Latest News

Tuesday, June 26, 2018

နှလုံးသွေးကြောကျဉ်းရောဂါ ရှိ၊ မရှိ

နှလုံးသွေးကြောကျဉ်းရောဂါ ရှိ၊  မရှိ

နှလုံးရောဂါအမျိုးမျိုးရှိတဲ့အထဲမှာ လူသိအများဆုံး ရောဂါကတော့ နှလုံးသွေးကြောကျဉ်းရောဂါပဲ ဖြစ်ပါ တယ်။ ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာ မင်းသား မင်းသမီး တွေက မိဘစကား နားမထောင်လို့ ဇာတ်ပို့သရုပ်ဆောင် အဖေ အမေက ရင်ဘတ်ကိုဆုပ်ကိုင်ပြီး လဲကျသွားတာ ခဏခဏမြင်ဖူးပါလိမ့်မယ်။

နှလုံးသွေးကြောကျဉ်းရောဂါဟာ တကယ်လည်း ကြောက်ဖို့ကောင်းပြီး ကင်ဆာပြီးရင် လူသတ်တဲ့ရောဂါ
ထဲမှာ ထိပ်ဆုံးက ပါပါတယ်။

အရင်တုန်းကတော့ အဆီအဆိမ့်စားတာများတဲ့
လူချမ်းသာတွေဖြစ်တဲ့ရောဂါလို့ဆိုပေမယ့် ဆင်းရဲသူတွေ
ကိုလည်း ချမ်းသာမပေးပါဘူး။ နှလုံးသွေးကြောကျဉ်းရောဂါ ဟာ နှလုံးကြွက်သားကို သွေးပေးနေတဲ့သွေးကြောမကြီး တွေ ကျဉ်းရာကနေ နှလုံးသွေးလျှောက်နည်းတာကြောင့် ရင်ဘတ်အောင့်တဲ့ဝေဒနာလက္ခဏာကို ပြပါတယ်။ များ သောအားဖြင့် သွေးတိုးတက်နေတာ သို့မဟုတ် နှလုံးခုန် မြန်စေတဲ့ စိတ်လှုပ်ရှားတာ၊ အပြင်းအထန် ကိုယ်လက် လှုပ်ရှားမှုလုပ်ရင်းက နှလုံးကသွေးမဝတော့ဘဲ အောင့် တက်လာတာပါ။

သွေးတွင်းအဆီများ

နှလုံးသွေးကြောကျဉ်းတာဟာ ဘာကြောင့်ဖြစ်သလဲဆို တော့ ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီများတာနဲ့ အရေး အကြီးဆုံးကတော့ ဆေးလိပ်သောက်တာကြောင့်ဖြစ်ပါ တယ်။ ဒါ့အပြင် ရောဂါရှိတာချင်းအတူတူ မိဘဆွေမျိုး ထဲမှာ ငယ်ငယ်ရွယ်ရွယ်(အသက် ၅၅ နှစ်အောက်)နဲ့ နှလုံးသွေးကြောကျဉ်းရောဂါရှိရင်တော့ ကိုယ့်မှာ ပိုအဖြစ် များပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါရှိသူဟာ ဆေးကုသမှု မခံဘဲထားရင် သက်တမ်းစေ့မနေရပါဘူး။ အဓိက အန္တရာယ်က မြန်မာတွေ  ''ဟတ်အတက်  (Heart Attack) လို့ခေါ်တဲ့ နှလုံးသွေးကြောလုံးဝပိတ်သွားပြီးနှလုံးကြွက်သား နံရံတွေပုပ်သွားရာကနေ ရုတ်တရက် သေဆုံးတတ်တာပါ။ ပြီးတော့ နှလုံးညှစ်အား နည်းရာက အမောဖောက်တာ၊ နှလုံးခုန် မမှန် ဖြစ်တတ်တာတို့ပဲဖြစ် ပါတယ်။

ဆေးလိပ်ဟာ နှလုံးရဲ့ရန်သူ

တချို့ဆို နှလုံးကအားနည်းတော့ ဟိုနား ဒီနားတောင် လမ်းလျှောက်မရဘဲ ဂီလာန ဖြစ်လာပါတယ်။ နှလုံးသွေး ကြောကျဉ်းရောဂါကို ကုသရာမှာတော့ မဖြစ်ခင်ကြိုတင် ကာကွယ်တဲ့အနေနဲ့ရော  ဖြစ်ပြီးခဲ့ရင်လည်း  ထပ်မဆိုး အောင် ဆီးချို၊  သွေးတိုးနဲ့  သွေးတွင်းအဆီကို  ချရပါ တယ်။  ဆေးလိပ်ဟာ  နှလုံးရဲ့ရန်သူပါ။  ဖြတ်ဖို့ အလွန် အရေးကြီးပါတယ်။  ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုနဲ့ အဝမလွန်စေခြင်းဟာလည်း ကာကွယ်ရာရောက်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပြီဆိုရင်တော့ ကုသ ရေးမှာ အစွန်းရောက်နေတဲ့ပြဿနာ နှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ နှလုံးရောဂါ ရှိ၊ မရှိ သေချာစစ်မနေ တော့ဘဲ လူနာက ရင်ဘတ်အောင့်တယ်ဆိုတာနဲ့ အဆီ ကျဆေး သွေးကျဲဆေး၊ နှလုံးသွေးကြောကျယ်ဆေး၊ သွေးတိုးကျဆေးနဲ့ အခြားဆေးပေါင်း ၁ဝ မျိုးလောက်ကို အဆုပ်လိုက်ကြဲပေးတဲ့ မြန်မာပြည်က နှလုံးကုသနည်း ဖြစ်ပါတယ်။ တကယ်တော့ နှလုံးရောဂါတကယ်ရှိသူထက် နှလုံးရောဂါပြပြီး နွဲ့ဆိုးဆိုးချင်တဲ့လူနာတွေလည်း တော် တော်များပါတယ်။ ဒါကြောင့် တကယ် နှလုံးရောဂါ ရှိ၊ မရှိမသေချာဘဲ သိန်းပေါင်းများစွာသော လူနာတွေဟာ နှလုံးဆေးတွေ အပြွတ်လိုက်သောက်နေကြရတာပါ။ ဒါကိုလည်း ဂုဏ်ယူတတ်တဲ့လူနာတွေရှိပါတယ်။ ဒီလို ဖြစ်ရတာဟာ လူနာအနေနဲ့ရော ဆရာဝန်အနေနဲ့ပါ သေသေချာချာစစ်ဆေးရအောင်ငွေနဲ့အချိန်ကို အရင်း အနှီးမလုပ်နိုင်ကြလို့ပါ။

ရိုက်စားလုပ် ပိုက်ဆံရှာ

နောက်တစ်မျိုးပြဿနာကတော့ စင်ကာပူလို စီးပွား ဖြစ် ဆေးကုတဲ့နိုင်ငံတွေမှာ တွေ့တတ်ပါတယ်။ ရင်ဘတ် အောင့်တယ်ဆိုတာနဲ့ Angiogram  လို့ခေါ်တဲ့ ပေါင် သွေးကြောကနေ ပိုက်ထည့်ဆေးသွင်းပြီး နှလုံးကိုဓာတ်မှန် ရိုက်ပြီးတော့ သွေးကြောကျယ်အောင်ပြန်ချဲ့ဖို့လိုတယ် ဆိုကြပါတယ်။ ပြီးတော့Stent တစ်ချောင်း ဘယ်လောက် ဆိုပြီး ရိုက်စားလုပ် ပိုက်ဆံရှာခံရတာပါ။ နှလုံးရောဂါ ရှိ၊ မရှိသိဖို့နည်းတွေ ခုခေတ်မှာ အများကြီးရှိနေပြီး ငွေ ကြေးတတ်နိုင်ရင် အလွယ်တကူစစ်လို့ရနေပါတယ်။ ရေရှည်မှာ မလိုအပ်ဘဲဆေးသောက်နေတာရဲ့ ကုန်ကျ စရိတ်ထက် စစ်လိုက်တာက အများကြီး အကုန်အကျ သက်သာပါတယ်။

လူနာအနေနဲ့      ပထမအဆင့်သိထားရမှာက
Heart Attack ဖြစ်ခဲ့တာ ဖြစ်နေတာကလွဲရင်  ရိုးရိုး ECG  ဆွဲရုံနဲ့ နှလုံးသွေးကြောကျဉ်းတာကိုအလွယ်တကူ မသိနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ECGကို ခပ်တည်တည်နဲ့ ကြည့်ပြီး သွေးကြောကျဉ်းတယ်လို့ ဆရာဝန်တစ်ယောက် က ပြောရင်ချင့်ယုံကြပါ။ တကယ် ရှိ၊ မရှိ သိချင်ရင် ဘာလုပ်ရသလဲဆိုတော့ လူနာကိုပြေးစက်မှာ ပြေးခိုင်းပြီး ECGဆွဲကြည့်ရပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေ က အထူးကုဆေးခန်းတွေမှာ အလွယ်တကူရနိုင်ပေမယ့် ဆရာဝန်အများစုဟာ နှလုံးအထူးကုမဟုတ်ရင် လူနာကို ပို့ပြီးစစ်ခိုင်းလေ့မရှိပါဘူး။ အလုပ်ရှုပ်တယ်ဆိုပြီး ဆေး တွေသာ   ချရေးပေးကြတာများပါတယ်။    အကယ်လို့ လူနာက   ပြေးစက်မပြေးနိုင်ဘူးဆိုရင်တော့   လူနာကို ဆေးသွင်းပြီး နှလုံးကို Echo ရိုက်တာ (Dobutamine Stress Echo-DSE) ဒါမှမဟုတ် နှလုံးသွေးလျှောက် မလျှောက်သိဖို့   Myocardial perfusion scanရိုက်နိုင်ပါတယ်။  ECGပုံမှန်မဟုတ်တဲ့လူနာတွေကတော့ ဆေးမသွင်းချင်ရင် ESEလို့ခေါ်တဲ့ Exercise Stress Echo ကို အလွယ်တကူ လုပ်နိုင်ပါတယ်။

နှလုံးဆေးကို သောက်သင့်

အကယ်လို့ လူနာကလည်း ငယ်တယ်၊ နှလုံးရောဂါရှိ နိုင်ခြေကလည်း သိပ်မများရင်တော့CT coronary angiogram လို့ခေါ်တဲ့ နှလုံးကို CTဓာတ်မှန်ရိုက်ပြီး နှလုံးသွေးကြောကို ကြည့်နိုင်ပါတယ်။ မြန်မာငွေ သုံးလေးသိန်းလောက်နဲ့ ကိစ္စပြတ်နိုင်ပါတယ်။ ဒီလိုနည်း ပညာ တစ်ခုခုနဲ့စစ်လိုက်လို့ နှလုံးအားနည်းတာတွေ့မှသာ နှလုံးဆေးကို သောက်သင့်ပါတယ်။

ပြီးတော့ နှလုံးသွေးကြောကျဉ်းတိုင်းလည်း သွေးကြော ချဲ့စရာမလိုပါဘူး။  စင်ကာပူက ပုဂ္ဂလိကဆေးရုံတွေ လိမ်တာကို မြန်မာပြည်က လူတွေ မခံစေချင်ပါဘူး။ တကယ်တော့ Heart attack ဖြစ်ထားတဲ့လူနာ၊ သောက် ဆေးနဲ့မတိုးတဲ့ နှလုံးရောဂါ၊ သွေးကြောမကြီးတွေနဲ့ သွေးကြောတွေ တစ်ချောင်းထက်ပိုပြီး ပိတ်နေတာကို စစ်ဆေးတွေ့ရှိမှ သွေးကြောချဲ့တာ ခွဲစိတ်တာတို့ ပြုသင့် ပါတယ်။

ဒါကြောင့် ရင်ဘတ်အောင့်တိုင်းလည်း နှလုံးရောဂါ မဟုတ်သလို နှလုံးဆေးသောက်နေတိုင်းလည်း ရောဂါရှိ ချင်မှ ရှိတတ်ပါတယ်။ သင့် ဆရာဝန်မှာ နတ်မျက်စိမရှိ ပါဘူး။   ။

ဒေါက်တာနေမျိုးဦး

No comments:

Post a Comment