Latest News

Monday, June 11, 2018

ရန်ကုန်မြို့၏ အထင်ကရဖြစ်သော အင်းလျားကန်ကို မြို့ပြအမွေအနှစ်အဖြစ် အပြာရောင်ကမ္ပည်းပြား တပ်ဆင်မည်

ရန်ကုန်မြို့၏  အထင်ကရဖြစ်သော အင်းလျားကန်ကို
မြို့ပြအမွေအနှစ်အဖြစ် အပြာရောင်ကမ္ပည်းပြား တပ်ဆင်မည်

ရန်ကုန်    ဇွန်    ၁ဝ

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူအများအပန်းဖြေနားခိုရာ   အင်းလျားကန်ကို မြို့ပြအမွေအနှစ်အဖြစ် အပြာရောင်ကမ္ပည်းပြား တပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးလွင်က ပြောသည်။

ရန်ကုန်မြို့   လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ    မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်  (UMFCCI)၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပ သော အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ အကြံပေးအဖွဲ့မှ  ဦးဆောင်ကျင်းပသည့် ပြည်သှူအတွက် ဟောပြောပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးလွင်က မီဒီယာများ အား အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။      
         
ယနေ့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ အကြံပေးအဖွဲ့မှ ကြီးမှူး ကျင်းပသော ပြည်သူ့ အတွက်ဟောပြောပွဲတွင် အမျိုးသားရေးအဆင့် ရေအရင်းအမြစ် ကော်မတီအကြံပေးအဖွဲ့ ဥက္ကဋ္ဌ  ဦးချိုချို၊  အတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ ခင်နီနီသိန်း၊ အကြံပေးအဖွဲ့ဝင် ဦးဗစ်တာ၊ လူငယ် ရေပညာရှင် မောင်ဝေတိုးနှင့် ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးလွင်တို့ တက်ရောက်ခဲ့ကြသည်။

''ကျွန်မတို့အနေနဲ့ ဒေါက်တာ ဒေါ်နီနီသိန်းရဲ့ အကြံပြုချက်အရရော Water Body ကို မြို့ပြအမွေအနှစ်အနေနဲ့ ရန်ကုန်မြို့ရဲ့ အင်းလျားကန်ကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းပြီး အပြာရောင်ကမ္ပည်းပြား တပ်ဆင်သွားဖို့  ရည်ရွယ်ထားပါတယ်၊ ဒီနှစ်ထဲမှာ အဲဒီအင်းလျားကန်ကို အပြာရောင် ဆိုင်းဘုတ် ကမ္ပည်းပြား တပ်ဆင်ပြီးတော့ ထိန်းသိမ်းသွားဖို့နဲ့ သန့်ရှင်းမှုတွေ ဆက်လက်လုပ်ဆောင် သွားဖို့ ရှိပါတယ်၊ ရန်ကုန်မြို့ Water Body အနေနဲ့ ဆက်လက်တည်ရှိနိုင်ရေးအတွက်ပါ၊ ရေပြင်ရေထုတွေဟာဆိုရင် သဘာဝအနေနဲ့ရော၊ ယဉ်ကျေးမှုအနေနဲ့ပါ အရေးပါတဲ့  နေရာတွေဖြစ်ပါတယ်၊ အရင်က အင်းလျားဘေးမှာ မရမ်းပင်တောတွေ၊ သရက်တော တွေရှိခဲ့တယ်၊ အဲဒီနေရာမှာ ရန်ကုန်တက္ကသိုလ်ကြီးကို ၁၉၂၈ နဲ့ ၁၉၃ဝ ဝန်းကျင်မှာ  စတင်တည်ဆောက်ခဲ့တာဖြစ်တယ်၊ ရန်ကုန်တက္ကသိုလ်ဆိုတာ အနယ်နယ်အရပ်ရပ်က  လူတွေ လာရောက်ဆုံစည်းတဲ့နေရာဖြစ်တော့ အင်းလျားကန်နဲ့ ရန်ကုန်တက္ကသိုလ်ဆိုတာ  မြို့ပြယဉ်ကျေးမှုမှာ ခွဲခြားလို့မရနိုင်တဲ့ အရာဖြစ်ပါတယ်'' ဟု ရန်ကုန်မြို့ ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးလွင်က ပြောသည်။

ရန်ကုန်မြို့ပြအမွေအနှစ်  ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေနှင့်  မြို့ပြ အမွေအနှစ် အပြာရောင်ကမ္ပည်းပြား ဆိုင်းဘုတ်များကို ရန်ကုန်မြို့ပြအတွင်းရှိ မြို့ပြ အမွေအနှစ်နေရာ ၂ဝ တွင် တပ်ဆင်ခဲ့ပြီးဖြစ်သည်။ ယခု အင်းလျားကန်အပါအဝင်  ဗိုလ်အောင်ကျော်လမ်းတို့ကို   များမကြာမီကာလအတွင်း   အပြာရောင်ကမ္ပည်းပြား တပ်ဆင်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးကျော် (ကနောင်သွေး)၊ ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment