Latest News

Thursday, June 14, 2018

Miss Myanmar International 2018 အလှမယ်ဆု မေယုခတ္တာရရှိ

Miss Myanmar International 2018 အလှမယ်ဆု မေယုခတ္တာရရှိ

Miss Myanmar International 2018 ၏ နောက်ဆုံးအဆင့် အလှမယ် ရွေးချယ်ပွဲကို ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပရာ Miss Myanmar International 2018 အလှမယ်ဆုကို မေယုခတ္တာက ရရှိခဲ့သည်။

အလှမယ် မေယုခတ္တာသည် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည့် Miss International 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာ့ခရီးသွား လုပ်ငန်း ပိုမိုတိုးတက် စေရေးအတွက် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများကို မြှင့်တင်ရန်နှင့် ကမ္ဘာ့အဆင့် အလှမယ် ပြိုင်ပွဲများသို့ မြန်မာအမျိုးသမီးများ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်၍ Miss ပြိုင်ပွဲများကို ၂ဝ၁၂ ခုနှစ်က စတင် ကျင်းပခဲ့ခြင်းဖြစ်သည်။

 ၂ဝ၁၂ ခုနှစ်တွင် အလှမယ် နန်းခင်ဇေယျာ၊၂ဝ၁၃ ခုနှစ်တွင် ဂုဏ်ရည်အေးကျော်၊ ၂ဝ၁၄ ခုနှစ်တွင် မေဘရဏီသော်၊ ၂ဝ၁၅ ခုနှစ်တွင် အမရာငြိမ်း၊ ၂ဝ၁၆ ခုနှစ်တွင် အင်ကြင်းထူးနှင့် ၂ဝ၁၇ ခုနှစ်တွင် စဝ်ယွန်းဝတီဦး တို့က မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် နိုင်ငံတကာ၌ သွားရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ Miss Myanmar International 2018 Final ပြိုင်ပွဲတွင် ဆန်ခါတင် အလှမယ် ၂ဝ ဦးက ရိုးရှင်းလှပသော ဖက်ရှင်ဒီဇိုင်းများဖြင့် မြန်မာဝတ်စုံ၊ အနောက်တိုင်း ဝတ်စုံများဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

 ပြိုင်ပွဲတွင် Title ဆုရရှိသူများနှင့် TOP 10 စာရင်းဝင် အလှမယ်များသည် မြန်မာ့ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ မြန်မာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်သည် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ နှစ်စဉ်ကျင်းပသော ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ ခရီးသွားပြပွဲနှင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပသည့် မြန်မာ့ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးတို့တွင် ပါဝင်ဆောင်ရွက်နေသည့် အပြင် မြန်မာနိုင်ငံ အတွင်း ခရီးကြမ်းကားမောင်း ပြိုင်ပွဲများနှင့် ရပ်ရွာလူထု အခြေပြု ခရီးသွား လုပ်ငန်းများကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

MWD

No comments:

Post a Comment