(၁)
''ဟယ်လို ကျော်အေးလား''
''ဟုတ်ကဲ့ ဘယ်သူလဲ မသိဘူးခင်ဗျ''
''ကြီးမေပါ၊ သူရိန်ရဲ့ အမေလေ''
''သြော် ကြီးမေ ပြောပါ ဘာကိစ္စရှိလို့လဲ''
''မင်းသူငယ်ချင်း၊ သူရိန်ရဲ့ အကြောင်း လေး ကြီးကြီးကိုစုံစမ်းပေးပါ''
''ဘာဖြစ်လို့လဲကြီးကြီး''
''ဘာမှမဖြစ်ပါဘူးကွယ်၊ သူဘာတွေလုပ် နေတယ်၊ ဘယ်လိုနေတယ်ဆိုတာ သိချင် လို့ပါ''
''ဟုတ်ကဲ့ကြီးမေ သားစုံစမ်းပြီး ဖုန်းပြန် ဆက်ပေးပါ့မယ်''
''သြော် အေးအေး၊ ဒါပဲနော် သား''
ကျွန်မ သားအကြောင်းသိရတော့မယ်။ ကျွန်မထင်ထားသလို မဖြစ်စေဖို့ဘဲ ဆုတောင်း မိတယ်။
(၂)
''သား တက္ကသိုလ်မတက်တော့ဘူး''
''ဘာပြောလိုက်တယ်သား''
''သားအလုပ်လုပ်ချင်တယ်အမေ''
''သားရယ် ဘာဖြစ်လို့အလုပ်လုပ်ချင်ရ တာလဲ''
''အမေပင်ပန်းတာကို မကြည့်ရက်ဘူး အမေ၊ သားအောက်မှာလည်း ညီနှစ်ယောက်၊ ညီမတစ်ယောက်ရှိသေးတယ်လေ၊ သူတို့ အတွက် သားအလုပ်လုပ်ပါရစေ အမေ''
''ဒီမယ်သား၊ အမေ့ကိုကြည့်၊ အမေပြော တဲ့စကားကို နားထောင်၊ လောကကြီးမှာ ပညာကအရေးကြီးတယ်သား၊ ဒါကြောင့်သား တက္ကသိုလ်ဆက်တက်ရမယ်၊ သားသူငယ်ချင်း တွေလည်း တက္ကသိုလ်တက်ကြမှာပဲလေ''
''တက်ပါစေ အမေ၊ သူတို့က ဘာသာရပ် တက္ကသိုလ်၊ သားကဘဝတက္ကသိုလ်တက်မှာ လေ'' ''သားရယ်အမေပြောတာကို နားမလည် သေးဘူးလား၊ ဘဝဆိုတဲ့တက္ကသိုလ်က ရှုပ်ထွေးလွန်းတယ်သား၊ ဒါကိုရင်ဆိုင်ဖို့ အတတ်ပညာ အသိပညာတွေ သားမှာမရင့် ကျက်သေးဘူး၊ သားတက္ကသိုလ် ဆက်တက်ပါ သားရယ်''
ကျွန်မနဲ့သားကြီး စစ်အေးတိုက်ပွဲတစ်ခုဖြစ်နေခဲ့တာကြာပါပြီ။ ဆယ်တန်းအောင် စာရင်းထွက်လာကတည်းကပဲ။ သားကြီးက တက္ကသိုလ်ဆက်မတက်ချင်။ ကျွန်မ ဖျောင်းဖျ တိုင်း မငြင်းဆန်သော်လည်း တက်မယ်ဆိုသော အဖြေမပေးသေး။ အကြောင်းပြချက်က ကျွန်မပင်ပန်းမှာကြောက်လို့တဲ့။ တက္ကသိုလ် ဆက်တက်စေချင်တဲ့ အကြောင်းထဲမှာ ဒီလိုသိတတ်မှုတွေကြောင့်လည်းပါတယ်။ သိတတ် လိမ္မာတဲ့ ကျွန်မရဲ့သားကြီးကို ပုံမှန်ဘဝထဲမှာ မရုန်းကန်စေလို။ ဒီလိုအချိန်ရောက်တော့ သေသွားတဲ့ ယောက်ျားကို သတိရမိသား။ သူသာရှိသေးရင် သားကိုတက္ကသိုလ်ဆက် တက်ဖို့ ဒီလောက်ပြောစရာလိုမယ်မထင်။
(၃)
အငယ်မက ဒီနှစ် ကိုးတန်း။ လာမယ့်နှစ် ဆယ်တန်း။ ဆယ်တန်းဆိုတော့သိတဲ့အတိုင်း။ ငွေကြေးကကုန်ရဦးမယ်။ ကျွန်မ စဉ်းစားရ ကျပ်ပါဘိ။ လယ်လေးဧကနဲ့ အိမ်ဈေးဆိုင်ကြား ပြေးလွှားနေရတာက မသက်သာ။ လယ်က လည်း အဆင်မပြေ။ စပါးမရ။ ပဲမရ။ ဒီကြားထဲ ဈေးကမကောင်း။ အိမ်ဈေးဆိုင်လေးရှိလို့ ခံသာသေးတယ်။ တွေးရင်းတွေးရင်း ခေါင်းမူး လာသယောင်။ ပတ်ဝန်းကျင်ကိုသတိမထားမိ။
''အမေ... မျက်နှာမကောင်းပါလား၊ နေမကောင်းဘူးလား'' သားကြီးကမေးရင်း ကျွန်မနဖူးကို လာစမ်းတယ်။ သားကြီးရဲ့ လက်ကကြင်နာမှုကို ကျွန်မနှလုံးသားက ခံစားရတယ်။ သားကြီးလက်ကို ကျွန်မလက်နဲ့ ညင်ညင်သာသာလေး ပြန်ဆုပ်ကိုင်လိုက်တယ်။
''အမေဘာမှ မဖြစ်ပါဘူးသား၊ အမေ နေကောင်းပါတယ်'' ကျွန်မအသံတိုးလျနေ တယ်ထင်တယ်။
''အမေလိမ်နေတယ်၊ အမေဘာဖြစ်နေလဲ သားကိုပြောပြပါအမေ၊ အမေ့အခက်အခဲ တွေ သားကိုပြောပြပါအမေ''
''အမေ ဘာမှမဖြစ်ပါဘူးသားရဲ့၊ အမေ ဒီနေ့ သားကြိုက်တဲ့ အမဲသားဟင်းချက် ထားတယ်၊ ထမင်းစားရအောင်'' သားကြီး လက်ကိုဆွဲရင်း မီးဖိုချောင်ထဲဝင်လိုက်တယ်။ သားကြီးမျက်နှာက အနည်းငယ်မကျေနပ် သယောင်။ မတတ်နိုင်ဘူးလေ။ ကျွန်မအခက် အခဲတွေ သားကြီးသိလို့မဖြစ်ဘူး။
တက္ကသိုလ်မတက်ဘဲ နေလိမ့်မယ်။ သားကြီးရှေ့မှာ ပြုံးပျော်နေမှဖြစ်မယ်။
(၄)
တက္ကသိုလ်တွေ ဖွင့်တော့မှာပါလား။ သားကြီးဆီကအဖြေမသိရသေး။
''အမေ့ အမေ့''
''ဟဲ့ ဘာလို့ ဒီလောက်အော်နေတာလဲ။ အမေမီးဖိုထဲမှာ''
''သားတက္ကသိုလ်တက်မယ်အမေ''
''သားတကယ်ပြောတာလား''
''ဟုတ်တယ်အမေ၊ ရွာတောင်ပိုင်းက ကျော်အေးနဲ့ ရန်ကုန်မှာ စီးပွားရေးတက္ကသိုလ် တက်မယ်အမေ၊ စီးပွားရေးပညာရှင်ကြီး ဖြစ်အောင်ကြိုးစားပြီး အမေ့ကို ပြန်လုပ်ကျွေး မယ်အမေ'' ''ရပါတယ်သားရယ်၊ အမေက ငါ့သားတက္ကသိုလ်တက်မယ်ဆိုရင်ပဲ ပျော်နေပြီ''
သားကြီးက ကျွန်မကို တက္ကသိုလ် ဆက်တက်မယ်ပြောနေသော်လည်း တစ်ခုခုကို လျှို့ဝှက်ထားတဲ့ပုံပဲ။ ဘာပဲဖြစ်ဖြစ် သားကြီး တက္ကသိုလ်တက်မယ်ဆိုတော့ ကျွန်မပျော် တယ်။ စုထားတဲ့ပိုက်ဆံလေးရေကြည့်မိတော့ သုံးသိန်း။ အသုံးအဆောင်ပစ္စည်း၊ အဆောင် စရိတ်၊ ထမင်းစရိတ်နဲ့ စာရွက်စာတမ်းဖိုး တစ်လစာတော့လောက်ကောင်းပါရဲ့။ သားကြီး တက္ကသိုလ်သွားရမယ့်နေ့မတိုင်မီ အမျိုးတွေကို လိုက်နှုတ်ဆက်ခိုင်းတယ်။ ပစ္စည်းတွေလည်း ဝယ်ပြီးပြီ။
''အမေ့ကိုသားကန်တော့ပါတယ်''
''အခုလိုမိဘကိုသိတတ်တဲ့ ငါ့သားလိမ္မာ လေး သွားလေရာ လာလေရာ ဘေးမသီ ရန်မခဘဲနဲ့ ချောချောမွေ့မွေ့ရောက်ပါစေ ကွယ်၊ သားစာကိုကြိုးစားနော်''
''ဟုတ်ကဲ့ပါအမေ''
ဆုပေးနေရင်း မျက်ရည်မကျမိအောင် ထိန်းရတယ်။ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းကို တစ်ပြိုင်နက် ခံစားနေရတယ်။ ထွက်သွားတဲ့ သားကြီးရဲ့ကျောပြင်ကိုကြည့်ရင်း မျက်ရည် တစ်ပွင့်လက်ခနဲ။
(၅)
ကျွန်မလေ သားကြီးရန်ကုန်ကိုစသွားတဲ့ အချိန်ကစပြီး တစ်ပတ်လောက်ထိ ကောင်းကောင်းအိပ်မပျော်။ တစ်ပတ်ပြည့် တော့ သားကြီးဖုန်းဆက်လေရဲ့။
''ဟယ်လို အမေ၊ အမေနေကောင်းလား၊ သားဒီမှာအဆင်ပြေတယ်အမေ''
''အေး အမေနေကောင်းပါတယ်၊ ငါ့သား ရော နေကောင်းလား၊ ကျန်းမာရေး ဂရုစိုက် နော်၊ စာတွေကောလိုက်နိုင်ရဲ့လား''
''လိုက်နိုင်ပါတယ်အမေ၊ သားနေကောင်း ပါတယ်''
''သားပိုက်ဆံရော လောက်ရဲ့လား''
''လောက်ပါတယ်အမေ၊ သားသုံးတတ်ပါ တယ်၊ အမေဒါပဲနော်၊ ဖုန်းချလိုက်တော့မယ်''
''သြော် အေးအေးသား''
အဲဒီလိုပဲ။ သားကြီးက ပိုက်ဆံအကြောင်း ပြောတိုင်းဖုန်းချသွားတတ်တယ်။ အမေ့ကို ဂျီမကျ။ မနေနိုင်တဲ့အဆုံး ကျွန်မကပဲ ပိုက်ဆံ လွှဲပေးရတော့တယ်။ ကျွန်မပိုက်ဆံလွှဲပေး ရင်တော့ ယူတယ်။ လိုတယ်လို့တစ်ခါမှ မတောင်းဖူးဘူး။ ဒါတောင်လယ်တွေရောင်းပြီး ကျွန်မ စပါးရိတ်၊ ကောက်စိုက်လိုက်နေတယ် ဆိုတာ သိရင်တော့ တက္ကသိုလ်ဆက်မတက်ဘဲ ပြန်လာမှာလား မပြောတတ်။ ဒီလိုနဲ့ သားကြီး ပထမနှစ်ပြီးခဲ့ပြီ။ မှတ်မှတ်ရရ တစ်နှစ်လုံးမှ ပိုက်ဆံ သုံး၊ လေးသိန်းသာ လွှဲပေးခဲ့ရတယ်။
(၅)
ဒီနှစ်အငယ်မ ဆယ်တန်း။ သမီးကိုလည်း တစ်နှစ်တည်း နှစ်ချင်းပေါက်အောင်စေချင်မိ တယ်။ ဒါကြောင့် ဘော်ဒါထားဖို့ ဆုံးဖြတ် လိုက်တယ်။ စုထားတဲ့ ပိုက်ဆံလေးကြည့်မိ တော့ လေးသိန်း။ လယ်ရောင်းရတဲ့ပိုက်ဆံ ကလည်း သီးနှံရှုံးလို့ ပြန်ဆပ်ရတာနဲ့ ကုန်ပြီ။ ကျွန်မလက်က ကျွန်မနားကို အလိုလို ရောက်သွားတယ်။ နားကပ်ပေါင်လိုက်တော့ နှစ်သိန်း။ ပေါင်းခြောက်သိန်း။ ဘော်ဒါကြေးက ရှစ်သိန်း။ သေတ္တာ ဘာညာဝယ်မှာခြမ်းမှာနဲ့ ပိုက်ဆံသုံးသိန်းလောက်က လိုနေပြီ။ ကျွန်မ ဘာလုပ်ရမှန်းမသိတော့။ စဉ်းစားလို့မရသေး။ သားကြီးဆီမှ ဖုန်းဝင်လာတယ်။
''အမေ သားပိုက်ဆံလေးသိန်း လွှဲလိုက် တယ်၊ အဲဒါ အမေသွားထုတ်လိုက်နော်၊ သား အရေးကြီးနေလို့ ဖုန်းချလိုက်တော့မယ်''
ကျွန်မဘက်က ဘာမှပြန်ပြောချိန်မရ လိုက်။ ဖုန်းပြန်ခေါ်တော့ စက်ပိတ်ထား သည်တဲ့။ ပိုက်ဆံလိုနေချိန်ရတဲ့အတွက် စိတ်အေးသွားရတယ်။
နောက်တစ်နေ့ ဘဏ်ကပိုက်ဆံထုတ်ပြီး သမီးကိုဘော်ဒါသွားအပ်။ အိမ်ပြန်ရောက် တော့ ညနေ သုံးနာရီထိုးနေပြီ။ အနားယူ မယ်ကြံလိုက်တော့ သားကြီးအကြောင်း တွေးမိပြန်တယ်။ သားကြီးပိုက်ဆံတွေဘယ်က ရသလဲ။ သားကြီး မကောင်းတဲ့လုပ်ငန်းတွေ လုပ်နေတာလား။ မဖြစ်နိုင်ပါဘူးလေ။ သားကြီးက ဒီလိုလူစားမှမဟုတ်တာ။ ညတွေ နေ့တွေက ရှည်လွန်းလိုက်တာ။ ဖုန်းလာတိုင်း ကျော်အေးဖုန်းမှတ်လို့ ပြေးပြေးကိုင်ရတာ အမော။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်ကြာတော့ သားကြီးအပေါ်စိုးရိမ်မှုတွေက ပိုတိုးလာတယ်။ သားကြီးရယ် အမေရင်မောရပါဘိ။
(၆)
''ကလင်...ကလင်...ကလင်''
ဖုန်းမြည်သံကြောင့် ကျွန်မက မီးဖိုထဲကအပြေးအလွှားပြေးထွက်လာတယ်။
''ဟယ်လို''
''ဟယ်လို ကြီးမေလား၊ သားကျော်အေး ပါ၊ ကြီးမေစုံစမ်းခိုင်းတဲ့ သူရိန်အကြောင်း ပြောချင်လို့ပါ''
''ပြောလေ ကျော်အေး''
''သူစာလည်းကြိုးစားတယ်၊ အားကစား လည်းလုပ်တယ်၊ စည်းကမ်းရှိရှိနေတယ်၊ ပိုက်ဆံကိုနည်းနည်းပဲသုံးတယ်၊ ဒါပေမယ့် ညကျရင် ညဥ့်နက်မှ အဆောင်ပြန်လာတတ် တယ်''
ဘုရား ဘုရား ကျွန်မခြေမကိုင်မိ လက် မကိုင်မိ။ ကျွန်မရင်တွေပူလာတယ်။ ကျွန်မ ထင်ထားသလို ဖြစ်နေပြီလား။ ဖုန်းကိုင် ထားတဲ့ လက်ကမမြဲချင်တော့။ မနည်းထိန်းနေ ရတယ်။
''ဒီလို ကြီးမေရေ၊ ကော်ဖီဆိုင်မှာ ညပိုင်း အလုပ်ဝင်လုပ်တယ်တဲ့''
ဟူးတော်ပါသေးရဲ့ သားကြီးရယ်။ ကျော်အေးဘာတွေဆက်ပြောလို့ ပြောမှန်း လည်းမကြားမိတော့။ ဖုန်းဘယ်အချိန်ချသွား မှန်းပင်မသိတော့။ ကျွန်မသားကြီးအတွက် စိတ်အေးသွားတယ်။ အလုပ်လုပ်နေပါတယ် လို့စောစောထဲကပြောထားပါလား သားရယ်။ အမေ့ကိုချစ်တဲ့စိတ်နဲ့ အမေ့အတွက်အလုပ် လုပ်တာကို ဖုံးထားတဲ့သားကြီး။
''အမေ့ အမေ့ အမေ့သားကို ထွက်ကြည့် ပါဦး'' သားကြီးအသံပါလား။ ကျွန်မ အသားကို ဆွဲဆိတ်ကြည့်တယ်။ နာတယ်။ ဟင် ဒါဆို အိပ်မက်မဟုတ်ဘူး။ ကျွန်မသားကြီး အိမ်ရှေ့ရောက်နေပြီ။ သားကြီး ပြန်လာပြီ ပေါ့။ ကျွန်မအိမ်ရှေ့ကို ပြေးထွက်သွားတယ်။ သားကြီးက ပြုံးပြုံးကြီးကြည့်လို့။ ကျွန်မ သားကြီးကို ပြေးဖက်လိုက်တယ်။
ဒီညကောင်းကင်မှာ လမရှိပေမယ့် ကမ္ဘာ မြေလင်းနေလေရဲ့။ ။
နေဆောင်း
No comments:
Post a Comment