ရန်ကုန် ဇွန် ၎
သရုပ်ဆောင် ရွှေမှုံရတီကို နှလုံးသားကို ဝင်ချည်ထွက်ချည် လုပ်တဲ့ဧည့်သည် ဇာတ်ကား၌ ခပ်မိုက်မိုက်ပုံစံဖြင့် တွေ့မြင်ရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးသည့် အခမ်းအနားကို ဇွန် ၁ ရက်တွင် ရွှေတိဂုံစေတီတော် အောင်မြေ၌ ပါဝင် သရုပ်ဆောင်ကြသည့် အနုပညာရှင်များက အောင်မြေနင်းပြီး ဇာတ်ကားအောင်မြင်ပြီး မြောက်ရန် ပြုလုပ်ခဲ့ကြောင်း 7sense Film Production ကိုဝေမင်းမောင်ထံမှ သိရသည်။
''ဒီဇာတ်ကားက လူငယ်ကြိုက်ဇာတ်ကားပါ။ ရွှေထူးက အပြင်မှာလိုပဲ အဆိုတော်၊ နေခြည်ဦးက ဂီတပညာနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံမှာ စာတမ်းပြုစုနေသူ တစ်ဦးပေါ့။ ရွှေ မှုံရတီက ခပ်မိုက်မိုက်ပုံစံ နေထိုင်တတ်တဲ့သူ၊ ဖြိုးငွေစိုးက စီးပွားရေး လုပ်ငန်းရှင် တစ်ဦးပါ။ သူတစ်ဖက်သတ်ချစ်ရတဲ့ ကောင်မလေး ရှိတယ်ပေါ့။ ပရိသတ်တွေ အမြင်ပြောင်းလဲစေမှာပါ။ လူငယ်ကြိုက်ပါပဲ။ ရွှေထူးအတွက် ဒုတိယမြောက် ဇာတ်ကားလို့ ပြောလို့ရပါတယ်'' ဟု ကိုဝေမင်းမောင်က ပြောသည်။
ယင်းဇာတ်ကားကို ယမန်နေ့မှ စတင် ရိုက်ကူးနေပြီး သရုပ်ဆောင် ဖြိုးငွေစိုး၊ ရွှေထူး၊ ရွှေမှုံရတီ၊ နေခြည်ဦးနှင့် တခြားဇာတ်ပို့ သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင် ထားကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင်က ရေးသားပြီး ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ရိုက်ကူးလျက်ရှိကြောင်း သိရသည်။
MWD
No comments:
Post a Comment