်းတဲ့ပန်းလည်း ရှိတယ်၊ အေး ဘယ်လို ပန်းပဲဖြစ်ဖြစ် ပန်းဆိုတာ ကမ္ဘာဦးအစကတည်းက အမှာစာမရှိဘဲ သူ့သဘာဝအတိုင်း ဖူးပွင့်လာ ကြတာပဲ၊ ဒါပေမယ့်လေ ပန်းဖျက်မုဆိုးတွေက အကြောင်းအမျိုးမျိုးပြ၊ လက်နက်အမျိုးမျိုး ထုတ်သုံးပြီး ပန်းကို မခူးသော်လည်း အကြွေ စောအောင် သွေးအေးအေးနဲ့ အမဲဖျက်ကြ တယ်လေ၊ ပန်းဖျက်မုဆိုးဆိုတာ ဘယ်လောက် ရွံစရာကောင်းလဲကွာ''
အဝေးဆီသို့ မျှော်ကြည့်ရင်း ပြောနေ သော ညီသစ်၏ စကားများသည် အနီးရှိ ကျွန်တော့်ရင်ဘတ်သို့ တည့်တည့်စိုက်ဝင်လာ သော မြားတံများအလားပင်။ ထိုမြားတံများ သည် နှလုံးသားကို ထုတ်ချင်းပေါက် ထိုးသွင်း နိုင်လောက်အောင် အားအင်ပြည့်ဝနေ၏။ တစိမ့်စိမ့် ယိုစီးလာသော နှလုံးသွေးတို့သည် ဝေါခနဲ ပွင့်လင်းစွာ အော်ဟစ်စီးဆင်းရန် ရှက်ကြောက်နေလေပြီ။
''နွယ်လေးလည်း ကျောင်းရောက်ပြီ၊ မနက်စာကတော့ နွယ်လေးတို့ နှစ်ယောက် လုံးကြိုက်တဲ့ ကော်ဖီခါးခါးလေး သောက်ခဲ့ တယ်လေ၊ ဒီနေ့ မိုးတွေအုံ့နေတယ်နော်၊ ထီးပါ ရဲ့လား''
သာယာမိန်းမောခဲ့ဖူးသော နွယ်လေးထံမှ စာဝင်လာသည့် အသံသည် ယခုအခါတွင် တော့ ကျွန်တော့်နားကို အပ်ချွန်ချွန်လေးဖြင့် ထိုးဆွလိုက်သကဲ့သို့ပင်။ ဖုန်းဖွင့်၍ စာကို ဖတ်နေစဉ်မှာပင် ညီသစ်က ကျွန်တော့်ကို အဓိပ္ပာယ်ပါစွာ တစ်ချက်ပြုံးပြပြီး ဆုံလည် ထိုင်ခုံကို တွန်းကာ ဘေးမှ ပြန်ထွက်သွားသည်။ ရှက်ရွံ့သိမ်ငယ်မှုများက ကျွန်တော့် သွေးထဲသို့ ဖြတ်သန်းစီးဆင်းသွားသဖြင့် ညီသစ်၏ မျက်လုံးများကို ကျွန်တော် ရင်မဆိုင်ရဲပေ။ ကျွန်တော် ခေါင်းငုံ့ထားလိုက်တော့သည်။
(၄)
''လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာ ပါ နွယ်လေး၊ အွန်လိုင်းချစ်သူဆိုတာကို နွယ်လေးဘက်ကလည်း လိုလားလက်ခံခဲ့လို့ သာ ကျွန်တော်တို့ ဒီအခြေအနေ ရောက်လာ ခဲ့တာပါ၊ ပန်းတစ်ပွင့်ဟာ ကျွန်တော့်ဘက်ကို သိသိသာသာယိမ်းပြီး လှပတောက်ပပြနေ တော့လည်း ကျွန်တော်က ခူးဆွတ်ဖို့ မဟုတ် သည့်တိုင် တစ်ခဏတာတော့ နမ်းရှိုက်ကစား ကြည့်ချင်ခဲ့မိပါတယ်၊ တောင်းပန်ပါတယ် နွယ်လေးရယ်၊ ကိုယ့်ကိုယ်ကိုယ်တောင် သတိ မထားမိဘဲ ပန်းဖျက်မုဆိုးဖြစ်တော့မလို့ပါ၊ အခုတော့ အသိတရားရပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင်လိုက်ပါပြီ၊ နွယ်လေးလည်း ကိုယ့်ကိုယ် ကိုယ် ဆန်းစစ်ပြီး အမှားကို သိမြင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်''
ပက်လက်ကုလားထိုင်ခုံတွင် ထိုင်ရင်း ကျွန်တော်သေချာစာစီပြီး နွယ်လေးထံ ပို့လိုက် သည်။ ထို့နောက် ဖေ့စ်ဘွတ်နှင့် မက်ဆင်ဂျာ ကို ဖုန်းပေါ်မှ အပြီးဖျက်ပစ်လိုက်၏။ နွယ်လေးနှင့်သာပြောရင် သီးသန့်ထားသော ဖုန်းကဒ်ကိုလည်း ထုတ်ပြီး ဘေးရှိ အမှိုက်ပုံးထဲ ထည့်လိုက်သည်။
''ကို ညဥ့်နက်နေပြီနော် မနက်ကျရင် အလုပ်သွားရဦးမှာလေ''
အေးမူ၏ သတိပေးသံက ခါတိုင်းကဲ့သို့ အပြောင်းအလဲမရှိ အချိန်မှန် ထွက်ပေါ်လာ သည်။
''အေးပါ မိန်းမရယ်၊ အခုပဲ အိပ်တော့ မလို့ပါ''
ကျွန်တော်လည်း ခါတိုင်းကဲ့သို့ပင် ကမန်းကတန်း အဖြေပေးပြီး မတ်တတ်ထရပ် လိုက်သည်။ ပြတင်းပေါက်မှတစ်ဆင့် တိုးဝှေ့ လာသော ညလေအေးကလည်း သိမ့်ခနဲ မျက်နှာကို ဖြတ်နမ်းသွားတော့၏။ ငှက်ဆိုး တစ်ကောင်၏ အော်မြည်သံကို မကြားရတော့ ၍အပြင်ဘက်ကို လှမ်းမျှော်ကြည့်လိုက်သော အခါ ငွေသော်တာက တည်ငြိမ်အေးချမ်းစွာ ထိန်ထိန်သာလျက်။ ငွေကြယ်လေးများကတော့ မျက်စိမှိတ်ပြီး ကျွန်တော့်ကို ပြောင်ပြနေသည်။ ကျွန်တော်လည်း ပြတင်းပေါက်ကို ဆွဲပိတ်၍ ဖုန်းကို ဗီရိုပေါ်တွင်တင်ပြီး အေးမူ၏ဘေး တွင် ဝင်အိပ်လိုက်ပါတော့သည်။
နှင်းသစ်ပင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment