Sunday, June 3, 2018
The Voice Myanmar မှ ၂၀၂၀ အတွက် ပေးသော သင်ခန်းစာ
မြန်မာနိုင်ငံက အဆိုပြိုင်ပွဲတွေထဲမှာ ကျွန်တော်ပထမဆုံး အစအဆုံးနီးပါးကြည့်ဖြစ်တဲ့ ပြိုင်ပွဲက The Voice Myanmar ပါ။ အဲဒါကိုကြည့်ပြီးတော့ တောင်စဉ်ရေမရတွေးမိတဲ့အတွေးတွေကို ချရေးလိုက်ပါတယ်။
.
ကျွန်တော့် ကိုယ်ပိုင်အမြင်သာဖြစ်ပြီး ကျွန်တော်နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းအပါအ၀င်ဘယ်သူ့ကိုမှ ကိုယ်စားမပြုပါ။
.
.
Push & Pull Factors
----------------------------
တစ်ချို့က ကိုယ်ကြိုက်တဲ့ အဆိုတော်ကို ကြိုက်လို့ အားပေးတာလည်း ရှိသလို တစ်ခြား အဆိုတော်ကို မကြိုက်လို့ (မျက်နှာမာလို့၊ မပါသင့်ဘဲ ပါလာတယ်ထင်လို့ အစရှိဖြင့် အကြောင်းကြောင်းကြောင့်) ဒီအဆိုတော်ကို လာပြီး အားပေးတာလည်း ရှိပါတယ်။ NLD ကိုလည်း ဒီအတိုင်းပါပဲ။ ၂၀၁၅ က လက်သန်းတစ်ချို့ဟာ NLD ကို ကြိုက်လို့ထက် အဲဒီတုန်းက အစိုးရကို စိတ်ကုန်လို့ လာဝန်းရံကြသူတွေလည်း ရှိပါတယ်။ ဒါကို ငါကွ ဟုတ်လှပြီလို့ ထင်နေရင် ဒုက္ခများနိုင်ပါတယ်။
.
.
စိန်နားကပ်ရောင်ကြောင့် ပြောင်သောပါး
----------------------------------
တစ်ချို့က အဆိုတော်ထက် coach ကို သဘောကျပြီး အားပေးတာလည်း သတိထားမိပါတယ်။ ကျွန်တော်လည်း ဒီအတိုင်းပါပဲ။ The Voice Myanmar ကို ကြည့်ဖြစ်သွားတာ ပါတဲ့ Judge တွေကို သဘောကျလို့ စကြည့်မိသွားတာလည်း အကြောင်းရင်းတစ်ချက်ပါ။ တစ်ချို့အဆိုရှင်တွေကလည်း ပရိတ်သတ်က top ပေးတဲ့အထဲ မပါပေမယ့် judge ကဆွဲတင်လို့ တက်လာတဲ့သူတွေလည်း ပါတယ်လို့ တစ်ချို့ ပြောနေကြတာ သတိထားမိပါတယ်။ NLD လည်း ဒီအတိုင်းပါပဲ။ ၂၀၁၅မှာ ဘယ်အမတ် ဘယ်သူဘယ်ဝါက ဘာဆိုတာ မသိဘဲ အမေစု မျက်နှာတစ်ခုတည်းနဲ့ မှင်စွန်းခဲ့တဲ့ လက်သန်းတွေ အများကြီးပါ။
.
.
ဘာအချက် ဘယ် criteria ကိုကြည့်ပြီး အားပေးမှာလဲ
---------------------------------------
ဒီအပတ် ဖိုင်နယ်အပတ် ဗုတ်လုပ်ခါနီးမှာ ကျွန်တော် ခေါင်းထဲ မေးခွန်းတစ်ချို့ ဖြတ်ပြေးသွားပါတယ်။ ဘယ်အချက်ကို ကြည့်ပြီး အားပေးမှာလဲ။ အရင်က ဆိုခဲ့တာတွေကို ထည့်သွင်းစဉ်းစားမလား။ အခုအပတ် ဆိုတဲ့ performance ကိုကြည့်ပြီးပဲ ဗုတ်ရမလား။ ဒီတစ်ပွဲအပြင် နောင်လာလတ္တံ့သော အလားအလာ အရှိဆုံး အဆိုရှင်ကိုပဲ မြေတောင်မြှောက်တဲ့အနေနဲ့ ပုံအောရမလား စသဖြင့် တွေးမိပါတယ်။ ၂၀၂၀ ကျရင်လည်း ကျွန်တော်အခုစဉ်းစားသလို လူတွေက NLD အပါအ၀င် တစ်ခြားပါတီတွေအပေါ် လုပ်ခဲ့၊ လုပ်ဆဲ၊ လုပ်လတ္တံ့သော အချက်တွေအပေါ် judge လုပ်ပါလိမ့်မယ်။
.
.
ကိုယ်ဆိုသော အပုဒ်တိုင်းသည် ကိုယ်ရေးသော ကိုယ့်သမိုင်းဖြစ်ခဲ့ပြီ
------------------------------
ဒီအချက်က အပေါ်မှာ ရေးထားတာနဲ့ ဆက်စပ်ပါတယ်။ လူတွေက မဲပေးတဲ့အခါ အရင်က ကိုယ်ဆိုခဲ့တဲ့ performance ကို အနည်းဆုံးတော့ မသိစိတ်ထဲမှာ ထည့်ပြီး စဉ်းစားပါတယ်။ ဒီအချက်ဟာ အင်မတန် အရေးကြီးပါတယ်။
.
၂၀၁၅ တုန်းကတော့ NLD က တစ်ပုဒ်မှ မဆိုရသေးပါဘူး။ ဆိုလိုတာကတော့ အစိုးရ မလုပ်ရသေးပါဘူး။ အဲဒီတော့ လူတွေက ဝေဖန်စရာ တစ်ကွက်မှ ရှိမနေပါဘူး။ နောက်ကြောင်းရှင်းရှင်း clean slate နဲ့ စခဲ့ရတဲ့ သဘောမျိုးဖြစ်နေပါတယ်။ ၂၀၂၀ မှာတော့ အစိုးရ ၄ - ၅ နှစ်လောက် လုပ်ပြီးပြီမို့ အဲဒီ ၄ - ၅ နှစ်အတွင်း မကျေနပ်ခဲ့တဲ့ အားမရခဲ့တဲ့ သူတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။
.
ဟီလာရီနဲ့ ဒေါ်နယ်ထရမ့် တုန်းကလည်း ဒီအချက်က ထရမ့်ကို အသာစီးရစေခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုလို့ ထင်ပါတယ်။ ဟီလာရီက အစိုးရထဲမှာ နှစ်ပေါင်းများစွာ ရာထူးစုံ တာဝန်ယူခဲ့သူမို့ ထောက်စရာတွေ ရှိနေခဲ့ပါတယ် (ဥပမာ သူ့ရဲ့ နိုင်ငံခြားရေး ပေါ်လစီ၊ အရှေ့အလယ်ပိုင်းပြဿာနာနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်၊ ကိုယ်ပိုင်ဆာဗာ ထူထောင်သုံးစွဲမှု အစရှိသဖြင့်) ထရမ့်ကတော့ အဲဒီတုန်းက အစိုးရလုံးဝ မလုပ်ဖူးသူမို့ clean slate နဲ့ စခွင့်ရတဲ့ သဘောမျိုး ဖြစ်နေခဲ့ပါတယ်။
.
ဒါကို နားလည်ဖို့ NLD ကြိုမြင်ဖို့ လိုပါတယ်။ ၂၀၁၆ က စပြီး အလုပ်လုပ်ခွင့်ရထားပြီးပြီမို့ ကိုယ်လုပ်ခဲ့တဲ့ အပေါ်မှာ ဝေဖန်သူ မကျေနပ်သူတွေ ရှိနေပါလိမ့်မယ်။ (ဒါတွေကိုလည်း ပြိုင်ဘက်က ထောက်ပြချနင်းဖို့ ကြိုးစားပါလိမ့်မယ်။ အခုလည်း လုပ်နေပါတယ်) အဲဒီလို ဝေဖန်သူ မကျေနပ်သူတွေကို ၂၀၂၀ မှာ ဘယ်လို ဆွဲဆောင်မလဲ ဆိုတဲ့ မေးခွန်းကို အခုအချိန်ကတည်းက မေးပြီး မဟာဗျူဟာ ချမှတ်ရေးဆွဲဆောင်ရွက်မှသာ ဒီလူတွေကို appeal လုပ်နိုင်မှာပါ။ အဲဒီလို မလုပ်နိုင်ရင် ၂၀၂၀ ပရိတ်သတ်ဟာ ၂၀၁၅ ပရိတ်သတ်ထက် နည်းသွားမှာပါ။ ပရိတ်သတ်ဦးရေထက် သီဆိုသူက များနေပြီး ပရိတ်သတ်က အားပေးတာထက် ကိုယ့်အဆိုရှင် မိသားစု အချင်းချင်းပဲ လက်ခုပ်တီးအားပေးနေရတဲ့ ဟိုဘက်ရပ်ကွက်က စတိတ်ရှိုးကြီးလို ဖြစ်မသွားနိုင်ဘူးလို့ ပြောလို့ မရပါဘူး။
.
(ပြောလက်စနဲ့ တပ်ကိုပါ ထောက်ပြရရင် တပ်ကလည်း ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်သင့်ပါတယ်။ လောလောဆယ်မှာတော့ တပ်ထောက်ခံသူတွေဟာ တပ်မတော်သားတွေ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် တပ်နဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေတဲ့ သူတွေသာ အများစုပါ။ တပ်နဲ့ မပတ်သက်သူ သာမာန်ပြည်သူတွေထဲမှာ တပ်ထောက်ခံသူ နည်းလှပါတယ်။ အများစုက ရွံမုန်းနေကြတယ်လို့ ထင်မိပါတယ်။ ကျွန်တော်ထင်တာ ပြောတာပါ။ မှန်ချင်မှလည်း မှန်ပါ့မယ်။ ဒီလို ထောက်ခံမှုနည်းတာဟာ ဘာကြောင့်လဲလို့ ထောက်ခံမှုများအောင် ဘယ်လို လုပ်ရမလဲလို့ ကိုယ့်ကိုကိုယ် မညာတမ်း ဆန်းစစ်ပြီး ပြုပြင်မယ်ဆိုရင် ပြည်သူက တပ်ကို သောင်းသောင်းဖျဖျ ကြိုဆိုတဲ့ခေတ်ကို ပြန်ရောက်မှာ မလွဲပါ။ အဲဒီလိုလည်း အင်မတန်မှ ဖြစ်စေချင်လှပါတယ်။)
.
.
သီချင်းရွေးချယ်မှု
------------------
ကိုငွေစိုး အနိုင်ရခြင်းမှာ ရာဇ၀င်များရဲ့ သတို့သမီး ကလည်း အတော်ကြီးမားတဲ့ အကြောင်းရင်း တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ လူတွေရဲ့ ရင်ထဲရောက်နှင့်ပြီးသား သီချင်းပါ။ ဒါပေမယ့် လူတွေရဲ့ ရင်ထဲကို ရောက်နှင့်ပြီးသား သီချင်းကို ဆိုရတာ ကောင်းကျိုးလည်း ရှိသလို ဆိုးကျိုးလည်း ရှိနိုင်ပါတယ်။ double-edged sword ပါ။ အလျော်အစားကြီးပြီး risk များပါတယ်။ ကောင်းကျိုးက လူသိများသမို့ ဗုတ်များနိုင်ပါတယ်။ ဆိုးကျိုးကတော့ အားလုံးက နောကျေနေအောင် သိတဲ့သီချင်းမို့ လူတွေ မျှော်လင့်ချက်ကို ကိုယ့်စွမ်းဆောင်ချက်က မမီတဲ့အခါ ပက်လက်လန်နိုင်ပါတယ်။ Make it or Break it ပါပဲ။ ဒါပေမယ့် ကိုငွေစိုးကတော့ hit ဖြစ်ခဲ့ပါတယ်။ miss မဖြစ်ခဲ့ပါဘူး။
.
ဒါမျိုးသဘောဆန်ဆန်နဲ့ NLD လုပ်ဆောင်ချက်တွေကိုလည်း မြင်ကြည့်လို့ရပါတယ်။ လူတိုင်းနဲ့ နီးစပ်တဲ့ အကြောင်းအရာတွေကို ကိုင်တွယ်တဲ့အခါ အင်မတန် သတိထားဖို့ လိုပါတယ်။ စိတ်ထဲရှိတဲ့အတိုင်း ဥပမာတစ်ခု တည့်တည့်ပဲ ပြောပါရစေခင်ဗျာ။ (ပြောတာ ကြမ်းသွားရင် ပြောသူရဲ့ စေတနာကိုမြင်ကာ NLD မှ ပုဂ္ဂိုလ်များ နားလည်ခွင့်လွှတ်နိုင်မယ်လို့ ထင်ပါတယ်။)
.
ကွီးဖြိုးဟာ သီချင်းအရွေးတော်ပါတယ်။ မထသ ပြဿနာ၊ လမ်းဘေးဈေးသည်၊ အိမ်ရှေ့ကားပါကင်ဦးခြင်း စတဲ့ issue တွေဟာ လူတွေရင်ထဲ ရောက်နှင့်ပြီးသား သီချင်းတွေပါ။ လူတိုင်း relate လုပ်လို့ရတဲ့ issue တွေပါ။ ဒါပေမယ့် အဲလို သီချင်းအရွေးကောင်းပေမယ့်လို့ သူ့ performance က အတော်လိုအပ်နေပါတယ်လို့ ရိုးသားစွာ ထင်ြ်မင်မိပါတယ်။ သူ့မှာ ကြုံတွေ့နေရတဲ့ (individual level, institutional level) အခက်အခဲတွေကို စာနာနားလည်ပေးနိုင်ပေမယ့် ရွေးထားတဲ့ အပုဒ်တိုင်း လိုလိုမှာ အသံဝင်သလိုလို ကီးလွဲသလိုလို ဖြစ်နေတော့ အားပေးရခက်လာတယ်လို့ ခံစားနေရသူတွေ များလာပါတယ်။ ဥပမာ ပေးပါရစေ။ YBS စထွက်တော့ လူထုက အုံနဲ့ ကျင်းနဲ့ ၀န်းရံခဲ့ပါတယ်။ ဒါပေမယ့် အခုနှစ်ပေါက်လာတဲ့အထိ ကဒ်စနစ်က ဖြစ်မလာသေးပါ။ တရုတ်တန်း လမ်းဘေးဈေးသည်လည်း ဒီလိုပါပဲ။ အခု ဖွင့်နေကျနေရာမှာ တစ်ချို့ ပြန်ဖွင့်နေကျပါပြီ။ ကားပါကင်လည်း သိပ်ထူးမခြားနားပါ။ အခုထိတစ်ချို့က ဦ်းမြဲဦးဆဲပါပဲ။ အနည်းဆုံး သီချင်းတစ်ပုဒ်လောက်ကိုဖြင့် ပိုင်ပိုင်နိုင်နိုင် သီဆိုပြဖို့ ပရိသတ်က တောင့်တနေပါတယ် ကွီးဖြိုးရေ။ ပရိတ်သတ်ရဲ့ ဒီတောင့်တသံကို ကွီးဖြိုးနားထောင်မယ်ဆိုရင် အလွယ်တကူ ကြားနိုင်ပါတယ်။ မူးယစ်ဆေးဝါးဂိုဏ်းကြီးကို ခဏထားလို့ စမ်းချောင်းနဲ့ လှည်းတန်းတစ်ဝိုက်က ခွေးလေခွေးလွင့်တစ်အုပ် လောက်တော့ မနိုင်သင့်ပေဘူးလားဗျာ လို့ ပြောသံတွေ ကွီးဖြိုးကြားနိုင်ပါစေ။
.
.
အနီးကပ် တိုက်ကွက် ခပ်လှလှများ
-----------------------------------
ဒီဖိုင်နယ်အပတ်မှာ ပထမတစ်ကြော့ ပရိတ်သတ်ရွေးပေးတဲ့ သီချင်းတွေကို ဆိုပြီးတဲ့အထိ လူတွေရဲ့ voting က မငြိမ်သေးပါဘူး။ (ရွေးကောက်ပွဲစကားနဲ့ ပြောရင်တော့ ဟိုဘက်လိုလို ဒီဘက်လိုလို swing voters တွေ ဖြစ်နေဆဲပါ။ ကျွန်တော်လည်း ပထမတစ်ကြော့အပြီးမှာ ဟိုလိုလို ဒီလိုလို ဖြစ်နေတာပါ) ကိုငွေစိုး ရာဇ၀င်များရဲ့ သတိုးသမီးကို ရွေးချယ်မှု၊ သေသပ်စွာ သီဆိုမှုနဲ့ သီဆိုမှုအပြီး ကိုလင်းလင်းပြောတဲ့ စကားတွေဟာလည်း ပရိတ်သတ်တွေအပေါ် သက်ရောက်မှု emotional appeal ရှိခဲ့ပုံပေါ်ပါတယ်။ ကိုငှက် မိသားစုကို ထည့်ပြောဖြစ်တာတွေ၊ arrangement အသစ်နဲ့ လုပ်ထားတာတွေအပြင် နဂိုက ဘိုဘိုမှ ဘိုဘို ဖြစ်နေတဲ့ ကိုငွေစိုးကြီးဟာ ရာဇ၀င်များရဲ့ သတိုးသမီးနဲ့ တွေ့မှ ဘိုဘိုက ခွဲထွက်ပြီး ကိုငွေစိုးအစစ်ကြီးရလိုက်သလို ခံစားမှုမျိုးကို ပရိသတ်ကြီးဆီ ပေးလိုက်နိုင်တာ အင်မတန်ထိရောက်တဲ့ ပွဲသိမ်းတိုက်ကွက်တွေလို့ ထင်မိပါတယ်။
.
၂၀၁၅ တုန်းကလည်း အဲဒါမျိုး ဆန်ဆန်အနေအထားတွေဟာ NLD အတွက် ဖြစ်ပေါ် ပေါ်ပေါက်ခဲ့ပါတယ်။ ပိုင်ဆိုင်မှု ကြေငြာမလား စိမ်ခေါ်တာတို့၊ လင်းတလောက်တော့ ငှက်တိုင်းလှပါတယ်တို့၊ စင်ကာပူက မိတ်ဆွေတွေက ရှေ့ဆောင် ၀ုန်းပြတာတို့၊ ကြီးကြီးငယ်ငယ် အွန်လိုင်း netizen တွေရဲ့ တစ်ခဲနက် ရုန်းချက်တွေဟာ ထိရောက်တဲ့ အနီးကပ်တိုက်ကွက်တွေ ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ တစ်ဖက်က push factor တွေနဲ့ တွန်းထုတ်တာလည်း ပါတာပေါ့လေ။ မဲစာရင်း အကြိမ်ကြိမ် မမှန်တာ၊ ပြည်သူ့ရင်ပြင်မှာ ဟောပြောခွင့်လုပ်ခွင့်မပေးတော့ သင်္ကန်းကျွန်းကွင်းကို လူအများကြီးပေါက်ချလာ၊ မခိုင်ကြီး (ထွန်းအိန္ဒာဗိုလ်) အပါအ၀င် အနုပညာသမားတွေရဲ့ စည်းရုံးရေးကားကို ဒုက္ခပေးတာ စတာတွေက immediate push factors တွေ ဖြစ်ခဲ့ပါတယ်။ ဒီအနီးကပ်တိုက်ကွက်တွေဟာ ရေရှည်မကျေနပ်မှု frustration တွေအပေါ်မှာ ဆင့်ခံလိုက်တော့ အင်အားဆတိုးသက်ရောက်ခဲ့ပါတယ်။ ဒါမျိုး အကွက်တွေလည်း ၂၀၂၀ မှာ ပေါ်ပေါက်ထုတ်သုံးနိုင်ပါစေလို့ ဆုတောင်းပါတယ်။
.
.
အားနည်းသူကို ၀န်းရံအားပေးလိုမှု
------------------------------
လူတွေရဲ့ ဆိုင်ကိုလော်ဂျီသဘောအရကိုက underdog တွေကို ချစ်ခင်သနား စာနာပြီး အားပေးတတ်ကြပါတယ်။ (underdog ဆိုတာ အသာစီး အနေအထားမရသူကို ပြောတာနော်။ ခွေးလို့ ပြောတာ မဟုတ်ဘူး။ တော်ကြာ ကိုငွေစိုး အမာခံတွေ လာဝုန်းနေမှာစိုးလို့။ ကျွန်တော်လည်း ကိုငွေစိုးကိုပဲ ဗုတ်ခဲ့တာနော် Peace! :) ) ကိုငွေစိုးကို အားပေးကြသူထဲက တစ်ချို့မှာလည်း ဒီဆိုင်ကိုလော်ဂျီကို သတိထားမိပါတယ်။ ကိုငွေစိုးကြီးက နယ်ကလာတာ.....ရိုးရိုးကြီး....မိသားစုလည်း ရှိတယ်....သူ့မိသားစုကလည်း ခပ်ရိုးရိုးကြီး .....သာမာန်မိသားစု....အစရှိတဲ့ သဘောထားတွေကို တွေ့ရပါတယ်။ သူနဲ့ယှဉ်ရင် Mark Jason ကို ပရိတ်သတ်တွေက underdog လို့ သိပ်သဘောမထားကြဘူးလို့ ထင်မိပါတယ်။
.
၂၀၁၅ တုန်းကလည်း NLD ကို အားပေးခဲ့တာ underdog ကို နိုင်စေချင်တဲ့သဘောမျိုးတွေလည်း တွေ့ရပါတယ်။ အမေစု အပါအ၀င် NLD ၀င်တွေက မတရား ဖမ်းဆီး နှိပ်စက်ခံထားရတာ...ငါတို့ပါတီမှာ ဘုန်းထားတဲ့ ရန်ပုံငွေလည်း မရှိ.....စနစ်တကျ ဖွဲ့စည်းထားတဲ့ ကြေးစား ဆိုက်ဝါးအဖွဲ့လည်း မရှိ.......ဒင်းတို့က အပေါ်ကြေးပေါက်နေတယ်....ငါတို့က အောက်က ဖြစ်နေတယ်......ငါတို့ ၀န်းရံမှ ဖြစ်မယ်ဆိုတဲ့ သဘောမျိုးနဲ့ ၀န်းရံခဲ့ကြသူတွေ၊ ကိုယ့်ထမင်းကိုယ်စား အမေ့သားသမီးတွေ အများကြီးပေါ်ထွက်ခဲ့တယ်။
.
ဒါပေမယ့် NLD ဟာ အခုအချိန်မှာ ချောင်ချိုချောင်ကြားက အတိုက်အခံ ပါတီ မဟုတ်တော့ပါဘူး။ underdog မဟုတ်တော့ပါဘူး။ အစိုးရတစ်ပိုင်း ဖြစ်လို့ နေပါပြီ။ ဒီပြောင်းလဲသွားတဲ့ အခြေအနေကို သိမြင်ကာ လိုက်လျောညီထွေမှုရှိအောင် function လုပ်နိုင်ရမှာပါ။ လုပ်ပြနိုင်ရမှာပါ။
.
.
ပရိသတ်အမျိုးမျိုးနဲ့ ကိုယ့်ပရိတ်သတ်ကို နားလည်မှု
------------------------------
ပရိတ်သတ်အမျိုးမျိုး ရှိပါတယ်။ တစ်ချို့အဆိုတော်တွေက ကိုယ်ဆိုချင်တဲ့ သီချင်းကို ဦးစားပေးဆိုပါတယ်။ တစ်ချို့အဆိုတော်တွေက ပရိတ်သတ်ကို ထိမယ့် သီချင်းမျိုးကို ဆိုပါတယ်။ ဥပမာ ...woofer ပြုတ်တုန်းကလည်း စိတ်မကောင်းဖြစ်ရပါတယ်။ ကျန်တဲ့ ဂီတအမျိုးအစားနဲ့ ယှဉ်ရင် သူ့ Hip Hop နဲ့ ဆွဲဆောင်နိုင်တဲ့ပရိသတ်က နည်းလွန်းတာကိုးခင်ဗျာ့။ ဂရေ့စ်ပြုတ်တုန်းကလည်း သီချင်းရွေးတာ လိုသွားလို့များလားဆိုပြီး တွေးမိပါတယ်။ သူဆိုတာ ရှယ်ကောင်းတယ် မကောင်းဘူး spectacular ဖြစ်မဖြစ် ငြင်းလို့ ရနိုင်ပေမယ့် တန်းမီတယ်ဆိုတာတော့ တော်တော်များများ လက်ခံမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူက Walt Disney သီချင်းတွေပဲ အဆိုများခဲ့ပါတယ်။ နိုင်ငံတကာမှာ ပေါက်ပေမယ့် ကျွန်တော်တို့ ဆီမှာ လူသိနည်းတဲ့ သီချင်းတွေလည်း ပါခဲ့ပါတယ်။ ဥပမာ colours of the wind။ သူပရိတ်သတ်ကို မခန့်မှန်းနိုင်ခဲ့သလားလို့ တွေးကြည့်မိတာပါ။ သူကြိုက်လို့ သူဆိုတာကို ကျွန်တော့်အနေနဲ့ နားလည်းပေးနိုင်ပါတယ်။ အဲဒီအတွက်လည်း လေးစားပါတယ်။ ဒါသူ့ရဲ့ artistic freedom ပါ။ Artist တွေဟာ တစ်ခါတလေမှာ ပရိတ်သတ်ရဲ့ expectation ကို ရှေ့တန်းသိပ်မတင်တာ၊ coach တွေ ပရိုဂျူဆာတွေရဲ့ directive တွေကနေ သွေဖယ်တာ လုပ်နေကြပါ။ သူတို့က artist တွေကိုး ခင်ဗျာ့။
.
ဒါပေမယ့် NLD ကတော့ အဲလို လုပ်လို့ မရပါဘူး။ NLD က artist မဟုတ်၊ နိုင်ငံရေးပါတီ။ NLD သည် ကိုယ့် ပရိတ်သတ်ကို နားလည်နိုင်ရပါမယ်။ ပရိသတ် မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်ရပါမယ်။ ၂၀၁၅ တုန်းက လူကို မကြည့်နဲ့ ပါတီကိုပဲ ကြည့်ပါဆိုတဲ့ စကားဟာ အလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၀ မှာ အဲဒီစကားရဲ့ အာနိသင်ဟာ လျော့သွားပါလိမ့်မယ်။ NLD ပရိတ်သတ်ထဲမှာ အမျိုးမျိုးပါပါတယ်။ တစ်ချို့က အမေစုရှိနေသရွေ့ ဒီမျက်နှာ တစ်ခုတည်းနဲ့ကို ယုံယုံကြည်ကြည် ထည့်မှာပါ။ တစ်ချို့ကတော့ အရင်က သံယောဇဉ်နဲ့ ထည့်ပါလိမ့်မယ်။ တစ်ချို့တော့ အခု လုပ်နေတာတွေကို ကြည့်ပြီး ထည့်ပါလိမ့်မယ်။ တစ်ချို့ကတော့ အရင်က လုပ်ထားတာတွေကို ကြည့်ပြီးထည့်ပါလိမ့်မယ်။ တစ်ချို့ကတော့ နောင်လုပ်မယ်လို့ ကတိပေးထားတာတွေကို ကြည့်ပြီး ထည့်ပါလိမ့်မယ်။ တစ်ချို့က လတ်တလောရလာဒ်တွေကိုကြည့်ပြီး ထည့်ပါလိမ့်မယ်။ တစ်ချို့ကတော့ intermediate နဲ့ long term plan တွေအထိ စဉ်းစားပြီး ထည့်ပါလိမ့်မယ်။ ဆိုလိုတာကတော့ ပရိတ်သတ်ထဲမှာ ချိုမိုင်မိုင်လောက်ကပြရင်ပဲ သဘောကျမယ့်သူရှိမှာ ဖြစ်သလို မိုက်တိုင်ဆန်နဲ့ မေ၀ယ်သာလောက်ကို ဟဲဗီးကိုင်ပြမှ စိတ်ထဲ အဆင်ပြေမယ့် သူလည်း ရှိပါမယ်။ ဒါကို သဘောပေါက်ဖို့ လိုပါတယ်။ (NLD တစ်ချို့အမတ်တွေကတော့ အခုအချိန်အထိကို ချိုမိုင်မိုင်ကရတဲ့ လက်ခုပ်သံလောက်ကို ဘ၀ ထင်နေပုံ ရပါတယ်။) ဒါကြောင့်မို့ NLD ဟာ ကိုယ့်ပရိတ်သတ်ထဲကို လျှော့မတွက်ဖို့ အဆင့်မြင့် ပရိတ်သတ်တွေ ပါနေတယ်ဆိုတာ မကြာခဏ သတိရဖို့ လိုပါလိမ့်မယ်။
.
.
အကောင်းပြိုင်ပါ။ အညံ့ပြိုင်နေခြင်း မဟုတ်။
------------------------------------
သီချင်းဆိုပြိုင်တာ ဘယ်လောက်ကောင်းအောင်ဆိုနိုင်သလဲ ပြိုင်တာပါ။ အလွဲအနည်းဆုံး ပြိုင်တာမဟုတ်ပါ။ သီဆိုမှုမှာ အမှားနည်းတိုင်း အဲဒီဖျော်ဖြေမှုကို ပရိတ်သတ်တိုင်းက ခံတွင်းတွေ့ကြမယ်လို့ အာမမခံနိုင်ပါဘူး။ ဒါကို ကျွန်တော်တို့ ချစ်တဲ့ NLD သဘောပေါက်ရပါမယ်။ ပရိတ်သတ်က တစ်ခုခု ထောက်ပြတိုင်း ဆက်လက်ကြိုးစားပါ့မယ်။ ဒီထက် ပိုကောင်းအောင် လုပ်ပါ့မယ်ဆိုတဲ့ response မျိုး စကားမျိုး ထွက်ဖို့ လိုပါလိမ့်မယ်။ အရင်က လူတွေနဲ့ ယှဉ်ကြည့်ပြီး အညံ့ပြိုင်နေတဲ့ သဘောမျိုးဆန်တဲ့ ဆင်ခြေတွေပေးတာဟာ တစ်ချို့ ပရိတ်သတ်တွေ လက်ခံနိုင်ပေမယ့်လို့ တစ်ချို့ ပရိတ်သတ်တွေကို ကိုယ့်ဘက်ကနေ တွန်းထုတ်လိုက်သလို ဖြစ်စေတတ်တာကို သတိရဖို့ လိုပါလိမ့်မယ်။
.
.
စာအတော်ရှည်ပြီမို့ နိဂျုံးခုတ်လိုက်တော့မယ်။ မရပ်ရင် The Voice Myanmar က presenter လို အဆဲခံရတော့မယ်။ The Voice Myanmar က ဒိုင်တွေရဲ့ ပြောနေကျ စကားကို ငှားသုံးလိုက်မယ်နော်...
.
Good Luck ပါ NLD။ Voting တွေ အများကြီးရပါစေ။ ။
.
.
.
(NLD ကိုလည်း ကိုယ့်ရင်ထဲက ပါတီမို့ ဆန်ရင်းနာနာဖွတ်ဆိုသလို ရေးမိပါတယ်။ ရေးတာကလည်း လောလောဆယ်အခုအချိန်ထိ ထောက်ခံနေတဲ့ ပါတီမို့ ပွင့်ပွင့်လင်းလင်း စိတ်ထဲရှိတဲ့အတိုင်း ရေးမိပါတယ်။ ဆရာကြီးလုပ်တယ်လည်း မထင်စေချင်ဘူးဗျာ။ ထောက်ပြပြောဆိုတဲ့ ပြည်သူတစ်ယောက်ရဲ့ အသံလို့သာ သဘောထားနားထောင်ပေးပါ။ လွန်တာရှိရင်လည်း ၀န္ဒာမိနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ကြိုက်ရင်သယ်သွား မကြိုက်ရင် ပယ်ထားမူနဲ့ ရေးထားတာမို့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ပြုမယ်လို့ ရိုးသားစွာ မျှော်လင့်ပါတယ်ခင်ဗျာ။)
ထက်နေလင်းဦး
The Voice Myanmar မှ ၂၀၂၀ အတွက် ပေးသော သင်ခန်းစာ
Reviewed by timeayeyar
on
8:51 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment