Latest News

Sunday, June 3, 2018

ဆင်ခြင်ဖွယ် မှိုအန္တရာယ်

ဆင်ခြင်ဖွယ် မှိုအန္တရာယ်

ပါမောက္ခ ဒေါက်တာခင်ဖြူပြာ

ပြီးခဲ့တဲ့အပတ်တုန်းက နိုင်ငံခြားသတင်းတစ်ခု ဖတ်ကြည့်ပြီး ကျွန်မစိတ်ထဲမှာ ကိုယ့်လူမျိုးတွေ အတွက် စိတ်ပူသွားမိပါတယ်။ အီရန်နိုင်ငံရဲ့ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ အီရန် အနောက်ဘက်ခြမ်းမှာရှိတဲ့ ဒေသကြီး ၁ဝ ခုကနေပြီးတော့ လူပေါင်း ၈ဝဝ ကျော်ဟာ သူတို့ဒေသထွက် မှိုကိုစားပြီး ''မှိုတောက်တဲ့ရောဂါ'' ဖြစ်နေပါတယ်တဲ့။ သူတို့ခန့်မှန်း တာကတော့ အနည်းဆုံး လူနာ ၁၁ ဦးဟာ အသက်အန္တရာယ် ဆုံးပါးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်တဲ့။ အဲဒီအထဲက   လူနာနှစ်ဦးကတော့ အသည်းလုံးဝ အလုပ်မလုပ်တော့လို့ အသည်းအစားထိုး ကုသမှု လုပ်ရမယ်လို့ ပြောပါတယ်။ ဘယ်လောက်များ ဆိုးသလဲလို့။

အီရန်နိုင်ငံဆိုတာ ရေနံနဲ့ သူဌေးဖြစ်နေတာလေ။ အဲတော့ သူတို့တိုင်းပြည်မှာ နေတဲ့ လူတွေက စားစရာမရှိလို့ မှိုကိုစားတာတော့ မဖြစ်နိုင်ပါဘူး။ စားဖို့မသင့်လျော်တဲ့မှို၊ တစ်နည်းအားဖြင့် အဆိပ်ရှိတဲ့မှိုကို  စားလို့ရတဲ့ မှိုလို့ထင်ပြီး စားတာပါတဲ့။ အီရန်နိုင်ငံ  မှိုတောက်တဲ့ သတင်းဟာ လွန်ခဲ့တဲ့အနှစ် ၂ဝ ကျော်က ကုသမှုပေးခဲ့ရတဲ့ ကောလိပ် ကျောင်းသားလေး ငါးဦးကို ပြန်ပြီး သတိရစေပါတယ်။ သူတို့လေးတွေလည်း အခုဆို အသက် ၄ဝ ကျော်လူကြီးတွေ ဖြစ်ကုန်ပြီပေါ့။ အဲဒီတုန်းက ဒီကလေးတွေက နောက်ဆုံးနှစ် ကျောင်းသားကြီးတွေပေါ့။ နောက်ဆုံးနှစ်ဆိုတော့ တစ်ယောက်တစ်ခန်း နေလို့ရတယ်တဲ့။ ဒါ့အပြင် အခန်းထဲမှာလည်း အဲဒီခေတ်အခေါ် ဟော့ပလိတ် (လျှပ်စစ်မီးဖို) လေးနဲ့ ဆရာတွေ မသိအောင် ဟင်းချက်စားလို့ ရတယ်ပေါ့။

သူတို့ မျက်စပစ်နေတာကတော့ သူတို့ အဆောင်ဘေးမှာ ပေါက်နေတဲ့ မှိုတွေပေါ့။ ညနေဘက် သင်တန်းပြီးတဲ့ အချိန်မှာ လက်အသွက်ဆုံးလူက မှိုတွေခူးပြီး ချက်လိုက်တယ်။ ပြီးတော့သူငယ်ချင်း လေး၊ ငါးယောက် စုပြီး ထမင်းစားကြတယ်။ လတ်လတ်ဆတ်ဆတ် ဆိုတော့ အရမ်းအရသာ ရှိတာပေါ့။ မှိုအဖတ်တွေ ကုန်သလောက် ဖြစ်တဲ့အချိန်မှာ နောက်ဆုံးမှ ရောက်လာတဲ့သူက ဟင်းအရည် လက်ကျန်နဲ့ မှိုအဖတ်အကျန် လေးတွေပဲ စားရတော့တာပေါ့။ အဲတော့ ဟင်းရည်အကုန် မော့သောက်လိုက်တယ်။ အချိန်က ညနေ ၆ နာရီလောက်ပေါ့။ စားပြီး  နာရီဝက်၊ တစ်နာရီ လောက်မှာပဲ ဒီကလေးတွေ အားလုံး မူးဝေ၊ ပျို့၊ အန်ပြီး ဝမ်းတွေ သွားကြတာပေါ့။ အဆိုးဆုံးကတော့ နောက်ဆုံးမှ အိုးစွပ်ခွက်စွပ် စားရတဲ့လူပေါ့။ သူကအစောဆုံး မှိုတောက်တဲ့ လက္ခဏာပြတယ်။ သူသွားတဲ့ဝမ်းထဲမှာ သွေးတွေပါ ပါလာတယ်။ သွေးပေါင်ကျပြီး ဆေးရုံကို အစောဆုံး ရောက်တာပေါ့။ သူကအဆိုးဆုံးပဲလေ။ တော်တော်လေးကို ကုလိုက်ရတယ်။ အူတွေလည်းရောင်၊ အသည်းလည်းထိ၊ နှလုံးလည်းထိ၊ ကျောက်ကပ်လည်းထိတာပေါ့။

ဘုရား မ လို့ အားလုံး ကောင်းသွားတယ်လို့ ပြောရပါမယ်။ ဒီကလေးတွေလည်း ကောလိပ် ကျောင်းသားတွေလေ၊ ဘွဲ့တောင်ရခါနီးနေပြီ။ မှိုတောက်ရောဂါနဲ့ ပတ်သက်ပြီး အသိအမြင်တော့ အထိုက်အလျောက်ရှိမှာပေါ့။ သူတို့အဆောင်ဘေးမှာ ပေါက်နေတာနဲ့ပဲ စားကောင်းတဲ့မှိုလို့ ထင်သွားလေသလား။ လူငယ်ဆိုတော့ စူးစမ်းတဲ့စိတ်နဲ့ စမ်းသပ်ပြီး  စားကြည့်သလား။ ကျိန်းသေတာ တစ်ခုကတော့ မှိုဟင်းစားရတော့ စားနေတုန်းမှာ ပျော်ခဲ့ကြတာပါပဲ။ မှိုရတဲ့ မျက်နှာတွေ ဖြစ်ခဲ့မှာပေါ့။ မှိုရတဲ့ မျက်နှာဆိုတာ ဝမ်းသာကြည်နူးမှု အပြည့်ရှိတဲ့ မျက်နှာကိုဆိုလိုတာပါ။ ကျွန်မတို့ အမြဲသုံးနေကြတာလေ။ ဒါကိုကြည့်ရင်ပဲ မှိုကိုဘယ်လောက် တန်ဖိုးထားသလဲလို့။ အိပ်မက်ထဲမှာ မှိုတွေပါရင်ပဲ မင်္ဂလာရှိတယ်၊ လာဘ်ကောင်းတယ်လို့ မှတ်ယူကြတာလေ။

ကျွန်မအပါအဝင် မြန်မာလူမျိုး အားလုံးပေါ့။ ဒါတင်မကသေးဘူး။ ထိုင်း၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူအစရှိတဲ့ နိုင်ငံတွေမှာလည်း မှိုကိုတန်ဖိုးထားပြီး ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာအဖြစ်  မှိုအစို၊ မှိုအခြောက် ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပါတယ်။ မှိုကဈေးကြီးပါတယ်။ တောင်ပို့မှိုဆိုရင် ပုစွန်တုပ်ဈေးလောက် ရှိတယ်။ ဟုတ်ပါတယ်။  မှိုမှာ ကယ်လိုရီဓာတ်၊ အသားဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ပါပါတယ်။ စားကောင်းတဲ့ မှိုစားပြီးရင် ရနိုင်တဲ့ ဆိုးကျိုးကတော့ အဆစ်နာဂေါက် ရောဂါဖြစ်ပါတယ်။မူလက အကင်းသေပြီးသား ဂေါက်ရောဂါတောင် မှိုစားပြီးတဲ့ညမှာ ပြန်ကြွတတ်ပါတယ်။ ကျွန်မရဲ့လူနာတစ်ဦးဆိုရင် သူ့မှာ ဂေါက်ရောဂါရှိတာ သိသိနဲ့ပဲ မှိုဟင်းဆိုရင် အလွတ်မပေးဘူးလေ။ မှိုဟင်းက အင်မတန် အရသာရှိပြီး ချိုနေတာပဲလေ။ မှိုနဲ့ကန်စွန်းရွက်ဆိုရင် ကြက်သားဟင်းနဲ့တောင် မလဲနိုင်ဘူးလို့ လူတွေပြောလေ့ ရှိပါတယ်။

အဲဒီလောက်ကို ကောင်းတာပါ။ ကျွန်မတို့ လူမျိုးတွေရဲ့ယုံကြည်ချက်ကတော့ မှိုဆိုရင် ကန်စွန်းရွက်နဲ့ ကျော်ရတယ်။ အဆိပ်အတောက် ပြေတယ်လို့ ပြောပါတယ်။ ငရုတ်သီးစိမ်းလေး ထည့်အုပ်မှလည်း မှိုမတောက်ဘူးလို့ ပြောကြပါတယ်။ အချို့ကလည်း မှိုဟင်းကို သံပရာသီး ဆမ်းပြီးစားရင် အဆိပ်မဖြစ်ပါဟု ပြောတယ်။ ဒါတွေဟာ ရှေးကတည်းက ယုံကြည်ထားကြတာဆိုတော့ မှန်သင့် သလောက်လည်း မှန်မှာပါ။ ဒါပေမဲ့ ၁ဝဝ ရာခိုင်နှုန်းတော့ မဖြစ်နိုင်ပါ။ အရေးကြီးတာက မှိုကိုချက်စားတော့ မယ်ဆိုရင် စားသင့်တဲ့ မှိုပဲဖြစ်ရပါမယ်။ ကျွန်မတို့ နန္ဒဝန် ဈေးထဲမှာ   ပုံမှန်ရောင်းနေတဲ့ ကောက်ရိုးမှို၊ တောင်ပို့မှို၊ ငွေနားမှို၊ အပ်မှိုတွေကတော့ စားနေကျပုံစံဖြစ်လို့ အဆိပ်မရှိတဲ့ မှိုတွေပါပဲ။

ထူးထူးခြားခြား အရောင်ရှိတဲ့မှို၊ အနီရောင်မှို၊ ခြေချင်းပါတဲ့မှို၊ ဆန်းပြားတဲ့ သဏ္ဌာန်ရှိတဲ့ မှိုတွေကိုတော့ မထိသင့်ပါ။ အချို့ကလည်း မှိုကိုဆားနဲ့ ပွတ်ကြည့်ပြီး ခွဲခြားကြပါတယ်။ ဘယ်လိုပဲပြောပြော စားနေကျမှိုကိုပဲ ဆင်ဆင်ခြင်ခြင် စားသင့်ပါတယ်။ အလေ့ကျ ပေါက်တဲ့မှို၊ ပုံမှန်အသွင်သဏ္ဌာန် မရှိတဲ့မှိုဆိုရင် လုံးဝမတို့ သင့်ပါဘူး။ ယူကေနိုင်ငံက ကျန်းမာရေး အကာအကွယ်ပေးရေး အဖွဲ့မှ ကျွမ်းကျင်သူ များရဲ့အဆိုအရ အချို့သော မှိုများသည် စားသင့်သောမှို (အဆိပ်မရှိသောမှို)နှင့် အပြင်သဏ္ဌာန် လုံးဝတူသော်ငြားလည်း ၎င်းမှိုကို စားပြီးသောအခါ မှိုဆိပ်သင့်သည့် လက္ခဏာများ ပေါ်နိုင်ကြောင်း တွေ့ရပါတယ်တဲ့။

ဆိုလိုတာက ပြင်ပလက္ခဏာအရ အဆိပ်ရှိတဲ့မှို၊ အဆိပ်မရှိတဲ့မှို ခွဲခြားခြင်းဟာ ၁ဝဝ ရာခိုင်နှုန်း စိတ်မချရပါတဲ့။ ဒီလိုဆိုရင် စိုက်ပျိုးလို့ ရတဲ့မှိုပဲ စိတ်ချရသလို ဖြစ်သွားပြီလေ။ ဒီတော့လည်း လွန်ခဲ့တဲ့ရှစ်နှစ်လောက်က တြိဂံဒေသ တောထဲမှာ ခရီးသွားရင်း မှိုဟင်းချက်စားတဲ့ လူနာတွေအဖြစ်က မဆန်းဘူးပေါ့။ သူတို့ အုပ်စုကျတော့ မှိုဟင်းစားပြီးပြီးချင်း အထက်လှန် အောက်လျှောဆန်ဆန်ဖြစ်တော့ သိပ်မဆိုးဘူး။

 နောက်ထပ် သုံး၊ လေးရက်နေမှ တစ်ကိုယ်လုံး အသားဝါဖြစ်ပြီး သတိမေ့သွားတာ။ အသည်းထိသွားတာပေါ့။ ဆီးလည်းမထွက်တော့ဘူး။ ကျောက်ကပ် ထိသွားတာလေ။ တစ်ကိုယ်လုံးကလည်း သွေးတွေထွက်နေတာ။ သွေးမတိတ်တာပါ ဖြစ်တာပေါ့။ အသည်းအစားထိုး တာရော၊ ကျောက်ကပ် အစားထိုးတာပါ လုပ်မှ အသက်ရှင်မှာပေါ့။ တကယ့်ကို အစားမတော် တစ်လုတ်ပါပဲ။ မှိုတောက်တဲ့ လက္ခဏာ ဖြစ်ပြီဆိုရင် မှိုဆိပ်ဖြေဆေး ဆိုတာမရှိပါ။ ကျွန်မတို့ လုပ်နိုင်တာက ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ အရည်နဲ့ဓာတ်ဆားတွေ ပြန်ဖြည့်ပေးရတာ။ ကမ္ဘာပေါ်မှာလည်း မှိုဆိပ်ဖြေဆေး မရှိပါ။ တြိဂံဒေသမှ ရန်ကုန်ကိုပို့လိုက်တဲ့ လူနာတစ်ဦးကတော့ အကြောဆေးပေါင်းစုံ၊ ပင်နီဆီလင် အကြောဆေး၊ အင်တီအောက်ဆီးဒင့်၊ ဗီတာမင်အကြောဆေး၊ ဆလင်မရင် သောက်ဆေးများဖြင့် ကုသလိုက်တဲ့အခါ အသက်ရှင်သွားပါသည်။

ဘုရားဆင်းပြီး ကယ်တာပဲ ဖြစ်မယ်ထင်ပါတယ်။ အခုလိုမိုးဦးကျမှာ  နေလေးပြန်ပူတာဖြစ်ရင် တောထဲကတောင်ပို့မှိုတွေ အများကြီး ထွက်လာဦးမှာပါ။ မှိုတွေပေါက်တာလည်း လာဘ်ကောင်းတာဖြစ်မှာပါ။ မှိုတွေ့ တိုင်းစားသင့်တဲ့မှိုလို့ မထင်လိုက်ပါနဲ့။ အသိဖြင့်ဆင်ခြင်ကြပါ။ အစားမတော် တစ်လုတ် ဆိုသလို မှိုဟင်းတစ်ခွက်စားပြီး အသက်အန္တရာယ် ဆုံးရှုံးနိုင်တယ် ဆိုတဲ့ အသိရှိကြပါ။


MWD

No comments:

Post a Comment