Latest News

Thursday, June 7, 2018

ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင်ထားသူများ သက်ဆိုင်ရာသို့ အပ်နှံခြင်းမပြုဘဲ ဆက်လက်အသုံးပြုနေပါက ဥပဒေအရ အရေးယူသွားမည်

ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင်ထားသူများ သက်ဆိုင်ရာသို့
အပ်နှံခြင်းမပြုဘဲ ဆက်လက်အသုံးပြုနေပါက ဥပဒေအရ အရေးယူသွားမည်


ရန်ကုန်   ဇွန်   ၆

ယာဉ်မောင်းလိုင်စင်   အတုများ ပေါ်ပေါက်နေမှုနှင့်   ပတ်သက်၍ ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင် ထားသူများအနေဖြင့် သက်ဆိုင်ရာသို့ လာရောက်အပ်နှံကြရန်နှင့် အပ်နှံ ခြင်းမပြုဘဲ ဆက်လက်အသုံးပြုနေမှု များကို စစ်ဆေးတွေ့ရှိပါက  ဥပဒေ အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန    ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။

ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန် က ''အခုဆိုရင် ယာဉ်မောင်းလိုင်စင် အတုပြုလုပ်တဲ့သူတွေကို ဖော်ထုတ် ပြီး ဥပဒေအရ အရေးယူဆောင်ရွက် မှုတွေလုပ်ထားပါတယ်၊ ယာဉ်မောင်း လိုင်စင်အတုတွေလည်း ပျံ့နှံ့နေပါပြီ၊ အဲဒါတွေနဲ့ ပတ်သက်ပြီး လုပ်လိုင်စင် အတုကိုင်ဆောင်ထားတဲ့   လူတွေ အနေနဲ့ သက်ဆိုင်ရာ ကညနရုံးတွေ မှာ လိုင်စင်ကိုပြန်အပ်ဖို့လိုပါတယ်၊ လာရောက်အပ်နှံမှုမရှိဘဲ   လမ်းမှာ စစ်ဆေးတဲ့အခါမှာ တွေ့ရှိခဲ့ရင်တော့ ဥပဒေအရ အရေးယူသွားမှာ ဖြစ်ပါ တယ်၊ မိမိအသိနဲ့ လာရောက်အပ်နှံတဲ့ သူတွေကိုတော့   အရေးမယူပါဘူး၊ တရားဝင်လိုင်စင်  ရရှိဖို့အတွက်ကို လည်း ကျွန်တော်တို့ဘက်က အကူ အညီတွေပေးသွားမှာ  ဖြစ်ပါတယ်'' ဟု ပြောသည်။

ယနေ့ မွန်းလွဲပိုင်းက ပို့ဆောင်ရေး နှင့်    ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး   ညွှန်ကြားမှု ဦးစီးဌာန     ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌  ကျင်းပသည့်  ယာဉ် မှတ်ပုံတင်   သက်သေခံလက်မှတ်/ ယာဉ်မောင်းလိုင်စင်အတု   ပြုလုပ် ဖြန့်ဝေမှု၊ ဖမ်းဆီးရမိမှုအခြေအနေ တို့နှင့်ပတ်သက်၍   ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်   ၎င်းက အထက်ပါအတိုင်း  ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ယာဉ်မောင်းလိုင်စင်အတု  ကိုင် ထားတဲ့သူတွေအနေနဲ့ ကျွန်တော်တို့ ရုံးမှာ      လာရောက်စစ်ဆေးပါ၊ ကျွန်တော်တို့အနေနဲ့   အတု၊ အစစ် ခွဲခြားပေးပါမယ်၊ ယာဉ်မောင်းလိုင်စင် တစ်ခုထုတ်မယ်ဆိုရင်    ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းတွေကို သိဖို့လိုပါမယ်၊  ကိုယ်တိုင်မောင်းတတ် ဖို့လည်း လိုအပ်ပါတယ်၊ အဲဒါတွေ ကျွမ်းကျင်နေရင်တော့  သင်မောင်း လုပ်ပြီး သုံးလစောင့်ပြီးဖြေမယ်ဆိုရင် လွယ်လွယ်ကူကူရမှာ  ဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့လည်း    မှန်မှန် ကန်ကန်နဲ့       မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်'' ဟု   ဦးလျန်ကျင့်မန်က   ပြောကြား သည်။

ယာဉ်မောင်းလိုင်စင်    အတုများ ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ စစ်ဆေးမှု များ     ပြုလုပ်သွားမည့်အပေါ် ဦးလျန်ကျင့်မန်က   ''စစ်ဆေးရေး ပိုင်းမှာ   ပြန်ပြီးတင်းကျပ်သွားဖို့ရှိပါ တယ်၊ အတုနဲ့အစစ်ခွဲတဲ့ အချက်တွေ အများကြီးရှိတယ်၊   အစစ်နဲ့တော့ မတူဘူး။  အခုအတုက   မီးထိုးခံတဲ့ အဆင့်တော့ရှိတယ်၊ အဓိကကျွန်တော် တို့ Chip ပြားတွေ ထည့်ထားတယ်၊ ဒါပေမယ့် သူတို့ထဲမှာChip ပါတယ်၊ သူတို့ Chipထဲမှာ  ဘာမှမထည့်နိုင် သေးဘူး၊ Chip  ထဲမှာ Data ကို သူတို့မထည့်နိုင်သေးပါဘူး၊  ဒီထဲမှာ ထည့်တာကိုလည်း   ကျွန်တော်တို့ ပြောင်းပါမယ်၊   Chip    အထဲမှာ ထည့်ထားတဲ့       ဟာတွေကိုလည်း ပြောင်းမယ်၊    ယာဉ်ထိန်းတပ်ဖွဲ့ကို ရှင်းပြထားပါတယ်'' ဟု ပြောသည်။

ပြီးခဲ့သည့်လပိုင်းက  လူမှုကွန်ရက် စာမျက်နှာ     ဖေ့စ်ဘွတ်၌    ဝေယံ အကောင့်တွင် ယာဉ်မောင်းလိုင်စင် လွယ်လွယ်     လုပ်ပေးနိုင်သည့် အကြောင်းနှင့်      ပတ်သက်ပြီး  အင်္ဂလိပ်နှင့်တရုတ်  နှစ်ဘာသာဖြင့် ကြေညာထားကြောင်း၊ ထိုသို့ကြေညာ ထားမှုအပေါ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ များက  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ မေ ၂၅ ရက်မှစတင်၍  ပူးပေါင်း ဆောင်ရွက်မှုများ    ပြုလုပ်ခဲ့ရာ ကျူးလွန်သူများကို  ဇွန်  ၁  ရက်မှ စတင်ကာ သက်သေခံပစ္စည်းများနှင့် တကွ ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင် ခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍  ကွင်းဆက် ဖော်ထုတ်ချက်များအရ     ဝေယံ အကောင့်ပိုင်ရှင်အား သထုံမြို့နယ် တွင်လည်းကောင်း၊    ကျန်ရှိသည့် ပါဝင်ပတ်သက်သူ    ငါးဦးအား သင်္ဃန်းကျွန်း၊ လှိုင်သာယာတို့တွင် လည်းကောင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲမှ  သိရ သည်။

ယင်းဖြစ်စဉ်နှင့်   ပတ်သက်၍ ယာဉ်မောင်းလိုင်စင်အတုပြုလုပ်ရန် စမတ်ကတ်လိုင်စင်အသစ်   ပြုလုပ် သော   စက်သုံးလုံး၊   ယာဉ်မောင်း လိုင်စင်ပြုလုပ်ရာတွင် အသုံးပြုသည့် လက်တော့ပ်ခြောက်လုံး၊ ကွန်ပျူတာ နှင့်  ဆက်စပ်ပစ္စည်းများ၊  ကာလာ ပရင်တာ သုံးလုံး၊ ယာဉ်မောင်းလိုင်စင် အတုပြုလုပ်မည့်  စမတ်ကတ်  အခု ၂၁ဝဝ၊ ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်ပြီး စမတ်ကတ် အခု  ၅ဝဝ၊ ယာဉ်မောင်းလိုင်စင်   စမတ်ကတ် အတုအပျက် အခု ၁၅ဝ ကျော်၊ ယာဉ် မှတ်ပုံတင်သက်သေခံလက်မှတ် အတု ၁ဝ ခု၊ ဖောင်းကြွယာဉ်နံပါတ်ပြားများ၊ ယာဉ်၏     မှန်ပေါ်တွင်ကပ်သည့် စတစ်ကာ အတုများနှင့် လိုင်စင်မဲ့ ယာဉ်နှစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ သည်။

အလားတူ သတင်းအရ  ဇွန် ၅ ရက်တွင် ကျောက်တံတား၊  တောင် ဥက္ကလာ၊ သင်္ဃန်းကျွန်းမြို့နယ်တို့မှ ယာဉ်မောင်းလိုင်စင်အတု  ပြုလုပ်သူ လေးဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ယင်းအမှု နှင့်ပတ်သက်၍ အမျိုးသမီးတစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရ သည်။

ယင်းကဲ့သို့   ယာဉ်မောင်းလိုင်စင် အတုပြုလုပ်သူများကို   ယခင်က လည်း ဖော်ထုတ်ဖမ်းဆီးအရေးယူမှု များ   ပြုလုပ်ခဲ့ဖူးသော်လည်း  ယခု ဖော်ထုတ်ဖမ်းဆီးအရေးယူမှုသည် အကြီးမားဆုံးဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဖြစ်စဉ်များတွင် မိမိတို့ဌာနမှ ဝန်ထမ်း များ   ပါဝင်ပတ်သက်မှုမရှိကြောင်း၊ ယခုဖမ်းဆီးရမိသည့်   သက်သေခံ ပစ္စည်းများနှင့်    ပြေစာများအရ ယာဉ်မောင်းလိုင်စင် အတုများကို နိုင်ငံတစ်ဝန်းဖြန့်ထားသည့်   အခြေ အနေကို သိရှိရကြောင်း၊ လိုင်စင်အတု များအား ပြန်လည်သိမ်းဆည်းနိုင်ရန် မှာ ပြည်သူတို့၏ ပူးပေါင်းပါဝင်မှု လည်း    အရေးကြီးကြောင်းတို့ကို ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က မီဒီယာများအား  ရှင်းလင်းပြောကြား သည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန      ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင်     ဧပြီလကုန်အထိ ယာဉ်မောင်းလိုင်စင် စာရင်းများအရ (က) ၊(ခ)၊ (ဂ)၊ (ဃ)၊ (င)၊ (ဌ)လိုင်စင် အားလုံးအပါအဝင်     စုစုပေါင်း ယာဉ်မောင်းလိုင်စင် ၇၇ဝဝဝဝ ကျော် ရှိပြီး ဧပြီလကုန်အထိ  မှတ်ပုံတင် ထားသော မော်တော်ယာဉ်အစီးရေ ငါးသိန်းကျော်နှင့် မော်တော်ဆိုင်ကယ် အစီးရေ သုံးသိန်းကျော် ရှိကြောင်း သိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment