(၁)
''သိန်းဖေ... မင်းသားကိုပြောထားဦး ပုံပြင်စာအုပ်၊ ကာတွန်းစာအုပ်တွေပဲ တစ်နေ ကုန်ဖတ်နေတာ၊ ကြာလာရင်ကျောင်းစာကို ဖတ်ချင်စိတ်မရှိဘဲနေတော့မယ်''
အမေဖြစ်သူ၏ စကားကိုကြားသည်နှင့်ကျွန်တော်သားလေးဇွဲသူရကို လှမ်းကြည့်လိုက် သည်။ သားသည်လာမည့်နှစ်တွင် ဆဋ္ဌမတန်း သို့ တက်ရမည်ဖြစ်သည်။ သားလေးမှာ သူ့အဘွား၏အသံကိုကြားဟန်မတူ။ စာကိုသာ အာရုံစိုက်လျက် သိမ်းကျုံးဖတ်နေလေသည်။
''ရှိပါစေအမေရာ... အမေ့မြေးက တခြားကလေးတွေလိုအချိန်ပြည့် ဖုန်းကြည့်၊ ဂိမ်းကစား၊ ဆော့နေတာမှမဟုတ်တာ စာဖတ် တာပဲ ဖတ်ပါစေ''
''အေးအေး၊ ကလေးကို ကြပ်ကြပ်အလို လိုက်ထားသိန်းဖေ၊ ဒီအရွယ်နဲ့အပြင်စာအုပ် တွေဖတ်ခိုင်းနေရင် မင်းကလေး ငယ်ငယ်ရွယ် ရွယ်နဲ့ စိတ်လေလိမ့်မယ်''
အမေသည် သူပြောချင်ရာပြောပြီး အိပ်ခန်းထဲသို့ ဝင်သွားလေသည်။ သားလေး မှာတော့ ဘာအသံမှမကြားသည့်အလား ငြိမ် သက်နေသည်။ ကျွန်တော့်သားစာဖတ်ဝါသနာ ပါသည်မှာ ကျွန်တော်နှင့်တူသည်ဟု ကျွန်တော့် ဇနီးနှင့်အဘွားဖြစ်သူ ကျွန်တော့်အမေက မကြာ ခဏပြောသည်။ ကျွန်တော်သည်စာဖတ်ရသည် ကိုအလွန်နှစ်သက်သည်။ ထို့ကြောင့်ကျွန်တော့် သားသည်လည်း ကျွန်တော်နှင့်ဝါသနာချင်းတူတာဖြစ်နိုင်သည်။
သားစာဖတ်သည့် ကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော့်ကို အမေခဏခဏဆူသည်။ ကျွန်တော်သည် အမေ့ကိုအမြင်မကျယ်ဘူး ဟု မစွပ်စွဲလို။ သို့သော်ယခုခေတ်ဟာအရင်က အမေတို့ခေတ်နှင့်မတူတော့ကြောင်း အမေ့ကို သိစေချင်သည်။ အရာရာကိုသိဖို့တတ်ဖို့လို သည်။ ထိုသို့သိဖို့တတ်ဖို့ရန်အတွက်ဖုန်းကိုင် ထားရုံနှင့်မရနိုင်။ စာများများဖတ်ဖို့လည်းလို သေးကြောင်း အမေ့ကိုပြောပြချင်သေးသည်။
(၂)
''ဖေဖေ၊ အေဗရာဟမ်လင်ကွန်းဆိုတာ ဘယ်သူလဲ''
သားလေးသည် သူ့ပုံပြင်ဖတ်စရာစာအုပ် များဖတ်ပြီးသည့်အခါတိုင်း သူနားမလည်သည့် အကြောင်းအရာများကို ကျွန်တော့်အားအမြဲ ပြန်မေးလေ့ရှိသည်။ သူဖတ်စရာစာအုပ်များ မရှိတော့လျှင် ကျွန်တော့်စာအုပ်စင်မှစာအုပ် များကို ယူကြည့်တတ်သည်။
အခုလည်း ကျွန်တော့်စာအုပ်စင်မှစာအုပ် ကို ယူဖတ်ကြည့်သည်ထင်သည်။ ခပ်လှမ်း လှမ်းမှာထိုင်နေသည့် အမေ့ကို ကျွန်တော် တစ်ချက်လှမ်းကြည့်လိုက်သည်။ ပြီးမှ.... ''အေဗရာဟမ်လင်ကွန်းဆိုတာ အမေရိကန် သမ္မတထဲမှာ ၁၆ ယောက်မြောက်သမ္မတ ဖြစ်ပြီး အကျော်ကြားဆုံး၊ လူကြိုက်အများဆုံး၊ တရားအမျှတဆုံးဆိုပြီး နာမည်ကြီးတဲ့သမ္မတ ပေါ့''
''ဒါဆို အဲ့ဒီသမ္မတကသိပ်တော်တာပဲနော်''
''ဟုတ်တယ်သားရဲ့၊ အဲဒီသမ္မတက သိပ်တော်တာ သူဟာဆင်းရဲလွန်းလို့ သူ့တစ် သက်မှာ ကျောင်းနေရတာဟာစုစုပေါင်း ၁၂ လတောင်မရှိဘူး၊ ဒါပေမယ့် သူကစာသိပ်ဖတ် တာ၊ သမိုင်း၊ ဥပဒေ၊ ကဗျာ၊ စာအုပ်အစုံကို သူ့ဘာသာဖတ်ပြီး ပညာရှာတဲ့အတွက် သူ့ခေတ်မှာတော့ သူဟာ ပညာဗဟုသုတ အရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့တယ်''
''ဒါဆို သားလည်း စာများများဖတ်တော့ မယ်''
''သိန်းဖေ၊ နင်ငါ့မြေးကျောင်းနေချင်စိတ် ပျောက်အောင် ဟောပြောနေတာလား''
အမေသည် သူကြားချင်ရာကြားပြီး ကျွန်တော့်အား လှမ်းငေါက်နေသည်။
''ဘွားဘွားကလည်း သားကျောင်းနေချင်ပါ တယ်နော်၊ သားကြီးလာရင်သမ္မတကြီးလုပ်မှာ လို့ ဖေဖေ့ကိုပြောနေတာ''
သားလေးသည်သူ၏ အပြောကြောင့် အဘွားဖြစ်သူဆီမှ မျက်စောင်းတစ်ချက် လက် ဆောင်ရသွားလေသည်။ သို့သော် သားလေး ၏ မြင့်မြင့်ကြံတတ်သည့် စိတ်ကလေးကို ကျွန်တော်လက်ဆောင်ရလိုက်သည့်အတွက် ကျေနပ်မိပါသည်။
အနာဂတ်၏ မျိုးဆက်သစ်ကလေး တစ်ယောက်သည် သူ၏စိတ်ကူးကို လွတ်လပ် စွာပြောပိုင်ခွင့်ရှိသည် မဟုတ်ပါလား။
(၃)
''ဒီနေ့ဆယ်တန်း အောင်စာရင်းထွက်တာ အိမ်ရှေ့အိမ်က မောင်မြတ်မိုးက ရိုးရိုးပဲအောင် တယ်တဲ့၊ ခုသူ့မိဘတွေငိုနေကြတာ ဒီကလေး နှယ် မိဘတွေက ဆရာတွေအများကြီးနဲ့ သေချာသင်ပေးထားတာကို ဂုဏ်ထူးပါအောင် ဖြေခဲ့ပါတော့လား''
အမေသည် အိမ်ရှေ့အိမ်မှ မြတ်မိုးဆို သည့် ဆယ်တန်းကောင်လေးအကြောင်းကို ပြောကာ မကျေမနပ်ဖြစ်၍နေသည်။
''ဒီလိုရှိတယ်အမေရဲ့၊ ဒါက ကလေး တစ်ယောက်တည်းကိုပဲ အပြစ်တင်နေလို့ မရဘူးဗျ''
''နို့ ဒါဆို မိဘတွေအပြစ်လို့ မင်းပြောချင် တာလား''
''သိပ်ကိုဟုတ်တာပေါ့အမေ၊ မိဘတွေနဲ့ တိုက်ရိုက်ကိုသက်ဆိုင်နေတာ''
''ဆိုစမ်းပါဦး၊ မိဘတွေကဒီလောက်ပံ့ပိုး ပေးနေတာ ဘာလို့မိဘတွေမှာအပြစ်ရှိသွားရတာလဲ''
မောင်မြတ်မိုးမိဘတွေမှာ ငွေကြေးပြည့်စုံ သူတွေဖြစ်ရာ သူတို့သားအားကျောင်းမှာသာ မက အိမ်မှာပါ ဆရာခြောက်ယောက်ခေါ်ယူ ကာ သီးသန့်သင်စေခဲ့သည်။ ဆရာခြောက် ယောက်အတွက် စားပွဲခြောက်လုံးဖြင့် ခြောက် နေရာ စီစဉ်ပေးထားသည်။ ဘယ်အချိန်မှာ ဘယ်ဘာသာ၊ ဘယ်ဆရာလာရင်ဘယ်စားပွဲ မှာထိုင်ပြီးစာသင်ရမည်ကို အချိန်ဇယားနှင့် စနစ်တကျဆွဲ၍ ထားလေသည်။ စားချိန်နှင့် အိပ်ချိန်ကို မိဘများကိုယ်တိုင် ကြီးကြပ်ပေး သည်။
မိဘများသည် ကလေးအား တစ်စက် ကလေးမှ အလွတ်မပေးဘဲ ဂရုတစိုက်လုပ်နေ သည့်အတွက်ကြောင့် ကလေး၏လွတ်လပ်မှု တွေဆုံးရှုံးနေရသည်ဟု ကျွန်တော်ထင်သည်။ မိဘတွေ၏ ဖိအားများလွန်းနေသည့်အတွက် ကလေးသည် သူ့စိတ်နှင့်သူ့ကိုယ်မဟုတ်တော့ ဘဲ မိဘစိတ်နှင့် စာလုပ်နေရသည့်အတွက် စာကို စိတ်မဝင်စားတော့ခြင်းဖြစ်မည်။ထို့ကြောင့် စာမေးပွဲအောင်စာရင်း၌ အောင်ရုံ သာ သူလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော်သည် မောင်မြတ်မိုး၏ အဖြစ်ကို အမေ့အား စိတ်ရှည်လက်ရှည် ရှင်းပြလိုက် သည်။
''ဒါပေမယ့် မိဘတွေက စေတနာနဲ့ပါအေ''
''စေတနာနဲ့ဆိုတာ ဟုတ်ပါတယ် အမေ ဒါပေမယ့် စေတနာလွန်ကဲသွားတော့ ကလေး အတွက် အဆိပ်အတောက် ဖြစ်သွားတာပေါ့''
''အေးပါ၊ နင်လည်းနင့်သားကိုစေတနာ လွန်ကဲပြီး စာအုပ်တွေပဲဖတ်ခိုင်းမနေနဲ့ဦး''
အမေ၏ အပြောကြောင့် ကျွန်တော်ကျိတ် ပြုံးပြုံးလိုက်သည်။
(၄)
''ဖေဖေ၊ သားတို့ကျောင်းမှာစာစီစာကုံး ပြိုင်ပွဲရှိတယ် သားလည်းဝင်ပြိုင်ချင်လို့''
''သားက စာစီစာကုံးရေးတတ်လို့လား''
''သားသူငယ်ချင်းတွေက သူတို့ရဲ့အစ်ကို အစ်မတွေကို ရေးခိုင်းပြီး ကျက်ပြိုင်မယ်တဲ့ သားကတော့ ကိုယ့်ဘာသာရေးမယ် ဖေဖေ ဆုမရရင်နေပါစေ...သားဘာသာရေးပြီးပဲ ပြိုင်မလို့''
''တော်လိုက်တဲ့ ဖေဖေ့သားလေး''
ကျွန်တော်တို့သားအဖဆီ လျှောက်လာ သည့်အမေ့ကိုမြင်တော့ ကျွန်တော်စာအုပ်ကို ဆက်ဖတ်နေလိုက်သည်။
''မြေးလေး ဘွားဘွားကြားလိုက်ပါတယ် ဘာတဲ့ ပြိုင်မယ်ဆိုလား''
''သားကျောင်းမှာ စာစီစာကုံးပြိုင်မလို့ပါ ဘွားဘွားရ''
''အိုး၊ ရှုပ်ရှုပ်ယှက်ယှက်တွေ မြေးရယ် ဘွားမြေးပင်ပန်းပါတယ်''
အမေသည်စေတနာလွန်ကဲကာ သူ့ဝသီ အတိုင်း မြေးဖြစ်သူအား တားဆီးနေပြန်သည်။ သားကလည်း သူ့အဘွား၏ အပြောကိုမခံ၊ အနိုင်ရအောင်သာ ပြောနေလေသည်။
(၅)
''ကျွန်မနေ့လယ်က ရှင့်သားကိုထမင်းချိုင့် သွားပို့တော့ရှင့်သားသတင်းကြားခဲ့တယ်''
''ဘာသတင်းများလဲမိန်းမရဲ့''
''ရှင့်သားစာစီစာကုံးပြိုင်တာ ပထမဆုရ တယ်တဲ့''
''ဟေ ဟုတ်လား၊ တော်လိုက်တဲ့သားကွာ၊ သူ့အဘွားကောသိပြီးပြီလား''
''သိပြီးပြီယောက်ျားရေ သူ့မြေးအတွက် ဂုဏ်ယူနေလေရဲ့''
ရုံးကပြန်ရောက်ပြီး အနားယူနေတုန်း ဇနီး သည်က သားအကြောင်းကို ပြောပြနေသည်။ထိုစဉ် မြေးအဘွားနှစ်ယောက် လက်ဆွဲကာ အိမ်ပေါ်သို့ တက်လာကြသည်ကို တွေ့လိုက်ရ သည်။
''အမေနဲ့သားတို့ ဘယ်ကပြန်လာကြတာ လဲ''
''ငါ့မြေးနဲ့ လမ်းလျှောက်သွားတာကနေ ပြန်လာတာပေါ့''
''ဖေဖေသားစာစီစာကုံးပြိုင်ပွဲမှာ ပထမ ဆုရတယ်၊ မနှစ်ကအတန်းတင်စာမေးပွဲမှာ လည်း ပထမရတယ်ဖေဖေရဲ့၊ ခုလာမယ့် ကျောင်းဆုပေးပွဲကျရင် သားကဆုနှစ်ဆု တောင်ရမှာ''
''ဟေ ဟုတ်လား၊ တော်လိုက်တာကွာ ဒါမှ ဖေဖေသားကွ''
ကျွန်တော်သည် သားလေးကိုဖက်ကာ သားလေးမျက်နှာအား နမ်းလိုက်တော့သည်။
''အမလေး ငါ့မြေးကဘယ်သူနဲ့မှတူတာ မဟုတ်ပါဘူး၊ တော်ကိုတော်တာပါအေ''
''သားဒီလိုဆုတွေရတာ ဖေဖေ့ကြောင့် ပါဘွားဘွားရ၊ သားဖတ်ဖူးတဲ့စာအုပ်တွေထဲက အချက်တွေနဲ့ သားစဉ်းစားမိတာလေးတွေကို ပေါင်းပြီးရေးခဲ့တာ၊ သားသာ စာမဖတ်ခဲ့ရင် ခုလိုစာစီစာကုံးရေးနိုင်မှာမဟုတ်ဘူး၊ ဖေဖေ စီစဉ်ပေးတဲ့စာအုပ်တွေဖတ်လို့သာ ခုလိုဆုရ အောင်ရေးနိုင်တာပါ''
မြေးဖြစ်သူ၏အပြောကို အမေပြန်မချေပ နိုင်ရှာတော့ပေ။
''ဒီလိုပါအမေရ စာဖတ်ပြီးစိတ်လေတယ် ဆိုတာမရှိပါဘူး၊ စာဖတ်ရင်အသိတစ်ခုခုက အမြဲရတတ်တယ်၊ အမေ့မြေးကို ခုလိုငယ်ရွယ် တဲ့အရွယ်ကတည်းက စာဖတ်တဲ့ အလေ့ အကျင့်ကောင်းရအောင်၊ စာဖတ်ဝါသနာဖွံ့ဖြိုး အောင်လို့ ပျိုးထောင်ပေးနေတာပါ၊ ခုခေတ် မှာ ပညာတတ်၊ ဘွဲ့ရတွေပေါပါတယ်၊ ဒါပေ မယ့် ပြင်ပဗဟုသုတ အားနည်းတဲ့အတွက် လုပ်ငန်းခွင်ထဲကို ထိုးဖောက်မဝင်ရောက်နိုင် ကြဘူး၊ ကျောင်းကသင်ပေးတဲ့ ပညာက စာမေးပွဲအောင်ဖို့၊ စာတတ်ဖို့လုပ်ဆောင်ပေး နိုင်ပေမယ့် လူတစ်ယောက်ကို ပြည့်စုံ ရင့်ကျက်လာအောင်တော့ မလုပ်ပေးနိုင်ပါဘူး အမေ၊ ရင့်ကျက်တဲ့သူ၊ ဗဟုသုတြ<ွကယ်ဝတဲ့ သူတစ်ယောက်ဖြစ်ဖို့ စာများများပေးဖတ်ဖို့လို တယ်၊ သားလေးကို ကုဋေရှစ်ဆယ်သူဌေး သားလိုအဖြစ်မျိုးနဲ့ မကြုံရလေအောင် ခုလိုငယ်ရွယ်ချိန်မှာ စာသင်ဖို့ အခွင့်အရေး၊ စာဖတ်ဖို့အခွင့်အရေးတွေကို ကျွန်တော်ဖန်တီး ပေးနေရတာပါ။
''ငါသာ မိဘ၊ ငါ့သားသမီးတွေကိုငါဖြစ်စေ ချင်သလိုဖြစ်ရမယ်ဆိုတဲ့ အတ္တမပါဘဲ၊ ငါ့သား သမီးအတွက် ငါဘာဖန်တီးပေးရမလဲဆိုတဲ့ စိတ်မျိုးနဲ့ ကျွန်တော့်သားလေးကို ပျိုးထောင် ပေးနေတာပါအမေ''
အမေသည် ကျွန်တော့်ပြောစကားများ အားငြိမ်သက်စွာ နားထောင်နေသည်ကိုတွေ့ လိုက်ရသည်။
''အိမ်ရှေ့အိမ်က မောင်မြတ်မိုးအဖြစ်ကို ကြည့်ရင်သိနိုင်ပါတယ်အမေ၊ မိဘကဂုဏ် ထူးဘယ်နှခုပါရမယ်၊ ဘာဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့အတ္တစိတ်နဲ့ စာကိုချည်းသင်ပေးခဲ့တာ ခုမောင်မြတ်မိုးအဖြစ်က မနိုင်ဝန်ထမ်းခဲ့ရသလိုဖြစ်သွားတာပေါ့၊ ကလေးမှာကျောက်ဆစ် သူ မိဘတွေရဲ့စိတ်ကြိုက်ထုဆစ်ခံရတဲ့အရုပ် ကလေးဖြစ်ခဲ့ရရှာတယ်၊ တကယ်ဆိုကလေးရဲ့ အသိÓဏ်ဖွံ့ဖြိုးအောင်၊ ကြိုးစားချင်စိတ်တွေ ထက်သန်လာအောင် အရင်ပျိုးထောင်ပေးခဲ့ ပြီးမှ သူ့တို့ဘဝကို သူတို့ဘာသာစိတ်ကြိုက် ထုဆစ်ဖို့ လမ်းညွှန်ပေးသင့်တယ်လို့ ကျွန်တော် ထင်တယ်''
မြေးဖြစ်သူကို ကြည့်နေရှာသည့် အမေ့ မျက်နှာထက်ဝယ် မြေးဖြစ်သူ၏ အနာဂတ် အတွက် စိတ်ပူနေဟန် အရိပ်အယောင်ကို တွေ့လိုက်မိတာကြောင့် ''အမေ့မြေးအတွက် အမေစိတ်မပူပါနဲ့၊ အမေ့မြေးက သူ့ဘဝကို သူလှလှပပထုဆစ်သွားမယ့် ကျောက်ဆစ် သမားကောင်းတစ်ယောက်ဖြစ်လာမှာပါ''
အမေ့မျက်နှာကိုကြည့်ကာ ကျွန်တော် ဆက်ပြောလိုက်သည်။ ကျွန်တော်ပြောသည် များကို ငြိမ်လျက်နားထောင်နေသည့်သားလေး က ''ဘွားဘွားစိတ်ချ၊ သားက အေဗရာဟမ် လင်ကွန်းလိုသမ္မတကြီး လုပ်မှာဗျ''
''အမလေး ဘွားမြေးလေးကအရမ်းတော် တော့ သမ္မတကြီးဖြစ်မှာ အာဘွား...''
အမေသည် ပြောပြောဆိုဆို မြေးဖြစ်သူ အားရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး နမ်းရှုပ်နေ လေတော့သည်။
ကျွန်တော့်စကားများအား အမေသဘော ပေါက်သွားဟန်တူသည့်အတွက် နောက်ရက် များတွင် အမေနှင့်ကျွန်တော် အချင်းများစရာ မလိုတော့မှန်း ကျွန်တော်သိလိုက်ပြီဖြစ် သည်။ ။
ရိုးရာ(မကန)
No comments:
Post a Comment