စွန့်ပစ်အမှိုက်ဖြင့် မီးသွေးတောင့်ထုတ်လုပ်မည့်စက်ရုံ မကွေးမြို့၌ တည်ဆောက်ရန် ဆွေးနွေး
မကွေး ဇွန် ၆
မကွေးမြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ခုနစ် ဧကအကျယ် အမှိုက်စွန့်ပစ်ကျင်းနေရာတွင် စွန့်ပစ် အမှိုက်များအား မီးသွေးတောင့်အဖြစ် ပြောင်းလဲ ထုတ်လုပ်မည့် အမေရိကန်ဒေါ်လာ ငါးသန်းတန်ဖိုးရှိ အမှိုက်မီးရှို့စက်ရုံတစ်ခု တည်ဆောက်ရန်ရည်ရွယ် ထားပြီး စက်ရုံတည်ထောင်မည့် ကုမ္ပဏီအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဆွေးနွေးမှုများ လုပ်ဆောင် နေကြောင်း မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။
မကွေးမြို့မှ နေ့စဉ်ထွက်ရှိသော အမှိုက်တန်ချိန် ၆ဝ နှင့် တိုးမြှင့်သိမ်းဆည်းသွားမည့် အမှိုက်တန်ချိန် ၄ဝ စုစုပေါင်း အမှိုက်တန်ချိန် ၁ဝဝ ကို စက်ရုံသို့ နေ့စဉ် ပေးသွင်းရမည်ဖြစ်ပြီး တစ်တန်လျှင် ဒေါ်လာ ၂ဝဝ တန်ဖိုး ရှိ မီးသွေးတောင့် ၃၅ တန် နေ့စဉ်ထုတ်လုပ်မည်ဖြစ်ကာ မကွေးဒေသဖွံ့ဖြိုးရေးအတွက် အကျိုးခံစားခွင့် ငါးရာခိုင်နှုန်းရရှိမည့် ဆွေးနွေးမှုလုပ်ငန်းစဉ်တစ်ခုဖြစ် ကြောင်း သိရသည်။
''ရွှေပြည်တံခွန်ကုမ္ပဏီနဲ့ အခြားနိုင်ငံခြားကုမ္ပဏီ တစ်ခုတို့ ပူးပေါင်းလုပ်ဆောင်မယ့် ဒီလုပ်ငန်းဖြစ်မြောက်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ သူတို့ ဆွေးနွေးနေ တာတွေရှိပါတယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီး တွေမှာ အရင်လုပ်မယ်လို့သိရပါတယ်၊ အဲဒီကနေ နားလည်မှု စာချွန်လွှာ MoU ထိုးမယ့်အပိုင်းတွေကို နမူနာယူ လေ့လာပြီး တာဝန်ယူမှုနဲ့ ကတိကဝတ်အပိုင်းတွေ သေချာအောင် တစ်ဆင့်ပြန်ရောင်းတာမျိုးတွေ၊ အခြား မလိုလားအပ်တဲ့ ဖြစ်စဉ်မျိုးတွေ ရှောင်ကြဉ်နိုင်အောင် စိစစ်လေ့လာရမယ့်အပိုင်းတွေတော့ရှိပါတယ်၊ ကိုယ့်ဒေသ အတွက် အမှိုက်လည်းရှင်း၊ ဝင်ငွေလည်းရမယ့် လုပ်ငန်း ဆိုတော့ ဖြစ်စေချင်ပါတယ်၊ လုပ်ငန်းဖြစ်မြောက်လို့ ၂၅ နှစ်ပြည့်ရင် စက်ရုံကို ဒေသပိုင်အဖြစ် လွှဲပြောင်းရယူခွင့်ရမှာပါ''ဟု မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးထင်အောင်က ဆိုသည်။
နားလည်မှုစာချွန်လွှာလက်မှတ်ထိုးပြီးနောက် အမှိုက်ကန်ဆောက်မည့်နေရာ၊ လမ်းကြောင်းများနှင့်အမှိုက် အမျိုးအစားလေ့လာရန် အချိန်သုံးလကြာမည်ဖြစ်ကြောင်း၊ လေ့လာကျေနပ်၍ MoUထိုးပြီးနောက် စက်ရုံဆောက်ချိန် ခြောက်လကြာမည်ဖြစ်ပြီး သဘောတူညီချက်ကာလမှ နောက်တစ်နှစ်အတွင်း လုပ်ငန်းအကောင်အထည်ပေါ်လာမည် ဖြစ်ကြောင်း၊ ရနိုင်သမျှ တောင်းဆိုမှုများကိုလည်း ညှိနှိုင်းရယူသွားမည်ဖြစ်ကြောင်း ဦးထင်အောင်ထံမှ သိရသည်။
''ပြင်သစ်နိုင်ငံကပညာရှင်၊ ထိုင်းနိုင်ငံကနည်းပညာနဲ့ လုပ်မှာပါ၊ မကွေးမြို့ပြီးရင် အခြားမြို့တွေမှာ ဆက်လက် လုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်၊ စက်ရုံကထွက်တဲ့ မီးခိုးတွေမှာ အန္တရာယ်ဖြစ်စေတဲ့ ကတ္တရာတို့၊ နီကိုတင်းဓာတ်တွေကိုFilter တွေနဲ့ စစ်ထုတ်ပေးမယ်လို့ သိရပါတယ်၊ ထွက်ရှိလာတဲ့မီးသွေးတောင့်တွေကို မြန်မာနိုင်ငံထဲက ဘိလပ်မြေ စက်ရုံတွေကို ရောင်းချမယ်လို့ ပြောပါတယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ကုမ္ပဏီနဲ့ နှစ်ကြိမ်တွေ့ပြီးပါပြီ'' ဟု ညွှန်ကြားရေးမှူး ဦးထင်အောင်က ပြောသည်။
အမှိုက်ကျင်းပြဿနာများဖြစ်သည့် မီးရှို့ခြင်း၊ အနံ့အသက်မကောင်းခြင်း၊ ကူးစက်ရောဂါပေါက်ပွားခြင်းနှင့် အမှိုက်စားဗက်တီးရီးယားများ၏စားသောက်နေထိုင်မှုအရ ဂက်စ်ထွက်ပေါ်ပြီး မီသိန်းဓာတ်ငွေ့ကြောင့် မီးလောင်မှု များဖြစ်ပေါ်နိုင်ခြင်းတို့ကို ကာကွယ်ရာရောက်ကာ ဒေသအကျိုးပြုနိုင်မည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။
ဇေယျတု(မကွေး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment