Latest News

Thursday, June 14, 2018

ကျွန်တော်တို့ ဒုက္ခရောက်ပြီး မြန်မာနိုင်ငံရောက်လာချိန်မှာ အစိုးရဘက်က ကူညီစောင့်ရှောက်ပေးတာ ကျေးဇူးတင်ပါတယ်

ကျွန်တော်တို့ ဒုက္ခရောက်ပြီး မြန်မာနိုင်ငံရောက်လာချိန်မှာ အစိုးရဘက်က ကူညီစောင့်ရှောက်ပေးတာ ကျေးဇူးတင်ပါတယ်


ရသေ့တောင်မြို့နယ် သာစည်ကျေးရွာအနီး ပင်လယ်ကမ်းစပ်၌ ပျက်စီးနေသောစက်လှေပေါ်မှ ကူညီစောင့်ရှောက်ထားသည့် လှေစီးဒုက္ခသည်များအား တွေ့ဆုံမေးမြန်းခြင်း

ဇွန် ၁၁ ရက် နံနက်ပိုင်းက ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝ၊ သာစည်ကျေးရွာအနီး ပင်လယ်ကမ်းစပ်၌ ပျက်စီးနေသော စက်လှေတစ်စင်းနှင့် အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၆ဝ စုစုပေါင်း ၁ဝ၄ ဦးတို့အား စိစစ်တွေ့ရှိခဲ့သဖြင့် တာဝန်ရှိသူများက ငါးခူရပြန်လည်လက် ခံရေး စခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိစစ်မှုများ ပြုလုပ်ခဲ့ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့သည်။

အဆိုပါလှေစီးဒုက္ခသည်များမှ အချို့နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

ရှာဒရာဘီဘီ
(မောင်တောမြို့နယ်)

ဘင်္ဂလားဒေ့ရှ်ဘက်မှာ အမေ့ရဲ့ ညီမ အဒေါ်နဲ့ အမျိုးတွေရှိ ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ကို သွားတာပါ။ သူများတွေက မလေးရှားသွားချင်ကြတယ်။ အဒေါ်က ကျန်းမာရေးမကောင်းဘူး။ အဲဒါကြောင့် အမျိုးတွေရော၊ အဒေါ်ရောရှိတဲ့ ဘင်္ဂလားဒေ့ရှ် ဘက်ကို သွားတာပါ။ သွားပြီးပြန်လာတာပါ။ ဒီဘက်မှာက ကျွန်မအမေနဲ့ အဖေလည်း ရှိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံကို ပြန်လာတာဖြစ်ပါတယ်။

မာမောတ်ရှော်ဖိက်
(ဘော်ဒေါ်ဆော့ရားရွာ၊ ကော့ဘဇားမြို့နယ်)

ကျွန်တော် မလေးရှားနိုင်ငံကို သွားမလို့ပါ။ မလေးရှား နိုင်ငံမှာ ကြုံရာအလုပ်လုပ်ဖို့ ရည်ရွယ်တာပါ။ အဲဒီမှာ အလုပ် သွားလုပ်တဲ့သူ အများကြီးရှိပါတယ်။ သူတို့လို အလုပ်သွားလုပ် ချင်လို့ ပွဲစားနဲ့ ဆက်သွယ်ခဲ့တာပါ။ လူတော်တော်များများကို အဲဒီပွဲစားက မလေးရှားဘက်မှာ အလုပ်ရမယ်၊ အဆင်ပြေမယ် ဆိုပြီး စည်းရုံးပါတယ်။ မလေးရှားဘက်ကို သွားပြီး အလုပ်လုပ်ဖို့ ပိုက်ဆံပေးရပါတယ်။ မလေးရှားအရောက် အပြီးအစီး တာကာငွေ တစ်သိန်း ရှစ်သောင်း ပေးရပါတယ်။ ပွဲစားက ပထမဆုံးလှေနဲ့သွားမယ်၊ ပြီးမှ သင်္ဘောပေါ်တက်ပြီး မလေးရှား ကို သွားမယ် ပြောပါတယ်။ အဲဒီလိုသွားဖို့လုပ်ရင်း ဒီကိုရောက် လာတာပါ။ တော်တော်ဒုက္ခရောက်ခဲ့ပါတယ်။

အခု မြန်မာနိုင်ငံရောက်တော့ တော်တော်လေး အဆင်ပြေ ပါတယ်။ မလေးရှားကို သွားချင်တယ်။ ပြီးတော့ မလေးရှားငွေ တန်ဖိုးက မြင့်တယ်၊ ဒါကြောင့် မလေးရှားဘက်မှာ တစ်နေ့ အလုပ်လုပ်လို့ရတဲ့ ပိုက်ဆံက ဘင်္ဂလားဒေ့ရှ်မှာ အလုပ်လုပ်လို့ ရတဲ့ ပိုက်ဆံထက် ပိုများတယ်။ အဲဒါကြောင့် အဲဒီမှာပဲ အလုပ် လုပ်ချင်တာပါ။ မှောင်ခိုလမ်းနဲ့တော့ မသွားချင်တော့ဘူး။ အစိုးရ ကူညီထောက်ပံ့မှုနဲ့ပဲ သွားချင်ပါတယ်။
ကျွန်တော်တို့ ဒုက္ခရောက်ပြီး မြန်မာနိုင်ငံကို ရောက်လာ တဲ့အချိန်မှာ မြန်မာနိုင်ငံအစိုးရဘက်က ထောက်ပံ့ပေးတယ်။ ကူညီပေးတယ်။ စောင့်ရှောက်ပေးပါတယ်။ အဲဒီအတွက် အင်မတန် ကျေးဇူးတင်ပါတယ်။

မီဇာနူရော်မော်မန်(နေယာဖာရောကျေးရွာ၊ တက်နက်မြို့နယ်၊
ဘင်္ဂလားဒေ့ရှ်နိုင်ငံ)

မလေးရှားနိုင်ငံကို သွားတာပါ။ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ရင် ပိုက်ဆံအများကြီးရပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အလုပ်လုပ်ရတာ ပင်ပန်းပါတယ်။ ကျွန်တော့် မိဘတွေ က အသက်ကြီးပါပြီ၊ ကျွန်တော်က မိဘတွေကို လုပ်ကိုင် ကျွေးမွေးချင်ပါတယ်။ မလေးရှားက ပိုက်ဆံပိုရပြီး အလုပ်လုပ် ရတာလည်း ဘင်္ဂလားဒေ့ရှ်မှာလောက် မပင်ပန်းဘူးလို့ ပြောကြပါတယ်။ ကျွန်တော်က ဘင်္ဂလားဒေ့ရှ် ဘောလုံးသမား တစ်ယောက်ပါ။

ကျွန်တော်က သွားချင်တော့ ပွဲစားနဲ့ ချိတ်ဆက်ပါတယ်။ ပွဲစားကို တာကာငွေ တစ်သိန်းရှစ်သောင်း ပေးရပါတယ်။ ဒီလိုနဲ့ စက်လှေနဲ့ သွားတော့ မုန်တိုင်းမိပါတယ်။ စက်လှေပျက်ပြီးတော့ မြန်မာနိုင်ငံကို ရောက်လာတာပါ။ မြန်မာအစိုးရက ကောင်းကောင်းမွန်မွန်နဲ့ ကူညီထောက်ပံ့စောင့်ရှောက်ပေးထား ပါတယ်။ အဆင်ပြေရင်တော့ ဘင်္ဂလားဒေ့ရှ်ကို ပြန်ချင်ပါတယ်။

မိုဟာမက် ဇေလောက်အူဒိန် (ဆော်ဖောရ်ရောန်ဒီးကျေးရွာ၊
ကော့ဘဇားမြို့နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ)

မလေးရှားနိုင်ငံကိုသွားရင် ပင်ပန်းမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်မှာ တစ်နေကုန်အလုပ်လုပ်လည်း ရတဲ့ပိုက်ဆံက မိသားစုအတွက် မလောက်ငပါဘူး။ ဒါ့ကြောင့် စွန့်စားပြီးသွားတာပါ။ သွားရင်းနဲ့ ဒုက္ခရောက်ပြီး မြန်မာနိုင်ငံကို ရောက်လာတာပါ။ ဒီကိုရောက်လာတော့ မြန်မာအစိုးရက ကူညီထောက်ပံ့ပေးပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ ဒီစခန်းမှာနေဖို့လည်း ပြောပါတယ်။ ကျွန်တော်တို့ နားလည်ပါတယ်။ အဲဒီလိုလည်း နေထိုင်မှာပါ။ မြန်မာအစိုးရရဲ့ အကူအညီနဲ့ ကိုယ့်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပဲ ပြန်သွားချင်ပါတယ်။

ဒီရှာ
(မြို့မ ကညင်တန်းကျေးရွာ၊ မောင်တောမြို့နယ်)

ကျန်းမာရေးမကောင်းလို့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆေးကုဖို့ သွားခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဆေးကုပြီး ပြန်လာ တယ်၊ ဘင်္ဂလားဒေ့ရှ်ကနေ ဒီဘက်ကိုလာဖို့အတွက် လောင်းလှေ စီးခ တာကာငွေ ငါးထောင်ပေးရပါတယ်။ ပြီးတော့ လောင်းလှေ ပေါ်မှာ လူတွေကများတယ်။ ပြီးတော့ လှေထဲကို ရေတွေဝင် တော့ ကြောက်ပြီး ငိုကြတယ်၊ ဒီလိုနဲ့ မလေးရှားသွားမယ့် စက်လှေနဲ့ တွေ့တယ်။ ဒါ့ကြောင့် စက်လှေပေါ်တက်ကြတယ်၊ စက်လှေပေါ် တက်ပေမယ့် မလေးရှားသွားမယ့် စက်လှေမှန်း မသိဘူး။ စက်လှေပေါ်ရောက်ပြီး နောက်နေ့မနက်ကျတော့ စက်လှေက ပျက်သွားတော့ သုံးရက်လောက် မျောနေပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံဘက် ရောက်လာတာဖြစ်ပါတယ်။

ပြန်​/ဆက်​(သတင်းအဖွဲ့)

No comments:

Post a Comment