Latest News

Monday, June 11, 2018

စိန်ယောက်မနှင့် ကျွန်တော်တို့ချစ်သော ရုပ်ရှင်ဇာတ်ကားများ ဇွန် ၁၅ ရက်မှစ၍ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးများတွင် ပြသမည်

စိန်ယောက်မနှင့် ကျွန်တော်တို့ချစ်သော ရုပ်ရှင်ဇာတ်ကားများ ဇွန် ၁၅ ရက်မှစ၍ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးများတွင် ပြသမည်

ရန်ကုန်   ဇွန်   ၁ဝ

အောင်သီရိ ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးက စီစဉ်ထုတ်လုပ်သည့်  စိန်ယောက်မ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက ရန်ကုန်မြို့  သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ကျွန်တော်တို့ချစ်သော ရုပ်ရှင်ဇာတ်ကားကို ချမ်းသာရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ဝင်းဆောင်(နေကြာရိုင်း) ကရိုက်ကူးထားခြင်းဖြစ်ကာ ဇွန် ၁၅ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ရိုက်ကူးထားခြင်းဖြစ်ပြီး  မောင်ဖြစ်သူကို   အလွန်ချစ်သော အပျိုကြီးနှစ်ဦးအနေဖြင့် မောင်ဖြစ်သူ မိန်းမရသွားမည်ကို  စိုးရိမ်မှုကြောင့် မောင်ဖြစ်သူ၏ ချစ်သူအား စိတ်ကုန်သွားစေရန်  နည်းအမျိုးမျိုးဖန်တီးကာ ပညာပြနှောင့်ယှက်ပုံ၊ မိန်းမရရှိသွား ပြီးနောက်  မောင်ဖြစ်သူ၏  မိန်းမအား  စိတ်ပျက်လာစေရန် နည်းအမျိုးမျိုးဖြင့် ပညာပြနှောင့်ယှက်ပုံတို့နှင့် မောင်ဖြစ်သူ၏  မိန်းမက  အပြန်အလှန်  ပညာပြပုံတို့ကို  အဓိကအခြေခံကာ ရယ်ရွှင်ဖွယ် ရိုက်ကူးထားခြင်းဖြစ်သည်။

ယင်း ရုပ်ရှင်ဇာတ်ကားတွင် ကိုဗလအဖြစ် ကျော်ရဲအောင်၊  ဘုန်းတန်ခိုးအဖြစ်    ပြေတီဦး၊   ခင်လှိုင်၊   ထက်အောင်ရှိုင်း၊ ထိပ်တင်မို့အဖြစ် မို့မို့မြင့်အောင်၊ ထိပ်တင်စိုးအဖြစ် စိုးမြတ်သူဇာ၊ ခိုင်အဖြစ် ခိုင်သင်းကြည်နှင့် အခြားသော အနုပညာရှင်များစွာ ဖြင့် ပုံဖော်ထားပြီး  တစ်မူထူးခြားစွာ ရိုက်ကူးထားသော ဟာသ ရုပ်ရှင်ဇာတ်ကားဖြစ်ကြောင်း သိရသည်။

ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ''ဒီကားလေးကတော့ ပုံစံတစ်မျိုးလေးပြောင်းပြီးတော့ ဝါရင့်သရုပ်ဆောင်တွေနဲ့  ရိုက်ထားတာပါ၊   အခုလို   ဝါရင့်သရုပ်ဆောင်တွေပေါင်းပြီး ရိုက်လိုက်တဲ့အတွက် အရသာတစ်မျိုးလေးဖြစ်သွားတာပေါ့၊  ဖြစ်လေ့ဖြစ်ထရှိတဲ့   အကြောင်းအရာတစ်ခုကို   အခြေခံပြီး ရိုက်ထားတာပါ၊ ယောက်မတို့၊ ယောက်ဖတို့၊ ခမည်းခမက်တို့  ဆိုတာ   အမြဲတမ်းရှိနေမှာပါ၊   သမီးယောက်မအချင်းချင်း ဖြစ်တတ်တဲ့ အကြောင်းအရာတွေကို အမျိုးမျိုးပြကြတာတွေ ရှိတယ်၊  ဒါတွေထဲက  တစ်မျိုးလေးရိုက်ပြထားတာပါ၊  ဝါရင့်  သရုပ်ဆောင်တွေဖြစ်တဲ့အတွက်    ဇာတ်ကောင်စရိုက်အရ ပြောလိုက်ရင် လိုက်လျောညီထွေဖြစ်အောင် သရုပ်ဆောင်သွား တဲ့အတွက် ကြည့်ရတာ ပိုပြီးအဆင်ပြေမှာပါ၊ ဇာတ်လမ်းသဘော  တရားအရကတော့ ထုံးစံအတိုင်းပါပဲ၊ မောင်ဖြစ်တဲ့သူကို မိန်းမ  မပေးစားချင်တဲ့အတွက် မောင်ဖြစ်တဲ့သူရဲ့ ရည်းစားကို မယူဖြစ် အောင် လိုက်ပြီးနှောင့်ယှက်တဲ့ သဘောလေးပါ၊ ဇွန် ၁၅ ရက်နေ့  ရုံတင်မှာပါ၊ စိတ်အပန်းဖြေဖို့အတွက် လာရောက်ကြည့်ရှုစေချင်ပါ တယ်'' ဟု ပြောသည်။

သရုပ်ဆောင် ပြေတီဦးက ''ဒီဇာတ်ကားမှာ ကျွန်တော်ရဲ့  ဇာတ်ကောင်စရိုက်ကတော့ မိဘတွေမရှိတော့တဲ့နောက်ပိုင်းမှာ အစ်မနှစ်ယောက်နဲ့နေရတာပေါ့၊ အစ်မနှစ်ယောက်ကတော့  မမို့နဲ့ မကြီးစိုးတို့ပါ၊ သူတို့နှစ်ယောက်ရဲ့ အုပ်ထိန်းမှုအောက်မှာ နေရတယ်၊ ကျွန်တော့်ရဲ့  ကြီးတော်ကြီးကတော့ ဒေါ်နွဲ့နွဲ့စန်းပေါ့၊ အစ်မတွေက မောင်ကိုအရမ်းချစ်တဲ့အခါကျတော့ မိန်းမယူဖို့ ဆိုရင် ဘယ်သူနဲ့မှ သဘောမတူဘူးပေါ့၊ အဲဒီပုံစံမျိုးလေးပါ၊ ဇာတ်ကွက်ထဲမှာ    မိန်းမလျာပုံစံလုပ်ပြီး   ယောက်ျားတွေကို စိတ်ဝင်စားတဲ့ပုံစံမျိုးပါတယ်၊ အဲဒါလေးကို ဘယ်လိုလုပ်ရင် ကောင်းမလဲစဉ်းစားပြီးတော့ ကိုယ်လည်း  လုပ်တတ်သလိုမျိုး လေးနဲ့ ဒါရိုက်တာနဲ့ တိုင်ပင်ပြီးတော့ လုပ်ကြည့်ခဲ့တယ်၊  ပရိသတ် တွေကလည်း သဘောကျပါတယ်၊ ပရိသတ်တွေသဘောကျရင်  ဝမ်းသာပါတယ်၊ ကျွန်တော်လည်း အဲဒီအခန်းတွေကို ကြိုက်ပါ တယ်၊  ရိုက်ကွင်းမှာလည်း  အားလုံးပျော်ရွှင်ပြီး  ရယ်နေရပါတယ်၊ အထူးသဖြင့်ကတော့ သရုပ်ဆောင်ကြီးတွေနဲ့က ချစ်ခင်ရင်းနှီးမှု ရှိပြီး  မိသားစုလိုတွေဖြစ်နေတော့  သရုပ်ဆောင်ကြရတဲ့အခါ မှာလည်း    ပျော်နေပြီးတော့    လုပ်ရတဲ့အိုက်တင်တွေကလည်း ပိုပြီးလွတ်လပ်တယ်၊  ပိုပြီးကောင်းပါတယ်၊  မခိုင်လေးဆိုရင် အလွန်ကောင်းပါတယ်၊ တော်တော်ရယ်ရတယ်၊ ဒီကားလေးဟာ ရယ်ရတဲ့   ကားလေးတစ်ကားဖြစ်တာကြောင့်   ပရိသတ်တွေ အမောပြေမှာပါ'' ဟု ပြောသည်။

သရုပ်ဆောင် ခိုင်သင်းကြည်က ''ဇာတ်ကားစပြီး တစ်ဝက် ကျော်ကျော်လောက်ရောက်မှ စပြီးကြည့်တာတောင် တော်တော် ရယ်ရတယ်၊ ဒီဇာတ်ကားထဲမှာတော့ ယောက်မတစ်ယောက် အနေနဲ့ သရုပ်ဆောင်ရတာပါ၊   မခိုင်လေးနဲ့  မကြီးစိုးတို့  မမို့တို့က ယောက်မတွေပါ၊ အဲဒီယောက်မတွေအချင်းချင်း ပတ်မွှေတဲ့ ဇာတ်လမ်းလေးပါ၊ ဟာသကားလေးဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး လေးဖြစ်ပါတယ်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ ရိုက်ရတဲ့အတွက်ကြောင့်  လည်း  ပျော်ပါတယ်၊  ရိုက်နေတဲ့အချိန်မှာလည်း  ရယ်ရသလို အခုလို ကြည့်ရတဲ့အခါမှာလည်း တော်တော်လေးရယ်ခဲ့ရပါတယ်၊ အကုန်လုံးပျော်စရာတွေ၊   ရယ်စရာတွေချည်းပါပဲ၊   စိတ်ညစ်စရာ မရှိတဲ့ ဇာတ်ကားကောင်းလေးပါ၊ ပေးချင်တဲ့အကြောင်းအရာ တွေကတော့ ကြီးကြီးမားမား မရှိပါဘူး၊ ဟာသအနေနဲ့ ဖျော်ဖြေ ရေးကားလေးတစ်ခုပါပဲ၊ ရိုက်ကွင်းအမှတ်တရအနေနဲ့ကတော့  အများကြီးမရှိပါဘူး၊ ချော်လဲတဲ့အခန်းမှာတော့ တကယ်တူ အောင် ချော်လဲပေးရတာဆိုတော့ နည်းနည်းတော့နာတာပေါ့၊  ဇာတ်ဝင်ခန်းအနေနဲ့ကတော့ ပြေတီဦး မိန်းမလျာလုပ်တဲ့ အခန်း ကိုလည်း ကြိုက်တယ်၊ ဒီကနေ့ကြည့်ခဲ့ရတဲ့ အထဲမှာဆိုရင်တော့  မခိုင်နဲ့ မမို့တို့၊ မကြီးစိုးတို့ သီချင်းဆိုပြီးကတဲ့ အခန်းကတော့  တော်တော်လေးရယ်ရပါတယ်၊  ဒီဇာတ်ကားလေးဟာ  နမူနာမှာ လည်း တော်တော်လေးကောင်းတဲ့အတွက် ပရိသတ်တွေ စိတ်ဝင် စားကြတယ်၊ ပရိသတ်တွေကိုလည်း လာကြည့်ကြဖို့ ဖိတ်ခေါ်ပါ တယ်'' ဟု ပြောသည်။

သရုပ်ဆောင်   ထက်အောင်ရှိုင်းက   ''ကျွန်တော့်ဆရာ ကိုဇော် (အရုဏ်ဦး) က  ဒီကားမှာ မင်းအတွက် ကောင်းလည်း  ကောင်းတယ်၊ တစ်ခန်းတည်းဆိုပေမယ့် နေရာကောင်းတယ်၊ မင်းဝင်ရိုက်လိုက်ဆိုလို့ အခုလိုပါဝင်ခွင့်ရခဲ့တာပါ၊ ဒီဇာတ်ကားမှာ  ကိုပြေတီဦးရဲ့ ဟန်ဆောင်သူငယ်ချင်းအနေနဲ့ ယောက်ျားချင်း ချစ်ကြိုက်နေတဲ့ပုံစံမျိုးလေး သရုပ်ဆောင်ပြီး သူ့ရဲ့ အစ်မတွေ  စိတ်ပျက်သွားအောင်   လုပ်ပေးရတာပါ၊   ဒီဇာတ်ကားဟာ ကျွန်တော့်အနေနဲ့ကတော့ တတိယအကြိမ်မြောက်ဇာတ်ကားပါ၊ ရိုက်မယ့်ရက်မှ သိခွင့်ရတဲ့အတွက် ကျွန်တော့်ဘက်က ကြိုတင်  ပြင်ဆင်မှု မရှိခဲ့ပါဘူး၊ ရိုက်နေတဲ့အချိန်မှာ ကိုယ့်ထက် ဝါရင့်တဲ့ အနုပညာရှင်ကြီးတွေက သင်ပေးကြတယ်၊ အားလုံးလက်တွဲခေါ် ကြပါတယ်၊   အဲဒါကြောင့်   တော်တော်အဆင်ပြေပါတယ်၊ ကျွန်တော်လည်း ကျေနပ်ပါတယ်၊ ဒီဇာတ်ကားမှာ မခိုင်လေး ကပြီး သီချင်းဆိုတဲ့အခန်းကို အကြိုက်ဆုံးပါပဲ၊ ပရိသတ်တွေ လည်း ကြိုက်ကြမှာပါ၊  ဒီကားလေးဟာ ဟာသကားလေးပါ၊ စကားမပြောဘဲနဲ့  သရုပ်ဆောင်မှုတွေကို  ကြည့်နေရင်တောင်  တော်တော်ရယ်ရပါတယ်၊ ကျွန်တော့်ကို အားပေးကြပါ၊ ပရိသတ် ချစ်တဲ့၊   အားပေးတဲ့   အနုပညာရှင်ကောင်းတစ်ယောက်ဖြစ် အောင် အမြဲတမ်းကြိုးစားနေမှာပါ'' ဟု ပြောသည်။

ဇာတ်လမ်းအကျဉ်းအနေဖြင့် ဘုန်းတန်ခိုးသည် ထိပ်တင်မို့ နှင့်    ထိပ်တင်စိုးဟူသော   အစ်မကြီးနှစ်ဦးနှင့်   ကြီးတော် ဒေါ်စိန်တင့်တို့နှင့်အတူ  နေထိုင်လေသည်။  ထိပ်တင်မို့နှင့် ထိပ်တင်စိုးတို့မှာ ဂေါ်မစွံ အပျိုကြီးများဖြစ်ကြပြီး သူတို့ ဂေါ်မစွံ ဖြစ်ရခြင်းမှာလည်း တစ်ဦးတည်းသော မောင်လေးဘုန်းတန်ခိုးကို  သည်းသည်းလှုပ်ချစ်ကြ၍    တစ်သက်လုံးအိမ်ထောင်မပြုဘဲ မောင်လေးကိုပဲ စောင့်ရှောက်သွားမည်ဟု သန္နိဋ္ဌာန်ချထားသော  ကြောင့်ပင် ဖြစ်၏။

မောင်ဖြစ်သူ ဘုန်းတန်ခိုးကို ဘယ်မိန်းကလေးနဲ့မှ မပတ် သက်ဖို့၊ တစ်သက်လုံး အစ်မတွေနဲ့ပဲ အတူနေဖို့ ပြင်းပြင်းထန်ထန်  ရာဇသံချထားခဲ့သော်လည်း မောင်ဖြစ်သူမှာ ''ခိုင်'' ဆိုသည့်  မိန်းကလေးနှင့် တွေ့ဆုံ ချစ်ကြိုက်ခဲ့ရာ အပျိုကြီးများဖြစ်ကြသည့်  မို့နှင့် စိုးတို့ ဆွေ့ဆွေ့ခုန်ကြတော့သည်။ ဘုန်းတန်ခိုးချစ်သူထား သည့်ကိစ္စကို အပြင်းအထန် ကန့်ကွက်သောအခါ ဘုန်းတန်ခိုးက  လုံးဝလက်မခံ။ ခိုင်မှခိုင် ဖြစ်နေခဲ့သည်။ မို့နှင့် စိုးကလည်း လုံးဝ အလျော့မပေးသဖြင့် မောင်နှမသုံးယောက် အချေအတင်ဖြစ်ရ တော့သည်။

ထို့နောက်   ''ခိုင်'' အား  လေ့လာရန်   သဘောတူခဲ့ပြီး ''ခိုင်'' အိမ်သို့ လာမည့်နေ့တွင် မို့နှင့် စိုးတို့က ခိုင့်ကို အရှက်တကွဲ အနာတရဖြစ်ပြီး ထိတ်လန့်၍ ထွက်ပြေးစေရန် နည်းမျိုးစုံဖြင့် ဉာဏ်ဆင်ကာ    ကြိုတင်အကွက်ချစီစဉ်ပုံ၊    မောင်ဖြစ်သူနှင့် ''ခိုင်'' လက်ထပ်ပြီး တစ်အိမ်တည်း အတူနေရာတွင် စိတ်ပျက် လာစေရန် နည်းအမျိုးမျိုးဖြင့်  နှောင့်ယှက်ပုံ၊ ''ခိုင်'' ၏ အစ်ကို ဖြစ်သူ ထောင်ထွက် ကိုဗလ နေအိမ်သို့ ရောက်ရှိလာပြီး အပျိုကြီး နှစ်ဦးအား  ပညာပေးပုံ၊  ကိုဗလနှင့်  ဘုန်းတန်ခိုးတို့  မရှိခိုက် အိမ်သို့   ဓားပြအဖွဲ့ဝင်စီးပြီး   ပြန်ပေးဆွဲပုံတို့ကို   ရယ်ရွှင်ဖွယ် ရိုက်ကူးထားသော ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်သည်။

သတင်း- ဇော်ကြီး၊ ဓာတ်ပုံ- ဇော်မင်းလတ်
ကျွန်တော်တို့ချစ်သော ရုပ်ရှင်ဇာတ်ကားကြီး
ကျွန်တော်တို့ချစ်သော   ရုပ်ရှင်ဇာတ်ကားကြီးသည် ချစ်သော မိသားစုအသိုက်အဝန်း၊ ချစ်သောချစ်ရသူ၊ ချစ်ရသော မိမိ၏လုပ်ငန်းခွင် စသည့်တို့အပေါ် တန်ဖိုးထားမြတ်နိုးခြင်းကို အဓိကထား ရိုက်ကူးတင်ဆက်ထားသည့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်သည်။
ယင်းရုပ်ရှင်ဇာတ်ကားကြီးကို ချမ်းသာရုပ်ရှင်ထုတ်လုပ်ရေး မှ   ထုတ်လုပ်ပြီး   တင်အောင်စိုး (ပန်းမြို့တော်)၏   ဝတ္ထုကို ဇာတ်òန်း ပြည်သက်ထွန်း၊ ကဗျာသစ် ရေးသားကာ ဒါရိုက်တာ  ဝင်းဆောင် (နေကြာရိုင်း) က ရိုက်ကူးထားခြင်းဖြစ်သည်။ အဓိကသရုပ်ဆောင်များအဖြစ်  စိုးရန်အောင်နှင့် မိုးယုစံတို့က  ပါဝင်သရုပ်ဆောင်ထားပြီး  ရွှေသွန်းခ၊  မေစူးနိုင်၊  စန္ဒီမောင်  တို့အပြင် အခြားအနုပညာရှင်များစွာလည်း ပါဝင်ထားသည်။

''တကယ်တမ်း   စစ်ကားဆိုတာက   ပုဂ္ဂလိကအနေနဲ့ ရိုက်လေ့ရိုက်ထ မရှိတော့ပါဘူး၊ နိုင်ငံတော်အနေနဲ့ တပ်ကပဲ ရိုက်ကြတာ များတယ်ပေါ့၊ ဒါကြောင့် ဒီကားက ဦးကျော်ဟိန်းတို့ နောက်ပိုင်းမှာ ပုဂ္ဂလိကအနေနဲ့ ရိုက်တဲ့ ပထမဆုံးကားပါ'' ဟု ဒါရိုက်တာ ဝင်းဆောင် (နေကြာရိုင်း) က ပြောသည်။

ယင်းဇာတ်ကားကြီးသည် စစ်ကားတစ်ကားဟု ဆိုရမည် ထက် လူမှုဘဝပုံစံအမျိုးမျိုးကြားက ချစ်ခင်တွယ်တာမှုများကို အဓိကထားတင်ဆက်ထားပြီး စစ်တိုက်ဇာတ်ဝင်ခန်းများအကြား  ဟာသဇာတ်ဝင်ခန်းများဖြင့်လည်း ရသစုံလင်စွာ ရိုက်ကူးပုံဖော် ထားသည်။

''တစ်ဦးနဲ့တစ်ဦး နေထိုင်ရာ ပတ်ဝန်းကျင်မှာ လူတိုင်း ကိုယ်ချစ်တဲ့သူတွေနဲ့ နေထိုင်ချင်ကြတာပါပဲ၊ ဒီအကြောင်းအရာ လေးက ဇာတ်ကားရဲ့ အဓိကပေးချင်တဲ့ အကြောင်းအရာပေါ့၊ ဒီဇာတ်ကားကြီး ဖြစ်မြောက်အောင်မြင်ဖို့အတွက် ကျွန်တော်တို့ လူငယ်တွေအားလုံး အခက်အခဲအမျိုးမျိုးကြားက ရိုက်ကူးပုံဖော် ခဲ့ကြတယ်၊   ကျွန်တော်တို့ကို   အသိအမှတ်ပြုသောအားဖြင့် ကျွန်တော်တို့ချစ်သော ရုပ်ရှင်ဇာတ်ကားကြီးကို လာရောက် ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်'' ဟု အဓိကသရုပ်ဆောင်အဖြစ်  ပါဝင်သည့် သရုပ်ဆောင် စိုးရန်အောင်က ပြောသည်။

မေနှင်းဆီ

No comments:

Post a Comment